Friday, September 21, 2018

စိုက်ပျိုးရေးလုပ်ကိုင်နေသည့်တောင်သူများ၏ စီးပွားရေးစိန်ခေါ်မှုများ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်


လူသားတို့သည် လူရယ်ဟုမွေးဖွားလာခဲ့ပြီဆိုလျှင် အသက်ရှင်သန်နိုင်ရေးအတွက် နေ့စဉ်နှင့်အမျှ လုပ်ကိုင်လှုပ်ရှားနေရသည်မှာ လွန်ဆန်၍မရသည့် သဘာဝတရားပင်ဖြစ်သည်။ ထိုကဲ့သို့ အသက်မွေးဝမ်းကျောင်းအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဒေသတစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့် တစ်ဦး မတူညီသည့် စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်နေကြပါသည်။ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး(၇)ခု ပြည်နယ်(၇)ခုဖြင့် တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ လုပ်ကိုင် သည့်စီးပွားရေးလုပ်ငန်းများစွာရှိပါသည်။ မြန်မာနိုင်ငံ၏ မြေပြန့်ဒေသသို့ ကြည့်ရမည်ဆိုလျှင် စပါး၊ ပဲ အမျိုးအမျိုးစသည်တို့ကို အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် အဓိကစိုက်ပျိုးလုပ်ကိုင်နေသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့မတူညီသည့် စီးပွားရေးလုပ်ငန်းများမှ စာရေးသူအနေဖြင့်  ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းလူမျိုးများ၏ စီးပွားရေးလုပ်ငန်းအခြေအနေများကို မြင်မိ၊ တွေ့မိသမျှ အနည်းအကျဉ်း တင်ပြလိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ခြင်းနှင့် အညီပအိုဝ်းလူမျိုးတို့သည်လည်း စိုက်ပျိုးရေးလုပ်ငန်းများကို သမိုင်းကြောင်းအစဉ်အဆက် ဘိုးဘွားဘီဘင်လက်ထက်မှ ယနေ့ထိတိုင် လုပ်ကိုင်နေကြပါသည်။ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့ နေထိုင်ရာဒေသများတွင် ဖော်ဆောင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဖြစ်ပါသည်။ ပအိုဝ်းဒေသ၏ အဓိကစီးပွားရေးစိုက်ပျိုးသီးနှံများမှာ စပါး၊ မြေပဲ၊ ပြောင်း၊ နေကြာ၊ ပဲစင်းငုံ၊ သရက်၊ လိမ္မော်၊ သစ်တော်၊ ကော်ဖီ၊ ငှက်ပျော၊ စတော်ဘယ်ရီ၊  အာလူး၊ လက်ဖက်၊ သနပ်ဖက်၊ ကြက်သွန်ဖြူစသည်တို့ကို အသီးသီးစိုက်ပျိုးကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ တိုးတက်ပြောင်းလဲလုပ်ကိုင်လျက်ရှိသည်။

ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ အမျိုးဘာသာ၊ သာသနာထိန်းသိမ်းကာ စည်းလုံးညီညွှတ်မှုအားကောင်းသော လူမျိုးဖြစ်ပါသည်။ ပအိုဝ်းလူမျိုးတို့သည် စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးသက်သာချောင်ချိမှု ရရှိရန်၊ သားသမီးများ ပညာရေးသင်ကြားနိုင်ရန်နှင့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် စိုက်ပျိုးထွက်ကုန် သီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်ဖြူ၊ လက်ဖက်စသည်တို့ကို အရည်အသွေးမှီပြီး ထွက်အားနှုန်းအားကောင်းစေရန် အရင်းအနှီးများစွာအသုံးပြု၍ စိုက်ပျိုးနေရခြင်းဖြစ်သည်။ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ တိုးတက်ပြောင်းလဲစိုက်ပျိုးလာသည့်အခါ ပအိုဝ်းဒေသထွက် စိုက်ပျိုးသီးနှံများသည် အထွက်နှုန်းအားကောင်းလာခဲ့သည်။ ထိုကဲ့သို့ အထွက်နှုန်းအားကောင်းစေရန် အတွက် ရာသီဥတုဒဏ်၊ ပိုးကျမှုအန္တရာယ်များမှ ကာကွယ်နိုင်ရန်အတွက် အရင်းအနှီးများစွာ အသုံးပြု၍ စိုက်ပျိုးနေကြသည်။ သို့သော်လည်း ပအိုဝ်းဒေသထွက်စိုက်ပျိုးသီးနှံများ၏ကုန်ဈေးနှုန်းသည် ဈေးကွက်နှင့် ဈေးနှုန်း အာမခံချက်မရှိသောကြောင့် စိုက်ပျိုးတောင်သူတို့၏ဘဝသည် “မှန်းချက် နှင့် နှမ်းထွက် မကိုက်” သည်ကိုတွေ့မြင်နေရသည်။

