Saturday, September 29, 2018

အောင်ပန်း FC ကို ၃ ဂိုး ပြတ်အနိုင်ရကာ တစ်နိုင်ငံလုံးအဆင့် ပြုလုပ်မည့် Champion of the Champion ပြိုင်ပွဲတွင် ပျူခမ်းပအိုဝ်းအသင်းက ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရရှိ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်





အနာဂတ်တွင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ Myanmar Beerက စီစဉ်ကျင်းပပေးသော WE ARE ONE CUP 2018 တောင်ကြီးဗိုလ်လုပွဲကို ဒီကနေ့ စက်တင်ဘာလ(၂၉)ရက်၊ စနေနေ့တွင် အောင်ပန်း FC အသင်းနှင့် ပျူခမ်းပအိုဝ်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျူခမ်းပအိုဝ်းအသင်းက အောင်ပန်း FC ကို ၃ ဂိုး ပြတ်အနိုင်ရ၍ တစ်နိုင်ငံလုံးအဆင့် ပြုလုပ်မည့် Champion of the Champion တွင် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၌ ပထမပိုင်း ၂၃ မိနစ်တွင် ကျောနံပတ် ၂၂ ခွန်မောင်ဟိန်းရာဇာဦးက အနီးကပ်အပိုင်ကန်သွင်းခဲ့ပြီး ၄၂ မိနစ်အကြာတွင် ခွန်မာတိယက တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒုတိယဦးဆောင်ဂိုးကို သွင်းယူကာ ပွဲကစားချိန် ၈၀ မိနစ်တွင် ခွန်မာတိယကသာ တတိယအနိုင်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

WE ARE ONE CUP 2018 တောင်ကြီးဗိုလ်လုပွဲ ပထမဆု ရရှိသည်နှင့် ပတ်သက်၍ “အခုလို ပထမဆုရတော့ အတိုင်းမသိ ဝမ်းသာပါတယ်၊ ပအိုဝ်းအာဇာနည်နေ့မှာ အမျိုးတွေအတွက် ဖလားယူနိုင်တာ ပိုလို့တောင် ဝမ်းသာတယ်၊ ဒီနေ့အောင်ပွဲဟာ ပအိုဝ်းလူမျိုးအားလုံးကို ကိုယ်စားပြုတယ်၊ ပြီးတော့ ဒီဖလားက လူမျိုးအတွက် အသက်စွန့်ပေးတဲ့ ခေါင်းဆောင်ကြီးတွေကို ရည်ညွန်းပါတယ်၊ ဒီနေ့ အောင်ပွဲဟာ အရမ်းလေးနက်တယ်လို့ ခံယူမိတယ်၊ အားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်တယ်” ဟု ပျူးခမ်းပအိုဝ်းအသင်းခေါင်းဆောင် ခွန်ဟွမ်ကျော်က ပြောပါသည်။

WE ARE ONE CUP 2018 တောင်ကြီးဘောလုံးပွဲကို ၂၀၁၈ခုနှစ် ၅ လပိုင်းတွင် စတင်ကျင်းပခဲ့ပြီး၊ ရှမ်းပြည်နယ်အရှိ အသင်းပေါင်း (၃၆) သင်းရှိကြောင်း သိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.