Friday, September 14, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ အထူးသင်တန်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်





တောင်ကြီးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းကျောင်းတွင် ဒုတိယအသုတ် သင်တန်းသူ/သားများ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၈၊ စက်တင်ဘာ(၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်က တိုင်းပြည် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်ပင် အရေးကြီးပါကြောင်း၊ "အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်သည်" ဆိုသည်နှင့်အညီ မိမိတတ်မြောက်ထားသည့် ပညာများဖြင့် မိမိတာဝန် ထမ်းဆောင်ရမည့် ဒေသတွင် "​စေတနာ၊ ၀ါသနာ၊ အနစ်နာ" နာသုံးနာနှင့်အညီ တိုင်းရင်းသား ကလေးငယ်များကို ကောင်းစွာသင်ကြားပေးဖို့ လိုပါကြောင်း၊  ဒီမိုကရေစီနိုင်ငံတော်သစ်ကို ချီတက်သည့်အခါ ပညာရေးကဏ္ဍသည် အထူးအရေးပါလျက်ရှိပြီး ပညာရေးကဏ္ဍနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ ယခုမျက်မှောက်ခေတ်ကာလ လူမှုပတ်ဝန်းကျင် ပညာရေးပတ်ဝန်းကျင် ပြောင်းလဲတိုးတက်စေရန် ခေတ်မှီနည်းပညာများဖြင့် အတတ်ပညာများကို ဘက်ပေါင်းစုံမှ ရှာဖွေသင်ယူ နိုင်သော အချိန်အခါဖြစ်ကြောင်း၊ သင်တန်းဆင်း သင်တန်းသူ/သူများအနေဖြင့် တိုင်းပြည်အနာဂတ် လှပအောင် ဖန်တီးကြမည့် ဖန်တီးရှင်များ ဖြစ်ပါကြောင်း စသည့်အမှာစကားများကို ပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာ အထူးသင်တန်းကျောင်းကို ၂၀၁၆၊ ဇန်န၀ါရီ(၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ပထမသုတ်သင်တန်းဆင်း   သင်တန်းသူ/သား (၁၁၀)ဦးရှိသည့်အနက် (၁)ဦးမှာ စစ်ကိုင်းပညာရေးကောလိပ်(B.ED)တွင် ဆက်လက်ပညာသင်ကြားခွင့်ရရှိပြီး ကျန်ရှိသည့် (၁၀၉)ဦးမှာ   တာဝန်ကျရာ ဒေသအသီးသီးတွင် တိုင်းပြည်တာဝန်များ ထမ်းဆောင်နေပြီဖြစ် ကြောင်း သိရသည်။

ယခု သင်တန်းဆင်း သင်တန်းသား/သူ (၁၁၄)များမှာလည်း လာမည့် စက်တင်ဘာ(၁၇-၂၉) ရက်များတွင် စာမေးပွဲဖြေဆိုကြမည်ဖြစ်ကာ အောင်မြင်မည့်သူများအနေဖြင့် ၂၀၁၉-ခုနှစ် ပညာသင်နှစ်တွင် ကျရာဒေသ ကျောင်းအသီးသီးတွင် တာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး မြို့နယ်များမှ ဆရာ/ဆရာမ ထပ်မံဖြည့်စွက်ဖို့ လိုအပ်နေသည့် ကျောင်းများတွင် အရင်ဖြည့်စွက်သွားမည်ဖြစ်ပြီး သတ်မှတ်သည့်အတိုင်းအတာပြည့်သွားပါက  ရှမ်း/တောင်ရှိ တခြားမြို့နယ်များသို့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယနေ့သင်တန်းဆင်းပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ တောင်ကြီးပညာရေးကောလိပ်မှ ဆရာ/မများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းသူ/ သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်ရဲုင်းယံ

Powered by Blogger.