Wednesday, August 29, 2018

ခေါင်းဆောင်တို့မည်သည်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်


လူမျိုးတစ်မျိုး၊(သို့မဟုတ်)အဖွဲ့အစည်းတိုင်း၏ တိုးတက်ခြင်း၊ မတိုးတက်ခြင်းသည် အဓိအားဖြင့် ၎င်းလူမျိုး(သို့မဟုတ်) အဖွဲ့အစည်းကိုဦးစီးဦးဆောင်ဆောင်ရွက်နေသောခေါင်းဆောင်ပင်ဖြစ်ပေသည်။ ခေါင်းဆောင်ရှိခြင်းကြောင့် နောက်လိုက်ဟူသောသူတို့လည်းရှိမည်မှာအမှန်ပင်ဖြစ်ပေသည်။ ခေါင်းဆောင်ကောင်း နှင့် နောက်လိုက်ကောင်းရှိသောလူမျိုးတိုင်း(သို့မဟုတ်) အဖွဲ့အစည်းတိုင်းသည် တိုးတက်အောင်မြင်မည်မှာမလွှဲဧကန် မှန်ပေသည်။

အဖွဲ့အစည်းတိုင်းတွင် ဦးစီးဦးဆောင်ဆောင်ရွက်နိုင်သောခေါင်းဆောင်များရှိသကဲ့သို့ ဦးစီးဦးဆောင် ဆောင်ရွက်နိုင်ခြင်းမရှိသော ခေါင်းဆောင်များလည်းရှိတတ်သည်။ အဖွဲ့အစည်းတွင်းရာထူးနေရာတစ်ခုရရှိထားရုံဖြင့် မိမိလက်အောက်ငယ်သားများရှိသော်လည်းခေါင်းဆောင်ကောင်းဟူ၍ အားလုံးသတ်မှတ်နိုင်မည်မဟုတ်ပေ။ အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်ကိုအကောင်အထည် ဖော်နိုင်ပြီးအစဉ်မြဲတိုးတက်အောင်မြင်မှု ရရှိအောင်စွမ်းဆောင်ပေးနိုင်မှသာခေါင်းဆောင်ကောင်းဟုသတ်မှတ်နိုင်ပေသည်။

ခေါင်းဆောင်းကောင်းဟူသည် အာဏာသာရှိပြီး သြဇာမရှိပါက ပြီးပြည့်စုံမည်မဟုတ်ပေ။ အဖွဲ့အစည်း၏ ရာထူးရာခံတစ်နေရာတွင် တာဝန်ထမ်းဆောင်နေသော ခေါင်းဆောင်ပင်ဖြစ်ပေသည်။ ခေါင်းဆောင်ကောင်းမည်သည် ရားထူးရာခံအတွက် ကျိုးစားလုပ်ကိုင်နေမည်မဟုတ်ပေ။ ဦးစွာပထမခေါင်းဆောင်ကောင်းတို့ရှိရမည့် အရည်အချင်း၊ စိတ်ရင်းစေတနာကောင်းများနှင့် ဦးစီးဦးဆောင် တာဝန်ယူဆောင်ရွက်တတ်သော စိတ်ဓါတ်များကို ဖြည့်ဆည်းမည်ပင်ဖြစ်ပေသည်။ သို့မှသာ သြဇာအာဏာ ပြီးပြည့်စုံသောခေါင်းဆောင်ကောင်းမည်ပေသည်။

