Wednesday, October 31, 2018

“ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါ ရယူလိုမှုနဲ့ ဘတ်ဂျက်များ တောင်းဆိုတာထက် နည်းပညာနဲ့ မိမိဒေသ အနာဂတ်အတွက် အထောက်အကူပြုမဲ့အရာများကို တောင်းဆိုသင့်ကြောင်း ” ဒေသဦးစီး ဥက္ကဋ္ဌဖြားခွန်စံလွင် အကြုံပြု

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်



 

၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဒေသဦးစီးခန်းမ၌ ပြုလုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု (၅)နှစ် စီမံချက်ပေးအပ်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်က ဤသို့ ပြောကြားခဲ့သည်။

အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု (၅)နှစ်(၂၀၁၈-၂၀၂၂)စီမံချက် ပေးအပ်ပွဲတွင် “ဒီ မဟာဗျူဟာမြောက် ၅နှစ် စီမံကိန်းဆိုတာ ကျွန်တော်တို့ အစိုးရဌာနဆိုင်ရာနဲ့ဆိုင်တဲ့အပိုင်းတွေပါကောင်းပါမယ်။ ကျွန်တော်တို့ တီထွင်ကြံဆရမဲ့အပိုင်းလည်း ပါကောင်းပါမယ်။ အစိုးရဌာဆိုင်ရာနဲ့ဆိုင်တဲ့ အပိုင်းကို အစိုးရနဲ့ ချိတ်ဆက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နောက်အစိုးရဆီက မရနိုင်တဲ့အရာကိုတော့ ကျွန်တော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေ၊ UN အဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်သွားရမှာ ဖြစ်တယ်။ အဲလို ပေါင်းစပ်လုပ်ကိုင်တဲ့နေရာမှာ ကျွန်တော့်အနေနဲ့ အကြံတစ်ခုတော့ ပေးချင်ပါတယ်။ အဲတာက ဘာလဲဆိုတော့ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့က ရလိုမှုတစ်ခုအတွက်နဲ့ တောင်းဆိုမှုချည်းချည်းလုပ်တာမျိုး၊ ဘက်ဂျက်ဘဲ တောင်းတာမျိုး ဆောင်ရွက်တာထက် သူတို့ဆီက နည်းပညာတွေ၊ အထောက်အကူပြုမဲ့အရာတွေ၊ ကျွန်တော်တို့ရဲ့ဒေသအနာဂတ်အတွက် အထောက်အကူပြုမဲ့ဟာတွေ တောင်းဆိုဖို့ လိုပါတယ်။ ဒီ Plan အကောင်အထည် ဖော်သွားမဲ့ဒေသဦးစီးအဖွဲ့တွေ မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်အနေနဲ့ ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒကို ဝိုင်းဝန်လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်”  ဟု ဒေသဦးစီးဥက္ကဋ္ဌဖြားခွန်စံလွင်က အဖွင့်အမှာစကားတွင် ပြောကြားအကြုံပြုခဲ့ကြောင်းသိရသည်။

ထို စီမံချက်ပေးအပ်ပွဲတွင် U.K နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန(DFID)မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Gail Marzetti နှင့် MIID မှ Executive Director, Joern Kristensen တို့မှ အမှာစကားပြောခြင်း၊ စီမံကိန်းအစီအစဉ် အဆင့်ဆင့်၏ မှတ်တမ်းဗီဒီယိုအား ကြည့်ရှုခြင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု(၅)နှစ်စီမံချက်ကို U.K နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Gail Marzetti နှင့် MIID မှ Executive Director, Joern Kristensen တို့မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်ထံသို့ ပေးအပ်ခြင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုရေးဆွဲသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက် (၅)နှစ် စီမံကိန်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ စုံစုံလင်လင်ပါဝင်လာသည့်အတွက် အလွန်ပင်အားရကျေနပ်မိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် လိုအပ်သော ငွေကြေးအထောက်အပံ့များကို အစိုးရသော်လည်းကောင်း၊ UK အဖွဲ့အစည်းသော်လည်းကောင်း ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတည်ဆောက်နေသော အချိန်အခါဖြစ်သည်နှင့်အညီ ပအိုဝ်းဒေသ၏ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများက ကျန်ရှိသော ဒေသများအတွက် အတုယူဖွယ်သာဓကတစ်ခုပင် ဖြစ်နေပါကြောင်း MIID မှ Executive Director, Joern Kristensen က အမှာစကားတွင် ပြောကြားခဲ့သည်။

ဒေသဦးစီးဥက္ကဋ္ဌသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၂-ခုနှစ်တွင် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(MIID)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်းရှိ လူမှုရေးအသင်းအဖွဲ့(CSO)များ ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု (၅)နှစ် စီမံကိန်း ရေးဆွဲခဲ့ပြီး ပအိုဝ်းဒေသအတွက် အခြေခံအုတ်မြစ်များဖြစ်သော လမ်းတံတားများ၊ ပညာရေးနှင့် ကျန်းမာရေးအတွက် အခြေခံအဆောက်အအုံများ၊ လူမှုစီးပွား အခြေခံကောင်းများ အဓိကထား လုပ်ဆောင်ခဲ့ပြီး ယခုရေးဆွဲသည့် (၅)နှစ် စီမံကိန်းတွင် ပအိုဝ်းဒေသလူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ထားကြောင်းသိရသည်။

နဂါ့ခွန်
Powered by Blogger.