Tuesday, September 18, 2018

ဒေသဦးစီးဥက္ကဋ္ဌနှင့် ဟိုပုံးမြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်







ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ၊ ဟိုပုံးမြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောက်တိုင်ကွင်းသန့်ရှင်းသာယာလှပရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက် (၇)နာခွဲက ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး၏ သာသနာ့ဗိမာန်၌် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် နမောတဿ(သုံးကြိမ်)ဘုရားကန်တော့ပြီး သံဃာတော်အရှင်သူမြတ်တို့ထံမှ သြ၀ါဒခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် က ရှင်းလင်း ဆွေးနွေးရာတွင် ” မိမိတို့မြို့ရွာဒေသသန့်ရှင်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရေး၊ လူမှုရေးများကို သက်ဆိုင်ရာဌာနများကို တင်ပြပြီးမှသာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီးကိုလည်း ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ လာရောက်ဖူးမျှော်နိုင်အောင်၊ ရွှေသင်္ကန်းကပ်လှူနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်ကတည်းက သာသနာ့ဗိမာန်တည်ဆောက်ရေးအတွက်လည်း မြို့နယ် သံဃာ့နာယကအဖွဲ့များနှင့်တိုင်ပင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်တိုင်ရွေ့မည့်ကိစ္စ၊ ပြည်သူ့ရင်ပြင် တည်ဆောက်မည့်ကိစ္စမှာလည်း မြို့နယ်သံဃာ့နာယကအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများနှင့်လည်း ၂၀၁၇-ခုနှစ်ကတည်းက အကြိမ်ကြိမ်အစည်းအဝေးပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ သဘောတူညီမှုများ ရယူပြီးဖြစ်သော်လည်း ယခုအချိန်မှာ ကန့်ကွက်လာတာရှိပါကြောင်း၊ ပြည်သူ့ရင်ပြင်တည်ဆောက်ခြင်းဖြင့်လည်း အများပြည်သူ အကျိုးအလို့ငှာ အားကစားကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းမှ သက်ကြီးရွယ်အိုများ အားကစားလုပ်နိုင်သည့်အပြင် ယနေ့လူငယ်လူရွယ်များ မူးယစ်သားကောင်ဘ၀မကျရောက်စေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ရင်ပြင်တော်အတွက်လည်း အလှူရှင်ရှာထားသော်လည်း မလောက်ပါက ရပ်ရွာလူထုများဝိုင်းဝန်းပြီး အလှူငွေထည့်ဝင် ပေးစေနိုင်ဖို့ မေတ္တာရပ်ခံကြောင်း၊ မြို့ပြစနစ်ကကျယ်ဝန်းလာပြီး လမ်းချဲ့မည့်ကဏ္ဍမှာလည်း သက်ဆိုင်ရာအိမ်များနှင့် လည်းညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ ယခုဆိုလျှင် ဟိုပုံးမြို့သည် ကားရပ်ရန် နေရာတွင် ဈေးဆိုင်များလာခြင်း ကြောင့် သွားလာရေးခက်ခဲလာကြောင်း၊ လမ်းကိုလည်း ဧရိယာသတ်မှတ်ပေးရန်၊ ဓာတ်တိုင်ကိစ္စ၊ တယ်လီဖုန်းကိစ္စ၊ ပလက်ဖောင်း၊ ရေမြောင်းကိစ္စများ စသည့်ကဏ္ဍများကိုလည်း သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း မြို့တည်ဆောက်ရေးကဏ္ဍမှာ ပတ်ဝန်းကျင်သာယာလှပရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ၊ တက်ရောက်လာကြသောပြည်သူလူထုများမှလည်း အကြံပြုပေးကြပါရန် မေတ္တာရပ်ခံကြောင်း ”ပြောကြားသွားသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ဟိုပုံးမြို့နယ်အတွင်းရှိ သံဃာတော် အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောက်တိုင်ကွင်းသန့်ရှင်းသာယာလှပရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.