Tuesday, November 13, 2018

“ပျော်ရွှင်နွှဲပျော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်”

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်

Photo-Credit

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ(၁၃၅)မျိုးဖြင့်ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။ လူမျိုးတစ်မျိုး၏ အဆင့်အတန်းကိုစာပေ၊ အနုပညာ၊ ယဉ်ကျေးမှု အစရှိသည့် စံပေတံဖြင့် တိုင်းတာကြသည်။ ထို့ကြောင့် လူမျိုးတိုင်းတွင် သက်ဆိုင်ရာရိုးရာယဉ်ကျေးမှု၊ ရိုးရာပွဲတော်များအသီးသီးရှိကြသည်။ မြန်မာလူမျိုးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်၊ အနုပညာလက်ရာများကိုထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြသည်နှင့်အညီ မြန်မာလ (၁၂)လရာသီလုံးတွင် ရိုးရာပွဲတော်များရှိကြကာပျော်ရွှင်စွာပါဝင်ဆင်နွှဲလေ့ရှိကြသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ရိုးရာပွဲတော်များကိုရှေးဘိုးဘွားဘီဘင်မြန်မာမင်းများလက်ထက်တော်အခါမှစ၍ ကျင်းပလာကြသည်မှာ ယနေ့ခေတ်ထိတိုင်အောင်ပင်ဖြစ်ပါသည်။ မြန်မာလများဖြစ်သောတန်ခူးလတွင် အတာရေသဘင်ပွဲတော်၊ ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်၊ နယုန်လတွင် စာပြန်ပွဲတော်၊ ဝါဆိုလတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ၊ ဝါခေါင်လတွင် စာရေးတံပွဲတော်၊ တော်သလင်းလတွင် လှေပြိုင်ပွဲ၊ သီတင်းကျွတ်လတွင် မီးထွန်းပွဲတော်၊ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်ပွဲတော်ကထိန်ပွဲ၊ နတ်တော်လတွင် စာဆိုပွဲတော်၊ ပြာသိုလတွင် မြင်းခင်းပွဲတော်၊ တပို့တွဲလတွင် ထမနဲပွဲတော်နှင့် နောက်ဆုံးလဖြစ်သောတပေါင်းလကို သဲပုံစေတီပွဲတော်စသည်အသီးသီးတို့ကိုကျင်းပလာခဲ့သည်မှာရှေးဟောင်းအစဉ်အဆက်ကပင်ဖြစ်ကြောင်းအများကလက်ခံကြပြီးဖြစ်သည်။

မြန်မာလရာသီအလိုက် အစဉ်အဆက်မပြတ် ကျင်းပလေ့ရှိသောရိုးရာပွဲတော်များသည် မြန်မာတို့၏ ဘာသာတရားကိုင်းရှိုင်းမှု၊ ရိုးရာယဉ်ကျေးမှုကိုချစ်ခင်မြတ်နိုးမှု၊ စေတနာသဒ္ဒါတရားထက်သန်မှုတို့ကိုမီးမောင်းထိုးပြသောအမှတ်တံဆိပ်များပင်ဖြစ်သည်။ ၎င်းတို့သည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာများပင် ဖြစ်လေသည်။ ထိုပျော်ရွှင်ဖွယ်ကောင်းလှသောသီရိကျက်သရေအပေါင်းနှင့် ဝေဆာနေသောရိုးရာပွဲတော်များအနက် တန်ဆောင်မုန်းလတန်ဆောင်တိုင်ကထိန်ပွဲတော်ဖြစ်သော နှစ်စဉ်နှစ်တိုင်းလိုလိုစည်ကားသိုက်မြိုက်စွာကျင်းပသည့်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အကြောင်းတစေ့တစောင်းကိုတင်ပြသွားမည်ဖြစ်သည်။
တန်ဆောင်မုန်းလတွင် ကထိနခေါ်ကထိန်သင်္ကန်းကပ်လှူပွဲ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကိုဗုဒ္ဓဘာသာဝင်များပီပီနှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။ ပွဲတော်ကို တန်ဆောင်မုန်းလ၊ လဆန်းပိုင်းလောက်မှစတင်ကျင်းပပြီးတန်ဆောင်မုန်းလပြည့်အထိ (၁၀)ရက်တာဆင်နွှဲလေ့ရှိသည်။ ပွဲတော်တွင် နေ့လွှတ်မီးပုံးပျံ၊ ညလွှတ်မီးပုံးပျံများဝင်ရောက်ယှဉ်ပြိုင်ကြသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှတိုင်းရင်းသားညီအစ်ကိုများသည် အဆင့်အတန်းမခွဲခြားပဲအတူတကွဆင်နွှဲလေ့ရှိသောနိုင်ငံကျော်ပွဲတော်ကြီးဖြစ်ပါသည်။ ထို့အပြင်နိုင်ငံရပ်ခြားခရီးသွားဧည့်သည်များလည်းစိတ်ဝင်စားပြီးအတူပါဝင်ဆင်နွှဲပျော်ရွှင်သောပွဲတော်ဖြစ်သည်။ မီးပုံးပျံပြိုင်ပွဲ၊ ရောင်စုံယမ်းမီးပူဇော်ပွဲများသည် ဗုဒ္ဓဘုရားရှင်လက်ထက်တော်အခါကပုရာဏကဿပဂိုဏ်းဝင် ဒိဌိတက္ကဒွန်းများကဘုရားရှင်၏ရောင်ခြည်ခြောက်သွယ်အားအပြိုင်တုနိုင်ရန် အထောက်အကူပြုပစ္စည်းများဖြစ်သည့် ရောင်စုံယမ်းမီးများမီးကျည်မီးလုံးများမီးပုံးများကို ထွန်းညှိရောင်ဝါပြုခဲ့ကြောင်းဆိုသည်။ ဗုဒ္ဓပွင့်တော်မမူမီကနက္ခတ်ပွဲသဘင်ကိုမိုးလေကင်းစင်ပြီးတာရာစုံထွန်းလင်းတောက်ပသည့် ဤလ၌ ကျင်းပလေ့ရှိသည်။

