Tuesday, November 20, 2018

ဒေသခံအာလူးစိုက်တောင်သူများသိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်


ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၏ ’’နယ်စပ်ကုန်သွယ်ရေးမှ ပြည်တွင်းဈေးကွက်သို့ တရုတ်အာလူးများ တရားမ၀င် တင်သွင်းနေခြင်းကြောင့် ဒေသခံအာလူးစိုက်တောင်သူများမနစ်နာစေရန် မည်ကဲ့သို့သောအစီအမံများဆောင်ရွက်ထားသည့်ကိုဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃(က) (ခ)အရသိလိုခြင်း၊ နယ်စပ်ကုန်သွယ်းရေးမှ ပြည်တွင်းသို့ တင်သွင်းနေခြင်းသည် သက်ဆိုင်ရာအစိုးရမှ တရားဝင်ခွင့်ပြုထားခြင်းရှိ/မရှိ နှင့် တောင်သူများအတွက် ပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သောမျိုးကောင်းမျိုးသန့်များ၊ နည်းပညာများ၊ သွင်းအားစုများကိုဆောင်ရွက်ထားရှိမှု အခြေအနေများအားသိရှိလိုခြင်း’’ နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရှင်းလင်းဖြေကြားချက်----

၁။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမေးမြန်းထားသည့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်တွင်းသို့ တင်သွင်းနေခြင်းသည် သက်ဆိုင်ရာအစိုးရမှ တရားဝင်ခွင့်ပြုထားခြင်းရှိ/မရှိ’’ မေးမြန်းချက် နှင့်ပတ်သက်၍ ဖြေကြားရမည်ဆိုလျှင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင်လည်းကောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လိုအပ်ချက်အရ ပြည်ပမှ ကုန်ပစ္စများတင်သွင်းရောင်းချရာတွင်လည်းကောင်းပို့ကုန်၊ သွင်းကုန်လိုင်စင်၊ ပါမစ်များကိုစိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။

၂။ စိုက်ပျိုးရေးထွက်ကုန်များအနက် ပြည်တွင်းစားသုံးရန် မလုံလောက်သည့် ကုန်ပစ္စည်းများကိုသာဈေးကွက်လိုအပ်ချက်အရ ပြည်ပမှတင်သွင်းခွင့်ပြုရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် (Import Certificate – IC) ပါရှိမှသာတင်သွင်းခွင့်ပြုပေးလျက်ရှိသော်လည်းအာလူးအားနယ်စပ် ကုန်သွယ်ရေးစခန်းများမှတင်သွင်းခွင့်ပြုပေးထားခြင်းမရှိပါကြောင်းဖြေကြားအပ်ပါသည်။

၃။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမေးမြန်းထားသည့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်တွင်းဈေးကွက်သို့ တရုတ်အာလူးများ တရားမ၀င် တင်သွင်းနေခြင်းကြောင့် ဒေသခံအာလူးစိုက်တောင်သူများမနစ်နာစေရန် မည်ကဲ့သို့သောအစီအမံများဆောင်ရွက်ထားသည်ကိုဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃ (က) (ခ) အရသိလိုခြင်းမေးမြန်းချက်နှင့်ပတ်သက်၍ တရားမ၀င်ကုန်ပစ္စည်းများ ထားဆီးထိန်းချုပ်ရေးလုပ်ငန်းများကိုစီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တားဆီးဆောင်ရွက် လျက်ရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းဝန်းကျင်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တရားမ၀င် ကုန်သွယ်မှုများကိုတားဆီးဆောင်ရွက်လျက်ရှိပါသည်။ ၁၅ - ၁ ၂၀၁၈ ရက်နေ့တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် တရုတ်နိုင်ငံမှ ထွက်ရှိသည့်တရားမ၀င် အကောက်ခွန်မဲ့ အာလူးအိတ်ကြီး(၇၂၀)အိတ်၊ အိတ်သေး(၆၃၀)အိတ်နှင့် အာလူး(၁၆.၈၀)တန်ပါ ယာဉ်(၄)စီးအားတားဆီးဆောင်ရွက်နိုင်ခဲ့ပါသည်။

