Friday, August 24, 2018

ဟိုပုံးမြို့နယ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်






ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင် နှစ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲကို  သြဂုတ်လ(၂၃)ရက်၊ နံနက်(၁၀)နာရီ၊ ဟိုပုံးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မေခဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင်၊ လူမှုရေးတာဝန်ခံ ဦးခွန်မောင်ပယ်က ကျောင်းပြင်ပမူလတန်းပညာရေးနှင့်ပတ်သက်ပြီး ၂၀၁၅-ခုနှစ် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမှာ ကျောင်းပြင်ပပညာရေး၏ အခမ်းကဏ္ဍကို ဖော်ညွှန်းထားပါကြောင်း၊ ယခုအခါ ပညာသင်ယူသူများအတွက် ကျယ်ကျယ်ပျံ့ပျံ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆-ခုနှစ်တွင် အသစ်ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကို NFME (Non-Formal Middle Education)ကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆောင်ရွက်နိုင်အောင်လည်း မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များမှ ပံ့ပိုးကူညီပေးဖို့ တိုက်တွန်း ပြောကြားလိုကြောင်းနှင့် မိသားစုအခြေအနေအရ ပညာသင်ယူဖို့ အခက်အခဲကြုံတွေ့နေရသော၊ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရသော ကလေးများဟာ ပညာသင်ယူမှု အခွင့်အလမ်းများ ရေရာသေချာလာတော့မှာ ဖြစ်တဲ့အတွက် ခရောင်းတောခရီးကြမ်းမှ ခက်ခဲစွာ ပွင့်လန်းလာရတဲ့ ပန်းကလေးများအဖြစ် ပွင့်သောပန်းတိုင်း မွှေးရနံ့ကြိုင်လန်း ပွင့်ဝေဆာနိုင်တော့မှာ ဖြစ်ပါကြောင်း အမှာစကား ပြောကြားသွားသည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်နှင့် မြို့နယ်ပညာ ရေးမှူး ဦးချစ်ဇော်တို့က အမှာစကားနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ တာဝန်ပေးခန့်အပ်လွှာနှင့် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ် ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ကျောင်းပြင်ပမူလတန်းသင် ဆရာ/မ များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် စေတနာအလှူရှင်များတို့မှ အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းကြပြီး ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ခွန်ထွန်းရွှေက ကျေးဇူးတင်စကားပြောကြားပြီးနောက် ဆရာမများမှ “ကလေးများအတွက်ဒီနေ့” သီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေးကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ဖွင့်လှစ်၍ ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ(၇)နှစ်ရှိပြီ ဖြစ်ပြီး၊ စေတနာ၊ ၀ါသနာ၊ အနစ်နာ ခံနိုင်သည့် ဆရာ/ဆရာမများ ကိုသာ ခန့်အပ်ရွေးချယ်ကာ ဘန်းကွန်အခြေစိုက်စခန်းတွင် ဆရာမ(၄)ဦးနှင့် ဟိုခိုအခြေစိုက်စခန်းတွင် ဆရာမ(၂)ဦး စုစုပေါင်း (၆)ဦးတို့မှ ဘန်းကွန်အခြေစိုက်စခန်းတွင် သင်တန်းသား(၅၀)ဦးနှင့် ဟိုခိုအခြေစိုက် စခန်းတွင် သင်တန်းသား(၁၄)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

“ကျောင်းပြင်ပ ပညာရေးလုပ်ငန်းသည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရသည့် ကလေးများ၏ ဒုတိယအကြိမ်ပညာသင်ယူခွင့် ရရှိအောင်ဆောင်ရွက်ပေးသော ဒုတိယအခွင့်လမ်း ပညာရေးဖြစ်တဲ့အတွက် အခွင့်အလမ်းပွင့် ပညာရေးဖြစ်ပြီး၊ ပညာရေးနှင့်အလှမ်းကွာဝေးသော ကလေးများကို ပညာရေးလက်လှမ်းမှီအောင် ပညာရေးလမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်ပေးနိုင်ရာ ကျောင်းတွင်းပညာရေးမှ လွင့်စင်ကျန်ခဲ့သည့် ကလေး များကို ရနိုင်သလောက် ပညာသင်ပေးတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် အလွန်မင်္ဂလာ ရှိကြောင်း” ဘန်းကွန်အခြေစိုက် စခန်းမှ ဆရာမတစ်ဦးက ရင်ဖွင့်ပြောကြားသွားပါသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.