Thursday, October 11, 2018

ဆင်းရဲမှာကြောက်ရင်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်


ကျွန်တော်တို့တတွေဟာ ကောင်းမွန်စွာအသက်ရှင် နေထိုင်ရန်အတွက် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ တစ်ချို့က ချမ်းချမ်းသာသာနဲ့နေကြရပြီး တချို့ကြတော့လည်း ထမင်းနပ်မှန်အောင် ဆင်းဆင်းရဲရဲနဲ့ ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်စားသောက်နေကြရပါတယ်။ လူလူချင်း ဘာလို့အဲလိုကွာခြားရတာလဲ။ လူတစ်ယောက်ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာက သူ့ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲမူတည်ပါတယ်။ တချို့ကျတော့ကံကိုဘဲ ပုံအပ်ပြီး ဘဝကို ရောင့်ရဲ တင်းတိမ်စွာ နေကြတဲ့လူတွေလည်းရှိပါတယ်။ လူတိုင်းလူတိုင်းဟာ မချမ်းသာချင်ဘူးဆိုတဲ့လူ ဒီကမ္ဘာမှာ ရှိမှာမဟုတ်ဘူးလို့ထင်ပါတယ်။ လူတိုင်းမဆင်းရဲချင်ကြသလို လူတိုင်းလည်း ချမ်းသာချင်ကြတယ်။

မိမိတို့လက်ထဲမှ ရရှိသောငွေတွေနဲ့ အနာဂတ်ဘဝကို ဖန်တီးကြတယ်။ ကိုယ့်ဘဝကို ကိုယ်ကဘဲရွေးချယ်ကြတယ်။ ကိုယ်ကဘယ်လိုဘဝမျိုးကို လိုချင်လဲ ကိုယ်ဘဲရွေးချယ်ရမယ်။ ချမ်းသာကြွယ်ဝတဲ့ဘဝကို ရွေးမှာလား၊ ဆင်းရဲတဲ့ဘဝလား၊ လူလတ်တန်းစားဘဝလား။ ကျွန်တော်တို့ရဲ့ငွေသုံးစွဲမှုက ကျွန်တော်တို့ဘယ်သူလဲဆိုတာကို ပုံရိပ်တင်ပြတယ်။ ဆင်းရဲတဲ့ သူတွေက ညံ့ဖျင်းတဲ့ငွေသုံးစွဲမှု အကျင့်တွေရှိတယ်။ ဒီစကားလုံးကို လူတိုင်းက ကြားဖူးကြမှာပါ ῝သင်ဆင်းဆင်းရဲရဲနဲ့မွေးလာတာ သင့်အပြစ်မဟုတ်ဘူး၊ ဒါပေမဲ့ သင်ဆင်းဆင်းရဲရဲနဲ့သေသွား ရင်တော့သင့်အပြစ်ဘဲ῞ ဆိုတဲ့ ဘီလ်ကိတ် ပြောတဲ့စကားရှိပါတယ်။ ကိုယ်က ဆင်းရဲတဲ့ မိသားစုကနေပေါက်ဖွားလာပေမဲ့ ချမ်းသာအောင်ကိုယ်ကြိုးစားလို့ရတယ်။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်အတွက် တိုးတက်တဲ့လမ်း၊ ချမ်းသာတဲ့လမ်းမရှိဘူးလို့ထင်ရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းသင့်ရင်လဲပြောင်းရမယ်။ ချမ်းသာတဲ့ဘဝကို မပိုင်ဆိုင်ရတာဟာ ဆင်းရဲနှုံချာတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေလို့ဘဲဖြစ်တယ်။ အသိပညာဗဟုသုတရချင်ရင် စာကြည့်တိုက်တို့၊ စာအုပ်ဆိုင်တို့၊ သင်တန်းကျောင်းတို့ရှိရာကို သွားရသလိုပါဘဲ ကြီးပွားချမ်းသာချင်ရင်တော့ ချမ်းသာတဲ့သူဌေးတို့စုဝေးတဲ့နေရာ ဒါမှမဟုတ် ကြီးပွားချမ်းသာဖို့ လေ့လာနေတဲ့ အုပ်စုနဲ့ပေါင်းပြီး မိတ်ဆွေသစ်တွေကိုရှာရပါမယ်။