၎။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်းမေးမြန်းထားသည့် တောင်သူများအတွက် ပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သောမျိုးကောင်းမျိုးသန့်များ၊ နည်းပညာများ၊ သွင်းအားစုများကိုဆောင်ရွက်ထားရှိမှု အခြေအနေများအားသိရှိလိုခြင်းမေးမြန်းချက်တို့နှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၁၄ ခုနှစ်ခန့်က စတင်စိုက်ပျိုးခဲ့သော Up To Date (စစ်ဗိုလ်မျိုး)မှာ နှစ်ပေါင်းများစွာစိုက်ပျိုးထားသည့် အာလူးမျိုးဖြစ်သည့်အတွက် မျိုးအရည်အသွေးကျဆင်းလာခြင်း၊ အာလူးနှောင်းပင်နာကျ ရောဂါခံနိုင်ရည်နည်းလာခြင်းတို့ကြောင့် မျိုးအစားထိုးနိုင်ရန်အတွက် ဟဲဟိုးမျိုးပွားဥယျာဉ်ခြံတွင် အာလူးမျိုးသစ်များအားဒေသနှင့်သင့်တော်မှုရှိ၊ မရှိ စမ်းသပ်စိုက်ပျိုးခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပါသည်။

၅။ ၁၉၉၅ ခုနှစ်တွင် Kufrijyotiမျိုးနှင့် CIP 24 မျိုးများကိုတင်သွင်း၍ စပ်သပ်စိုက်ပျိုးခဲ့ရာအာလူးနှောင်းပင်နာကျရောဂါကိုအတော်အသင့် ခံနိုင်ရည်ရှိပြီးအထွက်နှုန်းကောင်းမွန်သောကြောင့် Up To Date မျိုးနေရာတွင် အစားထိုးစိုက်ပျိုးလာခဲ့ကြပါသည်။ ယခုအခါ Kufrijyotiမျိုးကိုပွင့်ဖြူအာလူးမျိုးအမည်ဖြင့် တောင်သူများအများအပြားတိုးချဲ့စိုက်ပျိုးလာပြီးအထွက်နှုန်းနှင့် အာလူးနှောင်းပင်နာကျရောဂါခံနိုင်ရည် ရှိခြင်း၊ အာလူးကြော်လုပ်ငန်းအတွက် သင့်တင့်ကောင်းမွန်ခြင်းတို့ကြောင့် စိုက်ပျိုးမှု များပြားလာခဲ့ပါသည်။

၆။ ၂၀၁၀ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအာလူးဗဟိုဌာနမှ CIP အာလူးမျိုးသစ်များကိုတင်သွင်း၍ ဟဲဟိုးမျိုးပွားဥယျာဉ်ခြံတွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ CIP-L 11 မျိုးမှာအထွက်နှုန်းကောင်းပြီးအာလူးနှောင်းပင်နာကျရောဂါဒဏ် ခံနိုင်ရည်ရှိပြီးအလားအလာကောင်းသည့် မျိုးဖြစ်သဖြင့် ဟဲဟိုးမျိုးပွားဥယျာဉ်ခြံနှင့် CDN (Consortiun of Dutch NGOs) နှင့်ပူးပေါင်း၍ ၂၀၁၂ ခုနှစ်တွင် တောင်သူများထံတွင် စမ်းသပ်စိုက်ပျိုးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဆက်လက်စမ်းသပ်စိုက်ပျိုးခဲ့ရာပင်ညိုးရောဂါ ဒဏ်ခံနိုင်ရည် မရှိသဖြင့် ဆက်လက်မျိုးပွားဖြန့်ဖြူးခြင်းမပြုလုပ်နိုင်ခဲ့ပါ။

၇။ ၂၀၁၄ ခုနှစ်တွင် AevntineCol.Ltdသည် Pepsi Cola နှင့် ပူးပေါင်း၍ အာလူးကြော်လုပ်ငန်းအတွက် အသုံးပြုရန် Adentic နှင့် Arsenal မျိုးတို့ကို ပြင်ပမှ တင်သွင်း၍ ကလောမြို့နယ်၊ ဟဲဟိုးဒေသ၊ တောင်ကြီးမြို့နယ်၊ သံတဲနှင့် တောင်နီဒေသများတွင် တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ယနေ့အထိစိုက်ပျိုးလျက်ရှိပါသည်။

