Wednesday, September 12, 2018

မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံရေးနှင့်စီးပွားရေးအမြင်များ ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ''ခေါင်းဆောင်မှုနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်း'' ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်



မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံရေးနှင့်စီးပွားရေးအမြင်များ ပိုမိုကျယ်ပြန့် လာစေရန်ရည်ရွယ်၍ ခေါင်းဆောင်မှုနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ လွယ်တန့် (လွယ်တင်း)ကျေးရွာတွင် ခေါင်းဆောင်မှုသင်တန်းနှင့် အခြေခံစီးပွားရေးအမြင်ဖွင့် သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဦးစီး၍ ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို သင်တန်းနည်းပြများနှင့် တက်ရောက် လာသည့် သင်တန်းသား/သူများမှ လွယ်တန့်(လွယ်တင်း)ကျောင်းဆရာတော်ကို ကန်တော့ပြီး ဆရာတော်ထံမှငါးပါးသီလနှင့် သြဝါဒခံယူကာ ဆရာတော်ဘုရားမှ "ယခုလိုသင်တန်းမျိုးကို ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာ ဒေသတိုင်းတွင် နှံ့စပ်စွာဖွင့်လှစ်ရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် ခေတ်ရေစီးကြောင်းနောက်ကို ပအိုဝ်းတိုင်းရင်းသားများ အမှီလိုက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြများ အနေဖြင့်လည်း ဒီထက်မက ပိုမိုအောင်မြင်အောင်၊ ပေါက်မြောက်အောင်ကြိုးစားကြရန် နှင့် အနာဂါတ်တွင် ပအိုဝ်းတိုင်းရင်းသားများအတွက် အားကိုးအားထားရသည့် မျိုးဆက်သစ် ခေါင်းဆောင်များဖြစ်လာစေရန် ဆရာတော်ဘုရားမှ ဆန္ဒပြုလိုပါကြောင်း" မိန့်ကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများနှင့် တက်ရောက်လာသော သင်တန်းသား/သူများမှ အပြန်အလှန်မိတ်ဆက်ခြင်းဖြင့် နံနက်(၉း၁၅) အချိန်တွင် သင်တန်းကိုစတင်ခဲ့ပါသည်။

ယခုသင်တန်းမှာ လူထုအတွင်းစကားပြောနည်းစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှု၊ စည်းရုံးခြင်းနှင့် အခြေခံစီးပွားရေးအမြင်ဖွင့်ခြင်း စသည့်ခေါင်းစဉ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့မှ (၁၅)ရက် နေ့အထိ (၃)ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ မိမိတို့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနအနေဖြင့် စွမ်းရည်မြှင့် သင်တန်း၊ ခေါင်းဆောင်မှုသင်တန်း၊ အခြေခံစီးပွားရေးအမြင်ဖွင့်သင်တန်းနှင့် အခြေခံ အစာအာဟာရဖွံ့ဖြိုးတိုးတက်မှုသင်တန်း စသည့်ခေါင်းစဉ်များကို ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာဒေသများတွင် နှံ့စပ်စွာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းမှူးခွန်ထက်အောင်၏ ပြောကြားချက် အရသိရသည်။

အဆိုပါသင်တန်းသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ လွယ်တန့်(လွယ်တင်း)ကျေးရွာတွင် ၂၀၁၈-ခုနှစ်၊ စက်တင် ဘာလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်လာသည့် သင်တန်းသား(၁၂)ဦးနှင့် သင်တန်းသူ(၇)ဦး၊ စုစုပေါင်း(၁၉)ဦး တက်ရောက်လာပါကြောင်းသတင်းရရှိပါသည်။

မျင်,မိုရ်;ခွန်
တောင်;ကီ,
Powered by Blogger.