Wednesday, September 26, 2018

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်






၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက် ၊နံနက် (၈း၀၀)နာရီအချိန် PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)၊ ဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့သည် အထူးဒေသ(၆)၊ PNO အသွင်းပြောင်း ပြည်သူ့စစ် (ဌာနေ) မှ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်ကအမှာစကားပြောကြားရာတွင် -ပြည်သူ့စစ်ဌာနေဆိုတာကမိမိ၏ စိတ်သဘောဆန္ဒနှင့် ဒေသခံပြည်သူလူထုတို့ကို ကာကွယ်စောင့်ရှောက်သင့်ကြောင်း ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း မိမိသဘောဆန္ဒအလျောက် လုပ်အားပေးဝင်ရောက်လုပ်ကိုင်ပေးဖို့လိုအပ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရာတွင် အခြေခံအကျဆုံးလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်ပြီး ဒီငြိမ်းချမ်းရေးဟုဆိုရာတွင်လည်း သာမာန်အနေအထားနှင့် တဒင်္ဂအခိုက်အတန့်မဟုတ်ပဲ ထာဝရငြိမ်းချမ်းရေး ဖြစ်ရန်လိုအပ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးဖြစ်မှသာ တိုင်းရင်းသားပြည်သူလူထုအားလုံးမျှော်မှန်းသော ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ထောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဒါကြောင့် နိုင်ငံတစ်ဝှမ်းလုံး၊ နေရာဒေသအားလုံးမှာ ထာဝရငြိမ်းချမ်းရေးရဖို့လိုအပ်ပါကြောင်း၊ ထာဝရငြိမ်းချမ်းရေးအသွင်သဏ္ဍန်ဆိုတာဟာ နေရာဒေသအားလုံးမှာ ဘယ်လိုပဋိပက္ခပစ်ခတ်တိုက်ခိုက်မှုမရှိပဲ လက်နက်ကိုင်လုံးဝချုပ်ငြိမ်းသွားမည်ဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံမှာ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အနေအထားက ပြည်ပအန္တရာယ်တွေရှိနေသော်လည်းဘဲ တကယ့်ကိုပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုကင်းမဲ့နေပြီး ဖြစ်ပေါ်နေသည့်နေရာဒေသများ၊ နယ်မြေကူးပြောင်းမှုများ၊ လုပ်ယူပိုင်ခွင့်များအားလုံးရည်မှန်းချက် ဆန္ဒတွေရှိနေသော်လည်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များသည် လက်နက်စွန့်လွှတ်၍ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန်လိုအပ်ကြောင်း၊ မည်သူမဆိုမိမိနိုင်ငံတော်ကာကွယ်ရန်နှင့် မိမိတိုင်းရင်းသားလူမျိုးနွယ်စုများကာကွယ်ရန်အတွက် တပ်မတော်အတွင်းသို့ ဝင်ရောက်ခွင့်ရှိကြောင်း၊ ဒါကြောင့် မည်သည့်နိုင်ငံမဆို ကြည့်လိုက်မည်ဆိုပါက နိုင်ငံတော်ကာကွယ်ဖို့အတွက် တပ်မတော်ရှိရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံတော်ထိန်းသိမ်းကာကွယ်စောက်ရှောက်ဖို့ ကျွန်တော်တို့တပ်မတော်အတွင်းဝင်ရောက်ခြင်းဖြစ်ပါကြောင်း၊ ယခုအခါတပ်မတော် ကြီးကြပ်ဦးဆောင်ပြီး ပြည်သူ့စစ်ဌာနေအဖြစ် ရပ်တည်းပြီးဝင်ရောက်ကြတာ ဖြစ်ပါကြောင်း၊ ဒါကြောင့် ပြည်သူ့စစ်ဌာနေများအတွက် သီးခြားရပ်တည်မှု၊ သီးခြားလက်နက်ကိုင်ဆောင်မှုမရှိပဲ နိုင်ငံတော်ကာကွယ်မှုနှင့် တိုင်းရင်းသားအားလုံးစည်းစည်းလုံးလုံးဖြစ်စေပြီး နိုင်ငံတော်ကိုတည်ဆောက်ရာတွင်လည်း ပြည်သူ့စစ်(ဌာနေ)အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ပြည်သူ့စစ်ဌာနေအဖွဲ့များသည် ရည်မှန်းချက်ကိုသဘောပေါက်နားလည်ပြီးမိမိတို့၏ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများကိုအာတွန်းခွန်စိုက်ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ့စစ်ဂုဏ်သိက္ခာနှင့်အညီဒေသအတွင်း ပြည်သူလူထုလေးစားရသော၊ အားကိုးရသော ပြည်သူ့စစ်တပ်မတော်အဖြစ်သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစည်းပြီးမိမိဒေသအတွင်းတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေးသွားကြပါ ဟုအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုဖြင့် PNO အသွင်းပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့သို့ တပ်မတော်မှ ထောက်ပံ့ငွေ (၆၇၀,၃၀၀,၀၀)ကျပ်၊  စားနပ်ရိက္ခာများဆန်(၃၂၉) အိတ်၊ ဆီ (၃၆၂) ပိဿာ၊ ဆား (၃၆၂) ပိဿာတို့ကိုထောက်ပံ့ချီးမြှင့်ခဲ့ပြီး PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) ၊ စစ်ဦးစီးမှူး ဒု-ဗိုလ်မှူးကြီးခွန်ဇော်ပျံမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ၂၀၁၈/၂၀၁၉ခုနှစ်အတွက် ရှမ်းပြည်နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်း/ တံတားလုပ်ကိုင်ဆောင်းရွက်သွားမည့် အခြေအနေများကိုရှင်းလင်းတင်းပြပြီးနောက်  ရှမ်းပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးရဲမြင့်က မူးယစ်ဆေးဝါးနှိမ်နှင်းမှုအခြေအနေများနှင့် မိမိတို့မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်းသို့ တာဝန်းထမ်းဆောင်လိုသူများလိုအပ်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်းနှင့် အရာရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်အစိုးရမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ် ပြည်နယ်ရဲမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဒေသ(၆) PNO အသွင်းပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.