၈။ ၂၀၁၅ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ Markies နှင့် Carolusအာလူးမျိုးများကိုဟဲဟိုးဒေသ၊ ဟိုပုံးဒေသ၊ ကျောက်တန်းဒေသတို့တွင် စပ်းသပ်စိုက်ပျိုးခဲ့ရာအထွက်နှုန်းကောင်းမွန်ပြီးအာလူးနှောင်းပင် နာကျရောဂါ ခံနိုင်ရည်ရှိကြောင်းတွေ့ရှိရ၍ မျိုးစေ့ဥပဒေနှင့်အညီမျိုးစေ့အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပြီးတောင်သူများကိုမျိုးဖြန့်ဖြူးပေးလျက်ရှိပါသည်။

၉။ ၂၀၁၆ ခုနှစ်တွင် ဟဲဟိုးမျိုးပွားဥယျာဉ်ခြံတွင် Aventine Co.Ltd မှ အာလူးပညာရှင်နှင့် US Potato Board အာလူးပညာရှင်တို့ ပူးပေါင်း၍ အမေရိကန် အာလူးမျိုးသစ်(၁၂)မျိုး၊ ၂၀၁၇ ခုနှစ်တွင် အာလူးမျိုးသစ်(၁)မျိုးနှင့် ၂၀၁၈ ခုနှစ်တွင် အာလူးမျိုးသစ်(၃)မျိုးတို့ကိုစိုက်ပျိုးရန် သင့်တော်မှုရှိ၊ မရှိ စမ်းသပ်စိုက်ပျိုးခြင်းများဆောင်ရွက်၍ သင့်တော်သည့် မျိုးရွေးချယ်နိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ပါသည်။

၁၀။ လက်ရှိတွင် ဟဲဟိုးမျိုးပွားဥယျာဉ်ခြံနှင့် Adavanced Agricultural Engineering Co.Ltd (AAE)တို့ ပူးပေါင်း၍ အိန္ဒိယနိုင်ငံမှ အာလူးမျိုးသစ်(၄)မျိုးအားစမ်းသပ်ကွက်များပြုလုပ်၍ စိုက်ပျိုးလျက်ရှိပါသည်။ စမ်းသပ်ချက် အဖြေများအရ မြန်မာနိုင်ငံနှင့် သင့်တော်သည့် မျိုးဖြစ်ပါကမျိုးစေ့ဥပဒေအရမျိုးစေ့အသိအမှတ်ပြုလက်မှတ် ရရှိအောင်ဆောင်ရွက်၍ တောင်သူများစိုက်ပျိုးနိုင်ရန် မျိုးစေ့ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဖြန့်ဖြူးသွားမည် ဖြစ်ပါသည်။

၁၁။ ဟဲဟိုးမျိုးပွားဥယျာဉ်ခြံတွင် တောင်သူများဖိတ်ခေါ်၍ မျိုးသစ်အခြေအနေများ ပြသခြင်း၊ စိုက်ပျိုးနည်းသင်တန်းပေးခြင်း၊ စက်ကိရိယာဖြင့် အာလူးစိုက်ပျိုးခြင်း၊ တူးဖော်ခြင်းများအားကွင်းသရုပ်ပြပွဲများပြုလုပ်၍ နည်းပညာပေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဘိန်းအစားထိုးဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးဒေသတို့တွင်လည်းအာလူးစိုက်ပျိုးနည်းစနစ်များ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးသုံးစွဲခြင်းနည်းများသွားရောက်ပညာပေးခြင်းကိုလည်းဆောင်ရွက်လျက် ရှိပါသည်။

၁၂။ မြန်မာ - နယ်သာလန် နှစ်နိုင်ငံပူးပေါင်း၍ နယ်သာလန်နိုင်ငံမှ အာလူးကျွမ်းကျင်ပညာရှင်များအဖွဲ့ သည် တန်ဖိုးမြင့် အာလူးစိုက်ပျိုးရေး ကျွမ်းကျင်သူသင်တန်းအားဟဲဟိုးမျိုးပွားဥယျာဉ်ခြံတွင် ၂၀၁၆ ခုနှစ်၊ မေလ၊ ဇွန်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ မေလတွင် ၎င်းသင်တန်းသားများနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ၀န်ထမ်း(၉)ဦး၊ တောင်သူ(၆)ဦး၊ မိတ်ဖက်ကုမ္ပဏီမှ(၅)ဦး၊ အဖွဲ့အစည်းများမှ(၃)ဦးစုစုပေါင်း (၂၃)ဦးတက်ရောက်ခဲ့ပါသည်။