ခေါင်းဆောင်တို့သည် တာဝန်ယူဆောင်ရွက်တတ်သောခေါင်းဆောင်နှင့် အခွင့်အရေးယူဖို့အတွက်သာခေါင်းဆောင်လုပ်နေသူများလည်းရှိပေသည်။ အချိန်ကိုလေးစားပြီး၊ လုပ်ငန်းတာဝန်တိုင်း၊ အခက်အခဲတိုင်း တာဝန်ယူဆောင်ရွက်တတ်သော ခေါင်းဆောင်တို့သည် ခေါင်းဆောင်ကောင်းပင်ဖြစ်ပေသည်။ လုပ်ငန်းတာဝန်များကို ကောင်းစွာလုပ်ကိုင်ခြင်းမရှိ၊ အခက်အခဲတိုင်းကိုလည်းရှောင်လွှဲတတ်သောခေါင်းဆောင်တို့သည် ခေါင်းဆောင်ကောင်းမဟုတ်ပေ။ ခေါင်းရှောင်သာဖြစ်ပေသည်။

ခေါင်းဆောင်ကောင်းတို့သည် အဖွဲ့အစည်း၏ကောင်းရာကောင်းကျိုးဖြစ်စေရန် မည်သို့မည်ပုံဦးဆောင်ရမည်နည်း၊ မိမိတို့အဖွဲ့အစည်းအတွက် မည်သည့်နေရာမှ အားဖြည့်ဆောင်ရွက်ပေးရမည်နည်း၊ ဦးစီးဦးဆောင်လုပ်ဆောင်ရမည်လော၊ ပံ့ပိုးကူညီရမည်လောဟူ၍ အစဉ်အမြဲတွေးတော ကြံဆမည်မှာအမှန်ပင်ဖြစ်ပေသည်။ အဖွဲ့အစည်းအောင်မြင်မည်ဆိုပါကလည်းမိမိကြောင့်သာအောင်မြင်ခြင်းသရဖူဆွတ်ခူးရသည် ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေမည်မဟုတ်ပေ။ ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ခြင်း၏ ရလဒ်သာဖြစ်ကြောင်းလက်အောက်ငယ်သားများကိုအားပေးအားမြောက်ပြုမည်ပင် ဖြစ်ပေသည်။

ခေါင်းရှောင်မည်သည် အဖွဲ့အစည်း၏ကောင်းရာကောင်းကျိုးဖြစ်စေရန် အားကြိုးမာန်တက် လုပ်ဆောင်ခြင်းမရှိ၊ အဖွဲ့အစည်းအခက်အခဲတွေ့ချိန်တွင် ခေါင်းဆောင်တစ်ဦးအနေဖြင့် မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးမည်ကိုစဉ်းစားတွေးတောခြင်းမရှိဘဲအဖွဲ့အစည်းအောင်မြင်ချိန်တွင်သာဂုဏ်ယူ ၀င့်ကြွားစွာသူ့ကြောင့်၊ သူ့ဦးဆောင်မှုဖြင့် အောင်မြင်ခြင်းသာ ဖြစ်သည်ဟူ၍ ပြောဆိုတတ်ပေသည်။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်းမဆို တာဝန်ယူ၊ တာဝန်ခံမှုမရှိ အဖွဲ့အစည်းကိုမကြည့်ဘဲမိမိကိုယ်ကျိုးအတွက်သာအဖွဲ့အစည်း၏ရာထူးရာခံနေရာတစ်နေရာကိုရယူလိုတတ်သောလူမျိုးကိုခေါင်းဆောင်နေရာအဖြစ်မခန့်အပ်သင့်ပေ။

ထို့ကြောင့် ခေါင်းရှောင်ဟူသောခေါင်းဆောင်များမဖြစ်စေရန် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လိုသည့်လူငယ်များ၊ ခေါင်းဆောင်ကောင်းဖြစ်ရန် ရည်မှန်းချက်၊ ရည်ရွယ်ချက်ထားနေသောအနာဂတ်လူငယ်လူရွယ်တို့အတွက် ဆင်ခြေတွေးတောနိုင်ရန် ရှိရမည့်အရည်အချင်းများကို နှိုင်းယှဉ်ပြပြီးရေးသားဖော်ပြပေးလိုက်ရပါသည်။

ခွန်အောင်;နွောင်
Powered by Blogger.