Monday, September 10, 2018

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုငွေပေးအပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်






ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပွဲကို စက်တင်ဘာလ (၁၀) ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက “ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွင် ပအိုဝ်းတိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများလဲ ပါရှိပါကြောင်း၊ မိမိတို့ရဲ့စာပေ၊ မိမိတို့ရဲ့ ယဉ်ကျေးမှုတွေကို တတ်အားသရွှေ့ မြင့်တင်ပေးဖို့ တာဝန်ဟာ တိုင်းရင်းသားအားလုံး၏ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များတွင် တာဝန်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေများကိုလည်း အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချနိုင်ရန်လည်း ကြိုးစားကြရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားစာပေများကို ကျောင်းသူ/သားများအကြား ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချနိုင်ရေး စည်းရုံးပေးလျက်ရှိပါကြောင်းနှင့် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအနေဖြင့်လည်း တိုင်းရင်းသားစာပေကို မသင်ကြား နိုင်သည့်ကျောင်းများကို သင်ကြားပို့ချနိုင်ရေးအတွက် ဂရုတစိုက်တွန်းအားပေးကြရန်လိုကြောင်း” တိုက်တွန်းပြောကြားသွားသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ  ဂုဏ်ပြုထောက်ပံ့ငွေများကို ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူနှင့် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က ပေးအပ်ရာ (ပအိုဝ်း၊ ရှမ်း၊ လီဆူ) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများ လက်ခံရယူကြကြောင်းသိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့အတွက် ငွေကျပ်(၅)သိန်းစီဂုဏ်ပြုထောက်ပံ့ခဲ့ပြီး၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွက် ငွေကျပ်(၃)သိန်း ဂုဏ်ပြုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.