Tuesday, November 13, 2018

ထီခေါ့ကျေးရွာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လူထုတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

 




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ထီခေါ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ နံနက် (၉း၃၀) အချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူနှင့် ဟိုပုံးမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဟိုပုံးမြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ  လူထုတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာပထမ ထီခေါ့ကျေးရွာ ဆရာတော်ထံမှ ငါးပါးသီလခံယူပြီးနောက်  ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားရာတွင်  ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်မှု ရှိမရှိဆိုတာ ကျေးရွာနေ မိဘပြည်သူတို့၏ စည်းလုံးညီညွှတ်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း၊ အနာဂါတ်မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာတတ်များ များစွာ ပေါ်ထွန်းလာဖို့ လိုအပ်ပါကြောင်း၊ ကျေးရွာလိုအပ်ချက်များကို သက်ဆိုင်ရာ အစိုးရဌာနများထံသို့ တင်ပြသင့်ကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူက အမှာစကားပြောကြားရာ ကျေးရွာဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဒီကျေးရွာမှာဆိုရင် ဆယ်တန်းအောင် ကျောင်းသား/သူများ နည်းပါးလျက်ရှိပြီး ပညာတတ်များ ပိုမိုများပြားလာအောင် မိဘများက ပညာရေးကို အားပေးသင့်ကြောင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ဆိုရင်  ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာသူကြီးများတွင် တာဝန်ရှိပါကြောင်း၊ အိမ်တိုင်းမှတ်ပုံတင်များ၊ အိမ်ထောင်စုဇယားများ ရှိရန်လိုအပ်ကြောင်း၊ လူငယ်များ မူးယစ်ဆေးဝါး မသုံးစွဲသင့်ကြောင်း စသည့်အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက အမှာစကားပြောကြားရာတွင်  ကျွန်တော်တို့လူမျိုးဖွံ့ဖြိုးတိုးတက်မှုအတွက်  ဒီအခြေအနေထိရောက်လာအောင် ခက်ခက်ခဲခဲ ကြိုးစားလာခဲ့ရတာဖြစ်ပါကြောင်း၊  နယ်မြေငြိမ်းချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျင်မြန်စွာလုပ်ကိုင် နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စသောဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာတိုင်း စည်းလုံးညီညွှတ်မှုရှိရန် လိုအပ်ကြောင်း၊ မိဘပြည်သူတို့၏ လိုအပ်ချက်များကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ထံသို့တင်ပြရန် လိုအပ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ဒေသခံမိဘပြည်သူများ၏ တင်ပြချက်များကို  သက်ဆိုင်ရာအစိုးရဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်ဖြေကြားပေးခဲ့ပြီး  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင်ဝင်းထွန်းက ၂၀၁၇-၂၀၁၈ ဘတ်ဂျတ်တွင် ကျောက်တန်းလမ်းခွဲမှ ထီခေါ့၊ နမ်းပေါ်ချွန်း၊ ထီဖြွန်းကျေးရွာတို့ကို (၃)မိုင်(၅)ဖာလုံ လမ်းအကျယ် ပေ(၃၀)  မြေသားလမ်း ဖောက်လုပ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

လူထုတွေ့ဆုံပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဟိုပုံးမြို့နယ် ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူး ဦးတင်ဝင်းထွန်း၊ ဟိုပုံးမြို့နယ် လျှပ်စစ်ဓါတ်အားဖြန်းဖြူးရေးဌာန ဦးစီးမှူး ဦးကျော်ကျော်ဦး၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုးလွင်မြင့်၊ ဟိုပုံးမြို့နယ် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးချစ်ဆွေနှင့် ကိုနိုင်လင်းထွန်း၊ ထီခေါ့ကျေးရွာ၊ နမ်းပေါ်ချွန်းကျေးရွာ၊ ထီဖူးကျေးရွာ၊ ထာပူးတန်ကျေးရွာတို့မှ ဒေသခံပြည်သူများ (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ထီခေါ့၊ နမ်းပေါ်ချွန်း၊ ထီဖြွမ်းကျေးရွာချင်းဆက် လမ်းအခြေအနေများကို သွားရောက်ကြည့် ရှု့ခဲ့ကြောင်း သိရပါသည်။

ခွန်ယံသေ
Powered by Blogger.