Monday, August 6, 2018

ဒေသဦးစီးဥက္ကဋ္ဌက ပင်လောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (၃)ရက်တာ ကွင်းဆင်းကြည့်ရှု

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်









Photo - Khunway htone
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်အတွင်းရှိ  ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ဆောင်ရွက်ရန်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို သိရှိနိုင်ရန် ရည်ရွယ်ပြီး  ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့မှ ဒီကနေ့(၆)ရက်နေ့အထိ (၃)ရက်တာ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

ဒီကနေ့တွင် ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပင်လောင်းမြို့နယ်၊ မဲဆန္ဒနယ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့်ပင်လောင်းမြို့နယ်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ယနေ့ နံနက်( ၈း၀၀) နာရီအချိန် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ နောင်တရားမြို့ရှိ တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး လူနာများနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ ဆေးရုံမှလိုအပ်သည့် အဆောက်အဦးနှင့် ဝန်ထမ်းအိမ်ယာများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ပါကြောင်း သိရှိရပါသည်။

ထို့နောက် ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့သည် နောင်တရားဒေသတွင် အာလူးအအေးခံစက်(Cool Storage) တည်ဆောက်ရန်အတွက် နောင်တရားဒေသ အာလူးအသင်းနှင့် (၁၀း၃၀)အချိန်တွင် သွားရောက်တွေ့ဆုံကာ ဒေသဦးစီးဥက္ကဋ္ဌနှင့်အတူ လိုက်ပါလာသော မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ တွေ့ဆုံပွဲ ပြုလုပ်ရသည့် အကြောင်းအရင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် ဒေသတွင်း သိုလှောင်ရုံဖြစ်သော အခြောက်ခံစက်၊ အအေးခံစက်၊ အမှောင်ခန်းစက်များ ထားရှိနိုင်ရေး လုပ်ငန်းများ၊ အစုအဖွဲ့ဖြင့် ဘဏ်ချေးငွေချေးယူခြင်းလုပ်ငန်းများ၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နုံမှုများ၊ လိုအပ်သော နည်းပညာများနှင့် မျိုးစေ့ထုတ်လုပ်ငန်းများကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဒေသဦးစီးဥက္ကဋ္ဌဖြားခွန်စံလွင်နှင့် အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ သြဂုတ်လ(၄)ရက်နေ့တွင် ပင်လောင်းမြို့နယ်သို့ ရောက်ခဲ့ပြီး အဆိုပါနေ့တွင် ပင်လောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးများရရှိအောင် သင်ကြားပေးသော ဆရာ၊ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း၊ ထို့နောက် ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စု၊ စင်းဆင်းကျေးရွာ လမ်းပန်းဆက်သွယ်ရေးအခြေအနေနှင့် စင်းဆင်းရေ တံခွန်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

သြဂုတ်လ(၅) ရက်နေ့တွင်လည်း ပင်လောင်းမြိုနယ်၊ နောင်တရားမြို့နယ်(ခွဲ)၊ ပေါအင်ကျေးရွာအုပ်စု၊ ထီရွေ၊ ထီရဲုင်၊ ဆောင်နဲင်ရွာ၊ တခေါက်ရွာ၊ ကျောက်တင်ရွာ၊ ပတ်ကော်ကြီးရွာတွင် ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ်မှ pilot projectဖြင့် လမ်းဖောက်ပြီးစီးမှုအခြေနေနှင့် သဘာဝဘေး အန္တရာယ်ကြောင့်ယိုယွင်းပျက်စီး ခဲ့သော လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံကာ ဒေသအခက်အခဲများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း၊ သြဂုတ်လ(၃)ရက်နေ့တွင်လည်း ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

နဂါ့ခွန်
Powered by Blogger.