လူအများစုဟာဘာ့ကြောင့်မကြီးပွား မချမ်းသာကြလဲဆိုတာ ဆင်းရဲမှာကြောက်လို့ တနည်းအားဖြင့် ရှုံးမှာကြောက်လို့ဘဲ ဖြစ်တယ်။ ကိုယ့်ရဲလက်ထဲမှာ ရှိနေတဲ့ငွေတွေကို တင်းတင်းဆုပ်ကိုင်ပြီး၊ မရင်းနှီးရဲ၊ မစွန့်စားရဲ ကြတာအများစုပါပဲ။ စွန့်စားရဲတဲ့ စိတ်ရှိဖို့လဲလိုတယ်။ လူတွေ ချမ်းသာချင်ပေမဲ့ မချမ်းသာရတာလဲ အကြောင်းတရားတွေရှိတာကတော့ သိသာထင်ရှားလှပါတယ်။ အကြောင်းရင်းကတော့ ပျင်းရိမှု၊ အကျင့်ဆိုးရှိမှု၊ အသိဉာဏ်ခေါင်းပါးမှု၊ အတွေ့အကြုံနည်းပါးမှု၊ မိတ်ဆွေပေါင်းမှားမှု၊ ဆုံးဖြတ်ချက်မခိုင်မာမှု၊ သတ္တိနည်းမှု စတာတွေက ဆင်းရဲတဲ့ လမ်းကိုသွားရမှာ မလွဲပါဘူး။

လောကကြီးထဲမှာ ချမ်းချမ်းသာသာနဲ့နေချင်ရင်တော့ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်မှ ချမ်းသာမယ်။ လူမွဲပြီးစားစရာလည်းမရှိ စားဖို့သောက်ရဖို့အတွက် အကြွေးယူနေရတဲ့သူတွေကို အများအားဖြင့် လူဆင်းရဲလို့သတ်မှတ်ကြတယ်။ ဒီလိုအနေအထားမျိုးမဖြစ်ချင်ရင်တော့ ဒုက္ခတွေ၊ အခက်အခဲပြဿနာတွေကို ကျော်လွှားနိုင်တဲ့ စိတ်ရှိဖို့လိုတယ်။ ရှေးဘိုးဘွားခေတ်တုန်းကဆိုရင် ဒီခေတ်လောက် လမ်းပန်းဆက်သွယ်ရေးလည်းမကောင်း၊ ပညာလည်းကောင်းကောင်းမသင်ရ၊ ဒီခေတ်လိုမျိုးကားလည်းမရှိ၊ ပင်လယ်တွေကိုဖြတ်၊ လှည်းတွေနဲ့ တစ်နေရာပြီးတစ်နေရာ ဝမ်းစာအတွက် ပင်ပန်းကြီးစွာ စီးပွားရှာကြရတယ်။ ဒါတွေဘာလို့လုပ်လည်း ဆင်းရဲခြင်းဆိုတဲ့ ဒဏ်ကို ကျော်လွှားဖို့လုပ်နေကြရတာပဲ။ နည်းပညာတိုးတက်နေတဲ့ခေတ်မှာ အများနှင့် အတူကိုယ်က နည်းပညာတွေကို ကောင်းကောင်းအသုံးချနိုင်မှ အောင်မြင်မယ်။ ဘယ်ခေတ်ဘဲ ရောက်ရောက် ခေတ်နဲ့လျော်ညီစွာလုပ်နိုင်မှ ချမ်းသာမယ်။ သူများတွေက အင်တာနက်တို့၊ ဝက်ဆိုဒ်တို့ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်ရင် ကိုယ်လည်းအကျိုးရှိစွာသုံးတတ်ဖို့လိုတယ်။ ပစ္စည်းဥစ္စာရှာဖွေတာတွေ၊ ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ဆိုတာ တခါတည်းနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ ထပ်ခါထပ်ခါ ကြိုးစားရမှာပဲ။ လုပ်နေပေမဲ့၊ ကြိုးစားနေပေမဲ့ မအောင်မြင်ဘူး၊ ဒီအခက်အခဲတွေကတော့ အသက်ရှင်နေသရွေ့ သာမှန်ကြုံတွေ့နေရမဲ့အရာ တွေဆိုတာ သိထားဖို့လိုတယ်။ ကြိုးစားတိုင်းမအောင်မြင်ဘူးဆိုပြီး စိတ်ဓါတ်ကျနေရုံနဲ့ပြီးသွားမှာ မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်တတ်ဖို့လိုတယ်။

