Monday, November 19, 2018

ရွှေပြည်တော် မျှော်တိုင်းဝေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်


ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ သဘောထားကွဲလွဲခွင့်နှင့် ဝေဖန်ပိုင်ခွင့်၊ ထောက်ပြပိုင်ခွင့် ရှိသည်ဟု စာရေးသူအနေဖြင့် သိရှိနားလည်ထားသည့်အတွက် အရှိကိုအရှိအတိုင်း၊ မြင်သည်ကို မြင်သည့်အတိုင်း ရေးသားရခြင်း ဖြစ်ပါသည်။ စာရေးသူအား ဤအကြောင်းအရာ ရေးဖြစ်အောင် တွန်းအားပေးသည့်အရာမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၃၀၀) ချေးယူရန် (၃.၁.၂၀၁၅) ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှလည်း (၂၅.၈.၂၀၁၅)ရက်နေ့တွင် အတည်ပြုခဲ့ပါကြောင်း (၅.၆.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေး သတ္တမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအရ သိရှိရပါသည်။ အဆိုပါ အမေရိ ကန်ဒေါ်လာ သန်း(၃၀၀)ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)အား အကောင်အထည် ဖော်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသော ဒေသများသို့ ဓာတ်အားစနစ် မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် လုပ်ငန်းစဉ်အဆင့်(၄)ခု ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည်ဟု တစ်နေ၀င် တစ်နေထွက်၊ လချီ၊ နှစ်ချီ စောင့်မျှော်လျှက်ရှိသော စာရေးသူအပါအ၀င် ကျေးလက်နေပြည်သူများလည်း ကြားသိရသည့်အတွက် များစွာဝမ်းသာပီတိ ဖြစ်ရပါသည်။

အဆိုပါ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (NEP)စီမံကိန်း၏ အဆင့်(၄)ဆင့်မှာ ပထမအဆင့် အနေဖြင့် ပင်မဓာတ်အားစနစ်မှ (၂)မိုင်ပတ်လည်အတွင်း ကျေးရွာများကိုလည်းကောင်း၊ ဒုတိယအဆင့် (၂)မိုင်မှ (၅)မိုင်ပတ်လည်အတွင်း ကျေးရွာများကိုလည်းကောင်း၊ တတိယအဆင့် (၅)မိုင်မှ (၁၀)မိုင် ပတ်လည်အတွင်း ကျေးရွာများကိုလည်းကောင်း၊ စတုတ္ထအဆင့် (၁၀)မိုင်အထက် ကျေးရွာများကို ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်၍လည်းကောင်း ဦးစားပေးအဆင့်အလိုက် စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု ၀မ်းသာစွာ သိရှိရပါသည်။ ဤနေရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး (NEP) စီမံကိန်း၏ အဆင့်(၄)ဆင့်ကို ကြည့်ခြင်းအားဖြင့် ပထမအဆင့်တွင် ပါဝင်သော (၂)မိုင် ပတ်လည် ကျေးရွာများ ဓာတ်အားရရှိရေးကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လိုအပ် သော ဓာတ်အားခွဲရုံပစ္စည်းများအား နိုင်ငံတကာတင်ဒါခေါ် ၀ယ်ယူနိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်ဟု သိရှိရပါသည်။ ပထမအဆင့် ပင်မဓာတ်အားစနစ်မှ (၂)မိုင်ပတ်လည် ကျေးရွာများကို အကောင်အထည် ဖော် ဆောင်ရွက်ပြီးပါက (NEP)၏ ဒုတိယအဆင့်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ကြားသိရပါသည်။

သို့သော်လည်း လက်တွေ့အမှန်တကယ်မြေပြင်တွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် (NEP)၏ ပထမအဆင့်ဝင် ပင်မဓာတ်အားစနစ်မှ (၂)မိုင်ပတ် လည်ကျေးရွာများအား ယနေ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီး၍ မီးလင်းနေသည့်ကျေးရွာများ မတွေ့ရှိရသေးသည်မှာ စောင့်မျှော်နေသည့် ကျေးရွာနေပြည်သူများ အတွက် ပြန်ပြောင်းပြောဆိုမည်ဆိုပါက ၀မ်းနည်းရုံမျှအပ ဘာမျှမတတ်နိုင်ပေ။

’’မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့်ကြာရခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးသည်မှာ မသိရပါ၊ မည်သည့်အခက်အခဲကြောင့် ဆိုသည်မှာလည်း မသိရပါ)’’ ပြည်သူများသိထား သည်မှာ ၀န်ကြီးဌာနအနေဖြင့် ပြည်သူလူထုကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပေးထားသည့် ကတိက၀တ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေသေးသည်ဟု နားလည်ယူဆမိပါသည်။

