Friday, September 14, 2018

အောင်မြင်ခြင်းအတွက် အဓိကလိုအပ်ချက်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်


အောင်မြင်ခြင်းအတွက် အဓိကလိုအပ်ချက်ကိုဖော်ပြပါဟုမေးလာလျှင် အမျိုးမျိုးသောလူတို့ကအထွေထွေသောအဖြေကိုပေးပါလိမ့်မည်။ အချို့သောသူအဖြေပေးသည်မှာပညာသို့မဟုတ် ဉာဏ်ကောင်းခြင်းသည် အောင်မြင်ခြင်းအတွက် အဓိကလိုအပ်ချက်ဟု ပြောမည်။ အချို့က ဥစ္စာဓနအရင်းအနှီးသာလျှင် အောင်မြင်ခြင်းအတွက်အဓိကလိုအပ်ချက်ဟု အခိုင်အမာဆိုမည်။ အချို့က သြဇာအာဏာသည်သာလျှင် အရာရာကို အောင်မြင်ပြီးမြောက်စေလိမ့်မည်ဟု ဆိုပြန်ပါသည်။ ဤထက်ပိုသော အဖြေအမျိုးမျိုးရှိပေလိမ့်ဦးမည်။ အောင်မြင်ခြင်းအတွက် အဓိကလိုအပ်ချက်များအကြောင်းကို ကမ္ဘာ့နိုင်ငံများ၏အခင်းအကျင်းကို လေ့လာခြင်းဖြင့် သုံးသပ်သွားကြပါမည်။

လောကကြီးကိုနေ့စဉ် အလင်းပေးနေသည့်အရာမှာ‘နေ’ ဖြစ်သကဲ့သို့ပင် လူသားတို့၏အတွေးအခေါ်ကိုအလင်းပေးနေသည်မှာပညာပင်ဖြစ်သည်။ ထို့ကြောင့် လူတို့ပြောကြသည့်အဆိုတစ်ခုမှာလောကကိုပညာကဦးဆောင်နေသည်ဟူ၍ ဖြစ်သည်။ အမှန်တကယ်ပင် လက်ရှိကမ္ဘာကိုဦးဆောင်ပြီးအောင်မြင်နေကြသည့် အမေရိကန်ပြည်ထောင်စုနှင့် အခြားကမ္ဘာ့ထိပ်သီးနိုင်ငံတို့၏ပညာအဆင့်အတန်းမြင့်မားနေမှုကို ကြည့်ခြင်းဖြင့်ရိပ်စားမိကြမည်ဖြစ်သည်။ နည်းပညာအသစ်အဆန်းတို့သည် ထိုကမ္ဘာ့ဦးထိပ်သီးနိုင်ငံတို့မှ စတင်ပေါ်ထွက်လေ့ရှိပြီးထိုနည်းပညာဆန်းသစ်မှုတို့မှ ထုတ်ကုန်အသစ်များပေါ်ထွက်လာရသည်။ ထိုထုတ်ကုန်အသစ်တို့ကိုအခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူကြရသဖြင့် ထိုကမ္ဘာ့ဦးဆောင်နိုင်ငံများစီးပွားတက်ရပြန်သည်။ ဤသို့ ကမ္ဘာ့ထိပ်သီးနိုင်ငံများသည် ကမ္ဘာကိုပညာနှင့်ဦးဆောင်နိုင်ခြင်းဖြင့် အောင်မြင်မှုရယူနေကြသည်။

တရုတ်နိုင်ငံသည်ကားဥစ္စာဓနကြွယ်ဝရေးသို့တည်းမဟုတ် စီးပွားရေးအခိုင်မာဆုံးတည်ဆောက်ခြင်းဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အောင်မြင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ကြိုးစားနေသည်ကိုအားလုံးသိမြင်ပြီးဖြစ်သည်။ မိမိရိပ်စားမိသည်မှာတရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဦးဆောင်သူအဖြစ် အောင်မြင်မှု ရရှိပြီးမည့်နောက်ပိုင်းတွင် အခြားကဏ္ဍများဖြစ်သော နိုင်ငံရေး၊ စစ်ရေး၊ ပညာရေးအစရှိသည်တို့ကိုလည်းကမ္ဘာ့ထိပ်တန်း ဖြစ်အောင်စီးပွားရေးအင်အားနှင့် တည်ဆောက်ခြင်းဖြင့် အောင်မြင်မှုကိုခူးဆွတ်ရန်ဖြစ်ပါလိမ့်မည်။စီးပွားရေးသာတောင့်တင်းလျှင် ပညာရေးကိုလည်းတိုးတက်အောင် လုပ်၍ရမည်၊ စစ်ရေးခိုင်မာအောင်လည်းတည်ဆောက်နိုင်မည်၊ ဥစ္စာဓနရှိလျှင် မည်သည့်အရာမဆိုလုပ်နိုင်သည်၊ ဖြစ်နိုင်သည်ဟူ၍ ဥစ္စာဓနကိုဗဟိုပြုစဉ်းစားခြင်းဖြစ်သည်။