အဲဒါဆိုရင်ဆင်းရဲတဲ့ဒဏ်ကို ကျော်လွှားနိုင်ဖို့ဘာတွေလုပ်ရမှာလဲပေါ့ ကိုယ်ရွေးချယ်ထားတဲ့အလုပ်၊ ကိုယ်လုပ်နေတဲ့အလုပ်ကို ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်သင့်ပါတယ်။ ကြိုးစားတယ်ဆိုတဲ့နေရာမှာလဲ နည်းစနစ်မှန်ကန်ရမယ်၊ ဇွဲကောင်းရမယ်၊ ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာလဲ ကျွမ်းကျင်ဖို့ကလည်းလိုသေးတယ်။ ဒီအချက်တွေကို ပေါင်းစပ်နိုင်မှသာ အောင်မြင်နိုင်ပြီး ချမ်းသာမှုကိုရလိမ့်မယ်။ ကိုယ်ကြိုးစားပြီးရလာတဲ့ စည်းစိမ်ဥစ္စာတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်တတ်ရမယ်။ မိမိတို့ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေဟာ တစ်စုံတစ်ခုသော အကြောင်းတရားတွေကြောင့် ဥပမာပြောရမယ်ဆိုရင် ရန်သူမျိုးငါးပါးဖြစ်သော ရေဘေး၊ မီးဘေး၊ သဘာဝဘေးဒဏ်စတဲ့ မထင်မှတ်တဲ့အန္တရာယ်တွေဟာ မိမိတို့ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာကို ပျက်စီးစေတတ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းလုပ်ရင် ကိုယ့်အကျိုးစီးပွားကို လိုလားတဲ့ မိတ်ကောင်းဆွေကောင်းရှိဖို့လည်းအရေးကြီးတဲ့အချက်ပါဘဲ။ ကိုယ့်အကျိုးစီးပွားအတွက် အကြံဥာဏ်ပေးနိုင်တဲ့သူ၊ အသိပညာဗဟုသုတလည်းရှိတဲ့သူ၊ ကိုယ့်အတွက် ဆရာသမားကောင်းလိုလူနဲ့ပေါင်းတတ်ဖို့ လိုအပ်တယ်။ ကိုယ့်အကျိုးစီးပွားကို ပျက်စေတဲ့သူနဲ့မပေါင်းမိဖို့လည်း သတိထားရမယ်။ ကိုယ့်ရဲလုပ်ငန်းသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စာရင်းဇယားတွေ၊ ဝင်ငွေထွက်ငွေကို မျှမျှတတဖြစ်အောင် စနစ်တကျလုပ်ဖို့နဲ့ ကိုယ့်ရဲ့အသုံးစရိတ်ကိုလည်း မျှမျှတတသုံးတတ်ဖို့လည်းလိုတယ်။

ဒါ့ကြောင့်နောက်ဆုံးအနေနဲ့ လူတွေချမ်းသာကြီးပွားချင်တယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကြိုးကြိုးစားစားနဲ့တက်တက်ကြွကြွလုပ်ပြီး ကိုယ့်အလုပ်ပေါ် စိတ်ဝင်စားမှုရှိပါ။ ခေတ်နဲ့ အညီ သမာရိုးကျအလုပ်ကို ဖောက်ထွက်ပြီး စွန့်စားရဲတဲ့သတ္တိရှိရမယ်။ ကြိုးစားပြီးရလာတဲ့ရလဒ်တွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်တတ်ရမယ်။ ကိုယ့်ရဲ့လုပ်ငန်းမှာ စာရင်းဇယား၊ လစဉ် ဒါမှမဟုတ် နှစ်စဉ်မိမိ၏လုပ်ငန်းဝင်ငွေထွက်ငွေကို စောင့်ကြည့်ပြီး အမြဲတမ်းသုံး သပ်မှုတွေ လုပ်ရမယ်။ ဆင်းဆင်းရဲရမနေချင်ရင် အဆင်းရဲခံနိုင်မှ ဒုက္ခခံနိုင်မှ ကြိုးစားနိုင်မှသာ ချမ်းသာတဲ့ ဘဝကို ရရှိကြလိမ့်မယ်ဆိုတာ စာဖတ်ပရိတ်သတ်ကို တိုက်တွန်းရေးသားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

ခြဲုင်းမူ;ပေ;(စန္တာ;ခမ်း)
Powered by Blogger.