(NEP)၏ အဆင့်တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်ကာလမည်မျှ ကြာမြင့်မည်ကို မသိရှိရသည့်အတွက် အစိုးရမှ သွယ်တန်းပေးမည့် လျှပ်စစ်မီးကို ကျေးလက်တောရွာနေ ပြည်သူများမှ အားကိုးတကြီး သေရေးရှင်ရေးသမျှ စောင့်မျှော်ရုံကလွှဲ၍ အခြားဘာမှမတတ်နိုင် နောက်ဆုံး တွင် ‘‘ရွှေပြည်တော် မျှော်တိုင်းဝေး’’ ဆိုသည့်စကားအတိုင်း မိမိတို့လူသားအားလုံးတို့သည် ဧည့်သည်များ ဖြစ်ကြသည့်အတွက် လျှပ်စစ်မီးထိန်ထိန်လင်းအောင် စောင့်မျှော်ရင်းမျှော်ရင်းနှင့်ပင် အချိန်တန်၍ ဘ၀ နေ၀င်ချိန်ကို ရင်ဆိုင်ဖြတ်သန်းကြသည်များ မနည်းလှတော့ပေ။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးသည် အရေးပါသည့် ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လျှပ်စစ်မီးရရှိမှသာလျှင် ပြည်သူများအတွက် အကျိုးပြုစေမည့် သက်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ပြီး လူနေမှုဘ၀ အဆင့် အတန်းမြှင့်တက်လာမည် ဖြစ်သကဲ့သို့ မြို့ပြနှင့်ကျေးလက်လူနေမှု အဆင့်အတန်းနှင့် အသိပညာ ဗဟု သုတပိုင်းတွင် တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါသည်။ အလားတူ နောက်ဆက်တွဲ အကျိုးစီးပွားများဖြစ် သည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်လာနိုင်ပြီး မိသားစုအတွက် တစ်နိုင် တစ်ပိုင်လုပ်ငန်းများ ဖန်တီးဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။ ထိုမှသာ ’’၂၀၀၈ - ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ၏ ပုဒ်မ၂၂။ (ဂ)အရ နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေ သည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင် သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်’’ ဟူ၍ ပြဋ္ဌာန်းထားသည့်အတိုင်း ကျေးလက်နေပြည်သူများအတွက် ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် စီမံ ကိန်းများကို သတ်မှတ်ကာလ၊ နှစ်များအတွင်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။ ထိုမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျေးလက်နေ ပြည်သူလူထုများအပေါ် တာဝန်ကျေသော ယုံကြည်ရသော ပြည်သူ့အစိုးရဟု ခေါ်ဆိုထိုက်မည် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် လူဦးရေနေထိုင်မှု နှိုင်းယှဉ်ပါက မြို့ပြနေထိုင်သူဦးရေ (၃၀%)နှင့် ကျေးလက်နေထိုင်သူဦးရေ (၇၀%)ရှိသည်ဟု ပြောဆိုကြပါသည်။ မြို့ပြနေပြည်သူများသည် အလုပ်အကိုင် အခွင့်အလမ်းများ အခွင့်အရေး ပိုမိုရရှိသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် အခန်းကဏ္ဍများတွင် ကျေးလက်ဒေသများထက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ၀န်ဆောင်မှုကဏ္ဍတွင် အဆ မတန် ကွာခြားလွန်းလှပါသည်။ မြို့ပြ၏ လျှပ်စစ်မီးသွယ်တန်းရရှိရေးသည် လွယ်ကူသည့်အပြင် ကုန်ကျ စရိတ်သက်သာစွာနှင့် လျင်မြန်စွာ ရရှိနေပါသည်။ ကျေးလက်နေပြည်သူများသည် ယနေ့ချိန်ထိ နိုင်ငံတော် အစိုးရ၏ ထောက်ပံ့ငွေ အကူအညီများဖြင့် သွယ်တန်းပေး၍ လျှပ်စစ်မီးရရှိသည်မှာ အလွန်နည်းပါသေးသည်။