ထို့အပြင် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် သြဇာအာဏာတစ်စုံတစ်ခုရယူပြီးအောင်မြင်မှုဆီကိုတက်လှမ်းလိုသည့်နိုင်ငံတို့လည်းရှိသည်။ သြဇာအာဏာရယူရာတွင် မည်သည့်နည်းလမ်းနှင့်မဆိုရသည့်နည်းလမ်းနှင့် ရယူနေကြခြင်းဖြစ်သည်။ မြောက်ကိုးရီးယားနိုင်ငံသည် နိုင်ငံအကျယ်အဝန်းအားဖြင့်သော်လည်းကောင်း၊ လူဦးရေအားဖြင့်သော်လည်းကောင်း၊ စီးပွားရေးအင်အားဖြင့်သော်လည်းကောင်း ကြီးမားသောကမ္ဘာ့ဇာတ်ခုံအပေါ် သြဇာအာဏာသက်ရောက်စေနိုင်ချေမရှိနိုင်ပါပေ။သို့ဖြစ်၍မြောက်ကိုးရီးယားနိုင်ငံသည် နျူးကလီးယားစစ်လက်နက်အားရှိလျှင် မိမိနိုင်ငံကိုလက်တွေ့ကျကျ ကာကွယ်နိုင်မည်၊ နိုင်ငံတကာ၏ လေးစားသမှု၊ အလေးပေးမှုနှင့် သြဇာအာဏာတစ်စုံတစ်ခုကိုရရှိမည်ဖြစ်ပြီး နိုင်ငံကိုအရှိန်ပြင်းစွာတည်ဆောက်နိုင်လိမ့်မည်ဟုယူဆသဖြင့် နျူးကလီးယားစစ်လက်နက်အားကိုကမ္ဘာ့ကုလသမဂ္ဂတို့တားဆီးနေသည့်တိုင်အောင် မရမကတည်ဆောက်နေရခြင်းဖြစ်သည်။"Political power grows out of the barrel of a gun" _ “နိုင်ငံရေးအာဏာဆိုတာသေနတ်တစ်လက်ရဲ့ပြောင်းဝကနေထွက်ပေါ်လာတာဖြစ်တယ်”ဟူသည့် စကားကမြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင်တို့၏စိတ်ထဲတွင် စွဲမြဲသွားသည်လည်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်ရကားအဘယ်ကြောင့် အောင်မြင်ရေးအတွက် သြဇာအာဏာကိုရှာဖွေရယူနေကြရသနည်းဟုမေးစရာရှိပါသည်။ အဖြေကား သြဇာအာဏာသည် အဆုံးအဖြတ်ဖြစ်သည်၊ အဓိပတိဖြစ်သည်၊ အမြင့်ဆုံးနေရာတွင် ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် ပညာရှင်၊ စီးပွားရေးသမားအစရှိသည့်ပြည်သူပြည်သားတို့ကိုအုပ်ချုပ်နေသူမှာ သြဇာအာဏာရှိသောအုပ်ချုပ်သူပင် ဖြစ်သည်ဟုယူဆကြသဖြင့် မည်သည့်ကဏ္ဍတွင်မဆိုအောင်မြင်လိုလျှင် မိမိ၏လုပ်ပိုင်ခွင့် သို့မဟုတ် သြဇာအာဏာကအဓိကလိုအပ်ချက်ဖြစ်သည်ဟုယူဆနေရခြင်းဖြစ်သည်။

ခြုံငုံလေ့လာရသော် အချို့လုပ်ငန်းတို့သည် နည်းပညာများ၊ ဥစ္စာအရင်းအနှီးများ ပြည့်စုံပါလျက်သြဇာအာဏာအပြည့်အဝမရရှိမှုကြောင့်ထင်သလောက် အောင်မြင်မှုခရီးမရောက်ရပါပေ။ အချို့မှာမူသြဇာအာဏာလည်းအပြည့်အဝ၊ ဥစ္စာအရင်းအနှီးလည်းအပြည့်အစုံရှိပါလျက်နဲ့ နည်းပညာမကြွယ်ဝမှုကြောင့် ရလဒ်မှာအမှားမှားအယွင်းယွင်း၊ အချွတ်ချွတ် အချော်ချော် ဖြစ်ရပြန်သည်။ အချို့ကားလုပ်ငန်းသြဇာအာဏာလည်းရနေပြီးလုပ်ရမည့်နည်းလမ်းတို့ကိုပါ သိနေပါသော်လည်းအရင်းအနှီးဥစ္စာမပြည့်စုံသဖြင့် တစ်ပိုင်းတစ်စပြီးဆုံးမှုနှင့်သာကျေနပ်ကြရသည်။ အချို့လုပ်ငန်းဆောင်တာတို့သည်ကားနည်းပညာ၊ ဥစ္စာဓန၊ သြဇာအာဏာ (၃)မျိုးလုံး ပြည့်စုံသဖြင့် အလိုရှိသောအောင်မြင်မှုကိုအပြည့်အဝရရှိကြလေသည်။ သို့ဖြစ်လေရာမိမိအမြင်အရအောင်မြင်မှု ရဖို့ရန်မှာအထက်ပါဆိုခဲ့သည့် ပညာ၊ ဥစ္စာဓန၊ သြဇာအာဏာ(၃)မျိုးလုံးပြည့်စုံရန် လိုအပ်မည်ဟုထင်မြင်မိပါသည်။

ခွန်မျတ်ရဲုင်း
Powered by Blogger.