Tuesday, September 18, 2018

အနာဂါတ်တွင် ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန် မျိုးဆက်သစ်လူငယ်များအား ခေါင်းဆောင်မှုစွမ်းရည် တိုးတက်လာစေရန်ရည်ရွယ်၍ ''ခေါင်းဆောင်မှုနှင့် စွမ်းရည်မြင့်သင်တန်း'' သင်ကြားပို့ချ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်



အနာဂါတ်တွင် ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန် မျိုးဆက်သစ်လူငယ်များအား ခေါင်းဆောင်မှုစွမ်းရည် တိုးတက်လာစေရန်ရည်ရွယ်၍ ''ခေါင်းဆောင်မှုနှင့် စွမ်းရည်မြင့်သင်တန်း'' ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ၊ အောင်သိဒ္ဓိရပ်ကွက်တွင် ခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဦးဆောင်၍ ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရပ်ကွက်ကော်မတီအဖွဲ့ဝင်များ၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများ၊ သင်တန်းနည်းပြများနှင့် တက်ရောက်လာသည့် သင်တန်းသား/သူများမှ အတူတကွ နမောတဿသုံးကြိမ်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်ပြီး ရပ်ကွက်ကော်မတီအဖွဲ့ဝင်တစ်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် “ယခုလို ခေါင်းဆောင်မှုပညာနဲ့ စွမ်းရည်မြှင့်သင်တန်းများကို လာရောက်ဖွင့်လှစ်ပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဒီနေ့လို အခွင့်အရေးမျိုး၊ ဒီလိုပညာမျိုးဟာ တော်ရုံတန်ရုံလေ့လာဆည်းပူးဖို့ မရနိုင်ပါဘူး။ ဒီနေရာအထိလာသင်ပေး၊ လာပို့ချပေးတာတောင် ဒီသင်တန်းအတွက်ငါမအားဘူး၊ ငါအလုပ်များတယ်လို့ ပြောတဲ့လူဟာ အသိပညာဗဟုသုတကြွယ်မှုမှာ သူများနှင့်ယှဉ်ရင် ကျန်ခဲ့မှာသေချာတယ်။ ပထမတန်းအဆင့်ဖြစ်တဲ့ လူပျို-အပျိုဘဝမှာ သေချာအောင် မသင်ယူမလေ့လာထားဘူးဆိုရင် ဒုတိယတန်းအဆင့် ပွဲလည်မတင့်တယ်သကဲ့သို့ မျက်နှာငယ်ရတယ်။ ဥပမာအရာတော်တော်များကို အသိမကြွယ်တဲ့အတွက်ကြောင့် တစ်ထောင်နှစ်ထောင် တန်တဲ့အရာကို သူများသုံးလေးထောင်တောင်းလဲယုံပြီး ပေးဝယ်နေရတယ်။ ဒါ့ကြောင့် ယနေ့လိုအချိန်အခါကောင်းနဲ့ ကြုံတဲ့အတွက် သင်ကြားပေးတဲ့ အသိပညာအတတ်ပညာဗဟုသုတများကို ဉာဏ်ရှိရှိဖြင့်ယူတတ်ပါစေ၊ မှတ်သားထိန်းသိမ်းတတ်ပါစေ” ဟု ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းရင်းကို ဖြားခွန်မောင်စိုးမှ ပြောကြားရာတွင် “ခေါင်းဆောင်မှုသင်တန်းကိုဘာ့ကြောင့်ဖွင့်ရသလဲဆိုရင် လူတိုင်းဟာ တစ်နေ့တစ်ချိန်မှာ မိမိသည် ခေါင်းဆောင်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အတိအကျမပြောနိုင်ကြပါဘူး။ ယခုချိန်မှာတောင် လူတစ်ချို့ဟာ မိမိသည် ခေါင်းဆောင်ဖြစ်နေလို့ဖြစ်မှန်းတောင် မသိကြပါဘူး။ ဥပမာ-စားဖိုဆောင်မှာ ဦးဆောင်နေတဲ့ အိမ်ရှင်မများသည်လည်း မိသားစုရဲ့ တစ်စိတ်တစ်ဒေသနေရာကနေ ဦးဆောင်နေရပါတယ် တစ်နည်းပြောရရင် အဲဒါသည်လည်း ခေါင်းဆောင်ပါပဲ။ နောက်ပြီး ဖြစ်နှင့်ပြီးသား ဆယ်အိမ်မှူး၊ ရာအိမ်မှူးခေါင်းဆောင်တွေဟာ တသမတ်တည်း အမြဲတမ်း ရာအိမ်မှူးဖြစ်ရမယ်လို့ မသတ်မှတ်နိုင်ဘူး။ ဒါ့ကြောင့် မိမိရှိနှင့်ပြီးသား အရည်အချင်းနဲ့ ဒီသင်တန်းရတဲ့အသိပညာဗဟုသုတနဲ့ ပေါင်းစပ်လို့ရအောင်၊ မိမိတို့အတွက်၊ ရပ်ရွာ၊ လူထု၊ လူမျိုးနှင့်နိုင်ငံအတွက် အသုံးတဲ့မည့်အရာများ၊ မှတ်သားသင့်မှတ်သားထိုက်သည့် အရာများကို မှတ်သားပြီး လက်တွေ့မှာ အကျိုးရှိရှိအသုံးချနိုင်အောင်ဆိုပြီး ဖွင့်လှစ်ရခြင်းဖြစ်တယ်” ဟု ပြောကြားသွားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြ ခွန်ကျော်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချ မည့် သင်ခန်းစာဘာသာရပ်များကို အကျဉ်းချုပ် ရှင်းလင်းပြီးနောက် သင်တန်းသား (၁၃)ဦး၊ သင်တန်းသူ(၉)ဦးဖြင့် နံနက် (၉း၀၀)နာရီ အချိန်တွင် သင်တန်းကို စတင်ခဲ့ ပါသည်။

အဆိုပါသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ၊ အောင်သိဒ္ဓိရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံတွင် ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မျင်,မိုရ်;ခွန်
တောင်;ကီ,
Powered by Blogger.