Wednesday, November 7, 2018

မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပျက်ပေါ်ထွက်လာစေရန်အတွက် ခေါင်းဆောင်မှုသင်တန်း နောင်ပယ်ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်



တောင်ကြီးမြို့၊ မင်္ဂလာကျေးရွာအုပ်စု၊ နောင်ပယ်ဘုန်းတော်ကြီးကျောင်းတွင် အနာဂတ်အတွက် ရဲရင့်သော ခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍  "ခေါင်းဆောင်မှုသင်တန်း"ကို ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသင်တန်းကို နံနက်(၉း၀၀)နာရီ အချိန်မှစတင်၍ သင်တန်းသား/သူ(၈၃)ဦး၊ ကျေးရွာအုပ်စုရှိ သမာဓိလူကြီး(၂၃)ဦးတို့နှင့်စုပေါင်းကာ နောင်ပယ်ဘုန်းကြီးတော်ကြီးထံမှ ငါးပါးသီလနှင့် သြဝါဒခံယူခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်ဖွင့်ပွဲအခန်းအနားကိုဖွင့်လှစ်ရာ မင်္ဂလာကျေးရွာအုပ်စု၊ အတွင်းရေးမှူးဦးခွန်သိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် "ယခုဖွင့်လှစ်မဲ့ သင်တန်းဟာ ခေါင်းဆောင်မှုသင်တန်းဖြစ်တဲ့အတွက် အနာဂတ်မှာလူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ သင်တန်းမှာပို့ချမဲ့ အကြောင်းအရာ ဗဟုသုတကိုလည်း ရပ်ရွာရှိ ပြည်သူတွေကို ပြန်လည်မျှဝေနိုင်ဖို့အတွက် သေချာစွာရေးမှတ်ထားကြပါ။ ဒီသင်တန်းဟာ ရက်တိုသင်တန်းဖြစ်တဲ့အတွက် အချိန်မှန်၊ အချိန်ပြည့်တက်ရောက်ကြပါ။ မနက်ပိုင်းတက်ပြီး၊ ညနေပိုင်းပျက်ကွက်တာမျိုးမဖြစ်စေနဲ့၊ ပြီးဆုံးအောင်သင်ယူကြပါ" စသည်ဖြင့် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီ်း မင်္ဂလာကျေးရွာအုပ်စု၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဥက္ကဌ ဦးခွန်သိန်းမောင်မှ ပြောကြားရာတွင် "ယခုသင်တန်းဟာ သင်တန်းကြေးပေးစရာမလိုပေမယ့် အလကားရတဲ့ပညာကို အလကားမထားဘဲ တန်ဖိုးရှိရှိယူသုံးတတ်ပါစေ။ ရပ်ရွာအတွက် ပြန်လည်အားကိုးထိုက်တဲ့ ခေါင်းဆောင် ကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြပါ"ဟုတိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်း နည်းပြခွန်ထက်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် "မိမိတို့ယခုကဲ့သို့  လာရောက်ပို့ချရခြင်းသည် အနာဂတ်တွင် ရဲရင့်သည့်မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ပိုမိုပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၎င်းကျေးရွာရှိ ကျေးရွာသမာဓိလူကြီးမင်းများနှင့် ညှိနှိုင်းဆွေးနွေးကာ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ပို့ချနေသည့် အခြားဘာသာရပ်များကိုလည်း ဆက်လက်မိတ်ဆက်ကာ မိမိတို့ရပ်ရွာအတွက် အကျိုးပိုမိုဖြစ်ထွန်းစေမည့် မည်သည့်ဘာသာရပ်ကိုမဆို ရွေးချယ်သင်ယူနိုင်ကြောင်း"စသည့်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြများအားမိတ်ဆက်ပေးပြီး သင်တန်းဖွင့်ပွဲအခန်းအနားကို ရုပ်သိမ်းခဲ့ကာ ဘာသာရပ်များကို နံနက်(၉း၄၅)နာရီအချိန်မှစတင်၍ ပို့ချခဲ့ပါသည်။ ၎င်းသင်တန်းကို (၅.၁၁.၂၀၁၈)မှ (၇.၁၁.၂၀၁၈) ရက်နေ့အထိ (၃)ရက်ကြာ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မျင်,မိုရ်;ခွန်
(ဘုရာ,ဗွါ)
Powered by Blogger.