ပအိုဝ်းလူမျိုးတို့သည် လက်ဖက်၊  အာလူး၊ သနပ်ဖက်၊ ကြက်သွန်ဖြူများကို အဓိကစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသော်လည်း လက်ရှိ ၂၀၁၇-၂၀၁၈ ခုနှစ်ကာလတွင် ပအိုဝ်းဒေသထွက်ကုန်များဖြစ်သည့် ကြက်သွန်ဖြူ၊ အာလူး၊ သနပ်ဖက်၊ လက်ဖက် စသည့်သီးနှံ၏ဈေးနှုန်းများသည် အဆမတန် ကျဆင်းနေခြင်းတို့ကြောင့် ပြည်ပသို့သွားရောက် လုပ်ကိုင်သည့်လူငယ်များ မြှင့်တက်လာသည်ကို မြင်တွေ့နေရသည်။ ပအိုဝ်းလူမျိုးတို့သည် အမျိုးဘာသာ၊ သာသနာ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများထိန်းသိမ်းသည့် လူမျိုးဖြစ်သည်နှင့်အတူ ပြည်ပသို့သွားရောက်လုပ်ကိုင်လာခြင်းတို့ကြောင့် ကျေးရွာအတွင်းလူမှုရေး လုပ်ငန်း၊ အများအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများကြုံတွေ့နေရပါသည်။ အထူးသဖြင့် ဝါတွင်းကာလဥပုသ်နေ့တိုင်း၌ ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီး၏ ဝေယျာဝစ္စများ၊ ဥပုသ်ဆောက်တည်မည့် ဦးပုသ်သည်တို့၏ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ပေးသည့် လူငယ်များသည် ပြည်ပသို့ထွက်ခွာသွားခြင်းတို့ကြောင့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းသည့်နေရာတွင် အခက်အခဲများကြုံတွေ့နေရပါသည်။ 

အချို့ကျေးရွာရှိပအိုဝ်းလူငယ်များသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး အဆင့်မြှင့် တက္ကသိုလ်ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် မိဘများသည် ပညာသင်စရိတ်ထောက်ပံ့နိုင်ရန် မတတ်နိုင်ခြင်းတို့ကြောင့် နိုင်ငံရပ်ခြားသို့ ငွေကြေးရှာရန် တိုက်တွန်းအားပေးမှုများ ပြုလုပ်လာသည်ကို စာရေးသူ မိမိအနေဖြင့် မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။ ယခုကဲ့သို့ အခက်အခဲများ၊ ပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံအတွင်း တရုတ်၏ ဈေးကွက်စီးပွားရေး လွမ်းမိုးမှုသည် အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။ မြန်မာနိုင်ငံအပေါ် ယခင်ကတည်းကပင် လွှမ်းမိုးမှုကြီးမားခဲ့သည့် တရုတ်သည် ယခုလက်ရှိအချိန်တွင် စီးပွားရေးအခြေအနေများကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်၏သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာစေခဲ့သည်။  အစိုးရသည် ပြည်တွင်းထွက်ကုန်ပစ္စည်းများ၏ဈေးနှုန်းကို အာမခံချက်ရှိသော ဈေးကွက်များ ဖော်ဆောင်ပေးနိုင်ခြင်းမရှိသည့်အပြင် ပြည်ပမှတင်သွင်းလာသည့် သွင်းကုန်များကိုလည်း ထိန်းချုပ်နိုင်မှု မရှိသည်ကိုမြင်တွေ့နေရသည်။

ထို့ကြောင့် တောင်သူတို့၏ စိုက်ပျိုးထုတ်လုပ်မှုမှ ရရှိလာသော ကုန်ထွက်သီးနှံများကို အာမခံချက်ရှိသော ဈေးကွက်များ၊ ဈေးနှုန်းများကို ဖော်ဆောင်ပေးနိုင်မှုမရှိသောကြောင့် တောင်သူတို့၏ဘဝသည် အကြွေးသံသရာစက်ဝိုင်းအတွင်းသို့ တစ်ဝိုင်းလည်လည်ဖြင့် ရုန်းမထွက်နိုင်သည်မှာ ယနေ့ထိတိုင်ကြုံတွေ့ နေရပါသည်။ ယခုကဲ့သို့ တောင်သူများကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြဿနာများကို မည်သူ၌ တာဝန်ရှိသနည်းဟု မိမိအနေဖြင့်မေးချင်မိသော်လည်း မည်သူ့ကိုမေးမြန်းရမည်မှာမသိပေ။

မြန်မာနိုင်ငံ၏ လူဦးရေ(70%)သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်နေကြသူများ ဖြစ်သောကြောင့် နိုင်ငံတော်အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာအကောင်အထည်ဖော်ပြီး အာမခံချက်ရှိသော ဈေးကွက်များ၊ ဈေးနှုန်းများကို ဖော်ဆောင်ပေးနိုင်မှသာလျှင် လက်ရှိကြုံတွေ့ နေရသော စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများ၏ စီးပွားရေးစိန်ခေါ်မှုများကို တဖက်တလမ်းမှ ကူညီဖြေရှင်းနိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါသည်။

ခွန်စွစ်,ခမ်း၊ တောင်;ကီ,
Powered by Blogger.