Wednesday, October 31, 2018

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအဖွဲ့ ကိုယ်စားလှယ်ကို PNO တာဝန်ရှိသူများ လက်ခံတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်



ဒီကနေ့ ၂၀၁၈-ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ နိုင်ငံတကာဆက်ဆံရေးဌာနမှူး ဆရာခွန်ကြည်နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးတို့က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ နိုင်ငံရေးသုတေသန အကြံပေးပုဂ္ဂိုလ် Yuri SAEKI (အေးချမ်းလှိုင်)တို့ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်က ယခုကဲ့သို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များကို လာရောက်တွေ့ဆုံပေးသောကြောင့် အလွန်ပင်ဝမ်းသာပါကြောင်း၊ မိမိတို့၏ ဥက္ကဋ္ဌသည် မအားလပ်သည့်အတွက်ကြောင့် ဥက္ကဋ္ဌကိုယ်စား တွေ့ဆုံပေးရခြင်းဖြစ်ပါကြောင်း၊ နောက်နှောင်လည်း လာရောက်နိုင်ရန် ဖိတ်ကြားအပ်ပါကြောင်း ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ နိုင်ငံရေးသုတေသနအကြံပေးပုဂ္ဂိုလ် Yuri SAEKI က မိမိသိလိုသော (PNO)၏ ငြိမ်းချမ်းရေးသမိုင်းကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှု၊ ဒေသအခြေအနေ၊ နိုင်ငံရေးဦးတည်ချက်များကို မေးမြန်းခဲ့ပြီး (PNO) ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ အကျယ်တဝင့် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း၊ ထို့အတူ ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးက မိမိတို့ လုပ်ဆောင်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပြီး ဂျပန်သံရုံး ကိုယ်စားလှယ်ကို အမှတ်တရစာအုပ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နဂါ့ခွန်
Powered by Blogger.