မြန်မာနိုင်ငံ၏ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် နာမည်ကြီးရုံမျှမကနိုင်ငံကျော်ပွဲတော်အဖြစ်သတ်မှတ်ခံရသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးစတင်မည့်ညဖွင့်ပွဲညတွင်အရေအတွက်ထောင်ကျော်ရှိသည့် မီးပုံးပျံငယ်လေးများ၊ လေထီးလေးများကိုမိုးတိမ်ကင်းစင်ပြီးတာရာစုံထွန်းလင်းတောက်ပသောကောင်းကင်ယံထက်တွင် လွှတ်တင်ခြင်း၊ ကောင်းကင်ယံတွင် မီးရှူးမီးပန်းများလည်းပုံစံအမျိုးမျိုးဖြင့် ပေါက်ကွဲဖြာထွက်ကာခိုပျံကလေးကဲ့သို့မီးရှူးမီးပန်းများ၊ ငါးရှဥ့်ပျံကလေးကဲ့သို့မီးရှူးမီးပန်းများ၊ ရေတံခွန်ကဲ့သို့ ဖြာကျလာသောမီးရှူးမီးပန်းများ၊ လေထီးလေးများဝဲပျံသည့်ပုံစံမီးရှူးမီးပန်းများလွှတ်တင်ပြီးတိုင်းရင်းသားအကပဒေသာများ၊ နိုင်ငံကျော်အဆိုတော်တို့၏ ဖျော်ဖြေမှုများဖြင့် ကြက်သီးထလောက်ဖွယ် ဖွင့်ပွဲည၊ ပွဲတော်ညကိုစည်ကားသိုက်မြိုက်စွာ ကြိုဆိုကြပါသည်။ ထို့အတူတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲညတွင်လည်း၎င်းနည်းတူစွာပြုလုပ်ကျင်းပသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် တန်ဆောင်မုန်းလလပြည့်မတိုင်မီဆောင်းည၏လပြည့်ဝန်းကကောင်းကင်ယံထက်မှာတိမ်များကင်းစင်ကာဝင်းဝင်းပပသာလျက်ရှိပါသည်။ တောင်ကြီး၏ဆောင်းညကအေးစက်လှသော်လည်းလူရေစီးကြောင်းထဲသို့ စီးမျောဝင်ရောက်လာချိန်မှာတစ်စတစ်စ နွေးထွေးလာပါသည်။ တောင်ကြီးအဝေရာမီးပုံးပျံကွင်းပြင်ကျယ်ကြီးထဲမှာလည်း ပွဲလာပရိသတ်များနှင့်ပြည့်နှက်နေပါသည်။ ပွဲလာပရိသတ်များသည်လည်း တိုင်းရင်းသားတို့၏ အိုးစည်ဗုံမောင်းသံကြားကာသွက်သွက်လမ်းလျှောက်နေရင်းကဆွဆွပြေးလိုက်၊ ထခုန်လိုက်လုပ်နေကြပါသည်။ ပွဲဈေးတန်းတစ်လျှောက် စီးမျောငေးမောရင်းလူစုကွဲမသွားအောင်လည်းဂရုစိုက်ရသေးသည်။ အဝေရာမီးပုံးပျံကွင်းသို့ မရောက်မီပွဲဈေးတန်းတစ်လျှောက်တွင် မုန့်ဆိုင်များ၊ ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်ပယ်အသီးသီးမှ လာဖွင့်လှစ်သည့် ပရိုမိုးရှင်းဆိုင်ခန်းများကို ဖြတ်ကျော်လာရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် မီးပုံးပျံအမျိုးမျိုးဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။ မီးပုံးပျံများသည် စိန်နားပန်မီးပုံးပျံ၊ ညမီးကျည် မီးပုံးပျံများဖြစ်ပြီးစိန်နားပန်မီးပုံးပျံအမျိုးအစားသည် မီးပုံးပျံတွင် မီးပုံးကလေးများချိတ်ဆွဲပြီးလွှတ်တင်ရသည့် အမျိုးအစားဖြစ်ပြီး၊ ညမီးကျည်မီးပုံးပျံအမျိုးအစားသည်ယမ်းများကိုပုံစံအမျိုးမျိုး၊အလေးချိန်အမျိုးမျိုးဖြင့် မီးပုံးပျံမှာချိတ်ဆွဲ၍ လွှတ်တင်ပြီးကောင်းကင်ပေါ်ရောက်မှ ယမ်းများကပုံစံအမျိုးမျိုးနှင့် ပေါက်ကွဲဖြာထွက်လာကာခိုပျံလေးပုံစံမီးရှူးမီးပန်းများ၊ ငါးရှဥ့်လေးပုံစံမီးရှူးမီးပန်းများ၊ ရေတံခွန်ပုံစံဖြာကျလာသည့် မီးရှူးမီးပန်းများသည် ကောင်းကင်ယံတွင်လှပစွာပေါက်ကွဲဖြာထွက်သည့် မီးပုံးပျံအမျိုးအစားဖြစ်သည်။ 