ယနေ့ မိမိနေထိုင်သည့် မြို့နယ်ရှိ ကျေးရွာများတွင် လျှပ်စစ်မီးထိန်ထိန်လင်းနိုင်သည်မှာ နိုင်ငံတော် အစိုးရမှ သွယ်တန်းပေးခြင်းမဟုတ်ပဲ အစိုးရမှ သွယ်တန်းပေးမည့်အချိန်ကို စောင့်နိုင်ခြင်းမရှိသည့်အတွက် ပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တတ်နိုင်သည့်ပြည်သူများသည် အခက်အခဲမရှိသော်လည်း မတတ် နိုင်သည့် ပြည်သူများသည် အခက်အခဲ၊ အကြပ်အတည်းများကြားမှ နည်းအမျိုးမျိုးဖြင့် ငွေတိုးချေးပြီး လျှပ်စစ်မီးသွယ်တန်းခဲ့ကြပါသည်။ ထိုအကြပ်အတည်းများကြားမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် မီးလင်းရေး ကော်မတီများ ဖွဲ့စည်းပြီး တစ်အိမ်ထောင်လျှင် ကျပ်(၁၀)သိန်းမှ (၁၇)သိန်းထိ အကုန်အကျခံ သွယ်တန်း ခဲ့ကြရပါသည်။ ထိုကဲ့သို့ သွယ်တန်းနိုင်ရေးအတွက် အနှစ်နှစ်အလလ ငွေကြေးများကို ကြိုတင်စုဆောင်းကြ ရပါသည်။ လျှပ်စစ်မီးသွယ်တန်းရာတွင် ကုန်ကျစရိတ်အား မြို့ပြနှင့် ကျေးလက်နှိုင်းယှဉ်ပါက များစွာ ကွာခြားလှပါသည်။ ထို့ကြောင့်ပင် မြို့ပြနှင့် ကျေးလက်နေပြည်သူများ ဆင်းရဲချမ်းသာ ကွာဟသည်ထက် ကွာဟနေရသည်ဟု သုံးသပ်မိပါသည်။

ကျေးလက်နေပြည်သူများသည် ၂၀၁၀ - ခုနှစ်နှင့် ၂၀၁၅ - ခုနှစ်မတိုင်ခင်ထိ စိုက်ပျိုးရေးလုပ်ငန်း များ အထိုက်အလျောက် အဆင်ပြေကြသည့်အတွက် လျှပ်စစ်မီးကို ငွေကုန်ကြေးကျခံ၍ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် သွယ်တန်းနိုင်ခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်မပြေမှုများ ရင်ဆိုင်ကြုံတွေ့ရခြင်းကြောင့် နိုင်ငံတော်အစိုးရမှ သွယ်တန်းပေးမည့် လျှပ်စစ်မီးကို အားကိုးတကြီး စောင့် မျှော်ရခြင်း ဖြစ်ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်မီး မရရှိသေးသည့် လျှပ်စစ်မီးကို စောင့်မျှော်နေရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများအား ၀န်ကြီးဌာနမှ ဖော်ဆောင်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (NEP)စီမံကိန်း၏ သတ်မှတ်ထားသည့်အဆင့်များကို အဆင့်လိုက် မည်သည့်နှစ်၊ မည်သည့်လ၊ မည်သည့်ရက်အတွင်း လျှပ်စစ်မီးလင်းအောင် ဆောင်ရွက်ပေးမည်ကို ပြည်သူ လူထုများမှ သိရှိခြင်းမရှိသော်လည်း ၂၀၃၀ - ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမည်ဟု ၀န်ကြီးဌာနမှ မူအရ ချမှတ်ထားပြီးဖြစ်သည်ဟု သိရှိထားပါသည်။

ကျေးလက်နေပြည်သူများမှ ပြန်လည်ပြောဆိုလာသည်မှာ လက်ရှိ နိုင်ငံတော်အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၃၀ - ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမည်ဟု ပြောဆိုထားသော်လည်း နောင်လာမည့်ရွေးကောက်ပွဲတွင် ထပ်မံတက်လာမည့် အစိုးရမှ ချမှတ်ထားသည့်မူအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမပြုပဲ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းထပ်မံတိုးမြှင့်ခြင်း စသဖြင့် အပြောင်းအလဲများ ပြုလုပ်လာပါက မီးလင်းနိုင်ရေးအတွက် အစိုးရ၏ အစီအမံ၊ အကူအညီ၊ အထောက်အပံ့ဖြင့် စောင့်မျှော်နေသည့် ကျေးလက်နေပြည်သူများ၏ ဘ၀သည် ‘‘ရွှေပြည်တော် မျှော်တိုင်းဝေးသည်ထက် ဝေးနေအုံး’’ မည်။ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာရေး သည်လည်း အလှမ်းဝေးနေအုံးမည်ဟု မြင်နေမိပါကြောင်း ကျေးလက်နေ ပြည်သူများကိုယ်စား ရင်းတွင်း ခံစားချက်အား အပြုသဘောဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

ခွန်နောင်လွုမ်း

Powered by Blogger.