Friday, September 28, 2018

ဒေသခံပြည်သူများသွားလာရေးခက်ခဲမှုကြောင့် တာဝန်ရှိပုဂ္ဂိုလ်များက လမ်းပန်းဆက်သွယ်ရေးကြည့်ရှုခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ပြည်သူလူထုနှင့်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်










ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု နှင့် ပေါအင်ကျေးရွာ အုပ်စုတို့တွင် မိုးရာသီကြောင့် ဒေသခံပြည်သူများသွားလာရေးခက်ခဲသဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိပုဂ္ဂိုလ်များက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာ နှင့် မြောက်ထီဗွာကျေးရွာ၊ ပေါအင်ကျေးရွာအုပ်စု၊ တပ်အုံဘုန်းတော်ကြီးကျောင်း  တွင် ပြည်သူလူထုများတွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံရာတွင် မိုးရာသီကြောင့် ဒေသခံပြည်သူများသွားလာရေးခက်ခဲသဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ခွန်စောအောင် နှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တို့က လိုအပ်သော လမ်းပန်းဆက်သွယ်ရေး၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ ဒေသဖွံ့ဖြိုးရေး စသည့်ဒေသလိုအပ်ချက်များကို ပြည်သူလူထုများနှင့်တွေ့ဆုံဆွေးနွေးပြီး ဒေသခံများ၏ လိုအပ်ချက်များကိုလည်း တာဝန်ရှိပုဂ္ဂိုလ်များထံ တင်ပြတောင်းဆိုခဲ့ပြီး စာသင်ကျောင်းဆရာ/မ များနှင့် ကျောင်းသား/သူများသည်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် တကူမို့ - လယ်ကြား - မြောက်ထီဗွာ - တပ်အုံ (၁၃)မိုင်လမ်းပိုင်းအခြေအနေများကိုလည်း တာဝန်ရှိပုဂ္ဂိုလ်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ တကူမို့ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသည် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ ကျောင်းဆောင်သစ်များ ရရှိနိုင်ရန်၊ လယ်ကြားကျေးရွာတွင် လမ်း၊ တံတား၊ မူကြိုကျောင်းရရှိရေး၊ မြောက်ထီဗွာကျေးရွာတွင် လျှပ်စစ်မီး၊ ကျောင်းဆောင်သစ် စသည့်လိုအပ်ချက်များကို တာဝန်ရှိပုဂ္ဂိုလ်များထံတင်ပြတောင်းဆိုခဲ့ပါသည်။
ဆက်လက်ပြီး ပြည်သူလူထုများ၏သိသင့်သိထိုက်သော အမျိုးသားရေးလမ်းစဉ်၊ လွတ်တော်ရေးရာ အကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေး ၊ စိုက်ပျိုးရေးနည်းစနစ်များ၊ စသည့်အကြောင်းအရာများကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

မိဘပြည်သူများအတွက် တာဝန်ရှိပုဂ္ဂိုလ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေးနည်းပညာသစ်လုပ်ငန်းများအတွက် လိုအပ်သည်များကိုမှာကြားပေး ခဲ့ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.