၁၃။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လက်ရှိတွင်လည်းတောင်သူများစက်မှုကဏ္ဍကူးပြောင်းနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန၊ New Holland Aventine Advanced Agricultural Engineering Co.Ltd (AAE) စသည့် ကုမ္ပဏီများနှင့် ပူးပေါင်း၍ တောင်သူကွင်းများတွင် စက်ဖြင့် အာလူးစိုက်ပျိုးခြင်း၊ တူးဖော်ခြင်းများကိုဆောင်ရွက်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပ၍ ပညာပေးခြင်းများဆောင်ရွက်လျက် ရှိပါသည်။

၁၄။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်တွင် ပါရှိသည့် တောင်သူများအတွက် ပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သောသွင်းအားစုများဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ ဖြေကြားရမည်ဆိုလျှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တောင်သူများအတွက် ပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သောစက်ကိရိယာပစ္စည်းများ၊ သွင်းအားစုများရရှိနိုင်ရေးအတွက် နိုင်ငံသားကုမ္ပဏီများအပြင် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများကိုဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ကုန်သွယ်ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအားလည်းလယ်ယာသုံးစက်ကိရိယာများကိုကုန်သွယ်ခွင့်ပြုပေးထားပါသည်။ ထို့အပြင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးစက်ကိရိယာများကိုသွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားပြီး ဖြစ်ပါသည်။

၁၅။ ထို့အပြင် လယ်ယာစိုက်ပျိုးရေးသုံးပိုးသတ်ဆေးအမျိုးမျိုး၊ ပေါင်းသတ်ဆေးအမျိုးမျိုး၊ စိုက်ပျိုးရေးသုံးရောဂါကာကွယ်ဆေးနှင့် ရောဂါသတ်ဆေးအမျိုးမျိုး၊ လယ်ယာသုံးစက်ကိရိယာများ၊ စက်အပိုပစ္စည်းများ၊ ထွန်စက်များအားကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပါသည်။

၁၆။ ထို့အပြင် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy – NES)ကိုဦးစားပေးကဏ္ဍ များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီးအမျိုးသားပို့ကုန်မဟာဗျူဟာတွင် ထပ်မံထည့်သွင်းဆောင်ရွက်မည့် ကဏ္ဍသစ်များအနေဖြင့် လယ်ယာထွက်အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ (Agro – Food Processing) နှင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ (Fruits and Vegetable) တို့ကိုရွေးချယ်၍ အကောင်အထည်ဖော်သင့်သည့်လုပ်ငန်းစီမံချက်များပေါ်ထွက်လာအောင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

၁၇။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် အာလူးအပါအ၀င် သစ်သီးဝလံများနှင့် အသီးအနှံများအရည်အသွေးမှန်ကန်စွာထုတ်လုပ်မှု တိုးမြင့်စေရေး၊ ဈေးကွက်/ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ သီးနှံစိုက်ပျိုးသည့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်းဆင်းလေ့လာရေးအစီအစဉ်များဖြင့် အပြန်အလှန် သွားရောက်စေခြင်းများဆောင်ရွက်ပေးခြင်းအပြင် ဒေသအလိုက် သီးနှံဇုန်များ၊ သီးနှံအစုအဖွဲ့များဖွဲ့စည်းနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါသည်။

၁၈။ အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု တိုးမြင့်လာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့နယ်တွင် အာလူးဇုန် (၁)ခု၊ အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(၁)ခု၊ နောင်တရားမြို့နယ်တွင် အာလူးဇုန်(၁)ခု၊ အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(၁)ခု၊ ပင်တယမြို့နယ်တွင် အာလူးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်း(၁)ခု၊ စုစုပေါင်းအာလူးနှင့်ပတ်သက် သည့်ဇုန်(၂)ခု၊ အသင်း(၁)ခုနှင့်  အစုအဖွဲ့(၂)ခုဖွဲ့စည်းပေးနိုင်ခဲ့ပြီးအာလူးစိုက်တောင်သူများနှင့် ရောင်းဝယ်ဖောက်ကားသူများအကြား အပြန်အလှန် ထိန်းကျောင်းမှုများကိုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိပါ ကြောင်းဖြေကြားအပ်ပါသည်။

လွှတ်တော်ရေးရာဌာန(PNO)
Powered by Blogger.