Wednesday, September 12, 2018

ဟိုပုံးမြို့နယ်၊ မောက်ကထောဝ်း(ရွာသစ်)မှ သာယာကုန်းရွာသို့ ရွာချင်းဆက်လမ်းကို ကတ္တရာလမ်းဖြစ်မြောက်ရေးအတွက် KFW(ဂျာမနီ)အဖွဲ့မှ ပေါင်လင်းကျေးရွာအုပ်စုရှိ မိဘပြည်သူများနှင့်လာရောက်တွေ့ဆုံခြင်း အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မောက်ကထောဝ်း(ရွာသစ်)မှ သာယာကုန်းရွာသို့ ရွာချင်းဆက်လမ်းကို ကတ္တရာလမ်းဖြစ်မြောက်ရေးအတွက် KFW(ဂျာမနီ)အဖွဲ့မှ ယနေ့ စက်တင်ဘာ (၁၂)ရက်၊ နံနက် (၉း၀၀)နာရီအချိန်တွင် ပေါင်းလင်းကျေးရွာအုပ်စု၊ဘန်းပိန်းဘုန်တော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် ဟိုပုံးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်မှ အဖွင့်အမှာစကားပြောကြားပြီး နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်သက်မှ ၎င်းလုပ်ငန်းဆောင်ရွက်ရသောမြို့နယ်များ၊ လုပ်ငန်းဆောင်တာများအကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လမ်းတံတား၊ ရေမီးစသည့် အခြေခံလိုအပ်ချက်များကို ပြုလုပ်ပေးလျှက်ရှိကြောင်း၊ ကျေးရွာသူ/သားများ၏ စီးပွားရေး၊ လူမှုရေး၊ အဆင့်အတန်းမြှင့်မားလာပြီးတော့ လူနေမှုဘဝတဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်ဖို့ ရည်ရွယ်ကာ အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန်လိုအပ်ကြောင်း၊ ပူးပေါင်းပေးခြင်းဖြင့် ဖွံဖြိုးရေးလုပ်ရာတွင် အောင်မြင်မှုရရှိလာမည်ဖြစ်ကြောင်းနှင့်နောက် မိဘပြည်သူများအနေဖြင့် လမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့များကိုဖွဲ့ထားပြီး လမ်းများကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီးဟိုပုံးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁)ဦးခွန်မောင်ဖြူမှ"ယခုလို ဒေသခံပြည်သူများ များပြားစွာတက်ရောက်လာပြီးတွေ့ဆုံရသည်မှာ စိတ်ချမ်းသာမိပါကြောင်း၊ ဌာနဆိုင်ရာများ လာရောက်တွေ့ဆုံချိန်တွင် အကြံအဥာဏ်များကို တောင်းယူစေလိုကြောင်း၊  ကျန်းမာရေးအနေဖြင့် အိမ်တိုင်းအိမ်တိုင်း ယင်လုံအိမ်သာကိုသုံးသင့်ကြောင်း၊ စာသင်ကျောင်းပတ်ဝန်းကျင်၏ လုံခြုံရေးနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် KFW(ဂျာမနီ)အဖွဲ့မှ  ဟိုပုံးမြို့နယ်တွင် လမ်း(၁၂)လမ်းကိုရွေးထားပြီးတင်ပြရာမှာ ယခုပေါင်းလင်းကျေးရွာအုပ်စုလမ်းအပါအဝင်(၅)လမ်းသာကျန်ပြီး လမ်းအခြေအနေကို ကွင်းဆင်းစစ်တမ်းကောက်ခြင်းဖြစ်ကြောင်း" ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။

ထို့နောက် KFW(ဂျာမနီ)အဖွဲ့မှ Miss.Enetက မိမိတို့အဖွဲ့အနေဖြင့် ဂျာမနီအစိုးရအဖွဲ့နှင့် မြန်မာအစိုးရအဖွဲ့ပူးပေါင်းပြီး လမ်းပန်းဆက်သွယ်ရေးကို လာရောက်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၃မိုင် သာယာကုန်းမှ ရွာသစ်လမ်းအထိ လက်ရှိလမ်းကို ပြင်ပေးရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌနှင့် လမ်းဦးစီးဌာနတို့မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကို (၁၀)လမ်း ပေးထားပြီး ကျွန်မတို့အနေဖြင့် တင်ပြထားတဲ့လမ်းကို ဦးစားပေးအဆင့်ရွေးတဲ့အခါမှာ ယခုလမ်းအပါအဝင် လမ်း(၅)လမ်းကျန်ပြီးဖြစ်ကြောင်း၊ သို့သော် ထိုလမ်းကိုပြင်ပေးမည်ဟုမဆုံးဖြတ်ရသေးကြောင်း၊ ဒါပေမယ့် ကျွန်မတို့ကစာရွက်ဝေမှာဖြစ်ပြီး စာရွက်ထဲတွင်ပါဝင်သော မိမိတို့လုပ်ကိုင်နေကြသည့် စီးပွားရေးမေးခွန်းအခြေအနေများကို မှန်ကန်ပြည့်စုံစွာဖြေပေးရန်လိုအပ်ကြောင်းနှင့် ဖြည့်ပြီးသော စာရွက်စာတမ်းများအပေါ်မူတည်၍ ကြည့်ပြီးမှသာ လမ်းလုပ်ပေးရန်ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ ယခုရပ်မိရပ်ဖများ၏ လမ်းက မိမိတို့ဘဝအတွက်တိုးတက်မြင့်မားလာစေမှာလား၊ ပညာရေး၊ စီးပွားရေးအတွက်လား စသည့်အချက်ကြောင့် လာကြည့်ခြင်းဖြစ်ကြောင်း၊ ကျွန်မတို့အဖွဲ့က အများကြီးရှိသည့်ထဲမှ ယခု မိဘပြည်သူများ၏ လူမှုရေး စီးပွားရေးကို လာကြည့်တဲ့အဖွဲ့ထဲတွင် မိမိပါဝင်ကြောင်း၊ စာရင်းစာတမ်းကောက်ပြီးလျှင် ဂျာမနီနိုင်ငံသို့ပြန်သွားကာ အထက်လူကြီးများနှင့် ပြန်လည်ဆွေးနွေးရမည်ဖြစ်ကြောင်းနှင့် ယခုလို ပအိုဝ်းဝတ်စုံစုံစုံညီညီဖြင့် နေပူထဲတွင် ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း" ပြောကြားပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဦးခွန်မောင်ဖြူနှင့် အဖွဲ့ဝင်များ၊ KFWအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုပုံးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦခင်မောင်သက်နှင့် အဖွဲ့ဝင်များ၊ ပေါင်လင်းကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံရပ်မိရပ်ဖများ စုစုပေါင်း(၆၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းခမ်းဗွေ
Powered by Blogger.