ဆောင်းညကောင်းကင်မှာလည်း နှင်းများဖြာမှုန်လာသည်။ မီးပုံးပျံအလှကလေးတွေ စီရီလှပစွာချိတ်ဆွဲထားသောမှိုင်းဝနေသည့်မီးပုံးပျံကြီးကကောင်းကင်ဆီထိုးတက်သွားသည်။ ပရိသတ်၏ လက်ခုပ်သံများ၊ အိုးစည်ဗုံမောင်းအသံနောင်….ဗိန်….နောင်….. အသံများသည် ကွင်းပြင်ကျယ်ထဲတွင် ဆူညံနေပါသည်။ ဆောင်းည၏နှင်းများဖြင့် မှုန်မှိုင်းမှောင်ရီနေသောကောင်းကင်နက်နက်နောက်ခံဖြင့် စိန်နားပန် မီးပုံးပျံကြီးကလင်းလက်ဝင်းပစွာတရွေ့ရွေ့မြင့်တက်သွားပါသည်။ ကောင်းကင်ဆီသို့ လွတ်လပ်စွာပျံတက်သွားသောမီးပုံးပျံကြီးကိုငေးမောအားကျနေမိသည်။ စိန်နားပန်မီးပုံးပျံကိုမော့ငေးကြည့်နေလိုက်ရုံနှင့် မပြီးသေးပေ။ ကွင်းထဲရောက်ပါကသူ့ထက်ပိုလှသောညမီးကျည်မီးပုံးပျံကို မြင်ရမှသာရင်သပ်ရှုမောဖြစ်သွားမှာအသေအချာပင်ဖြစ်သည်။

ကွင်းလယ်တွင်မီးပုံးပျံလွှတ်တင်မည့်အဖွဲ့ထဲကအိုးစည်ဗုံမောင်းတီးနေသည့် အရောင်သွေးစုံလှသည့် တိုင်းရင်းသားများကိုလှမ်းမြင်မြင်ချင်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်နေမိသည်။ အရောင်သွေးစုံသည့် တိုင်းရင်းသားများသည် တက်ကြွပျော်မြူးလျက် အိုးစည်ဗုံမောင်းတီးရင်းခြေလက်များညီညီညာညာမြောက်ကာကခုန်နေကြသည်။ မီးပုံးပျံကြီးကလည်းမှိုင်းဝကာတရှူးရှူးမြည်လာသည်။ မီးပုံးပျံတက်ခါနီးတွင် ယမ်းတွဲများကိုမီးပုံးပျံမှာချိတ်ဆွဲတပ်ဆင်လိုက်ကြသည်။ ညမီးကျည်မီးပုံးပျံသည် ကောင်းကင်ယံသို့ တရွေ့ရွေ့မြင့်တက်သွားပါသည်။ လှလှပပမြင့်တက်သွားသောညမီးကျည်ကကောင်းကင်ယံအမြင့်ထက်မှာလင်းလက်ဖြာဝေသွားပါသည်။ ရေတံခွန်လိုဖြာထွက်လာသောမီးရှူးမီးပန်းများ၊ ခိုပျံလေးလိုပျံဝဲလာသောမီးရှူးမီးပန်းများ၊ လေထီးလိုလွှင့်ဝဲပြီးမှ ဖြာထွက်လာသောအရောင်သွေးစုံ၊ ပုံစံစုံမီးပန်းများကကောင်းကင်ယံပေါ်မှာတဆင့်ချင်းတဆင့်ချင်းလှလှပပပေါက်ကွဲဖြာဝေနေသည်။ လရောင်လင်းနေသည့် ကောင်းကင်ပြင်ထက်မှာ လနှင့်အပြိုင်ဖြာလင်းနေသောညမီးကျည်မီးရှူးမီးပန်းများသည် အစွမ်းကုန်ပေါက်ကွဲဖြာကျကာဝေးလွှင့်သွားသည်။ ဆောင်းညကပို၍ချမ်းလာကာ နှင်းများပို၍ မှုန်ရီလာသည်။ လမင်းကြီးလည်းကောင်းကင်ယံအမြင့်ထက်သို့ မြင့်သထက်မြင့်တက်လာသည်။

တန်ဆောင်တိုင်ပွဲမှာမီးပုံးပျံပြိုင်ပွဲအပြင် တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့လုံးကျွတ်ဘုံကထိန်လှည့်သည်ကိုလည်းမလွှတ်တမ်းကြည့်ဖို့ရန် တိုက်တွန်းလိုပါသည်။ မြို့လုံးကျွတ်ဘုံကထိန်ပွဲမှာလည်းတိုင်းရင်းသားတို့၏ မြူးကြွသည့်အိုးစည်ဗုံမောင်းသံနှင့်အတူလှပသည့် ပဒေသာပင်အမျိုးမျိုးကို မြင်တွေ့ရပါမည်။ ထို့အတူလပြည့်ညတွင်လည်းစူဠာမုနိမြတ်ဗုဒ္ဓစေတီတော်ကြီးဆီသို့ တိုင်းရင်းသားတို့၏ မီးကြာဆံလှည့်သောမီးပူဇော်ပွဲကို ကြည့်ရှုရန်အတွက်လည်းလက်မလွှတ်သင့်ပေ။

ထိုသို့ ပျော်ရွှင်ဖွယ်ကောင်းလှသည့် ပွဲတော်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပေသည်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိုထိန်းသိမ်းကာရိုးရာပွဲတော်ကိုအစဉ်အလာမပျက် ပျော်ရွှင်စွာဆင်နွှဲခြင်းဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သတင်းကိုကမ္ဘာ့အလယ်တွင် တင့်တယ်ထည်ဝါစေအောင် မြှင့်တင်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ထို့ကြောင့် ငွေစင်ကြယ်လမင်းသာနေသောတန်ဆောင်မုန်းညတွင် ကျွန်ုပ်တို့ရိုးရာပွဲတော်တောင်ပေါ်မြေ၏ အလှနှင့် မြူတွေအုံ့ဆိုင်းလို့နေသည့် တိုင်းရင်းသားတို့၏ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကိုလှမ်းလာခဲ့ပါဟုဖိတ်ခေါ်အပ်ပါသည်။

နင်,မေရီခိုင် (နောင်တရား)
Powered by Blogger.