Monday, November 5, 2018

မျိုးစပ်ပြောင်း စိုက်ပျိုးရေးဆိုင်ရာ ပညာပေး ဆွေးနွေးဟောပြော

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်


တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ဘန်ကွဲကျေးရွာတွင် တောင်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နန်းဟောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဖြားခွန်ပေါက်စီနှင့်တာဝန်ရှိပုဂ္ဂိုလ်များက ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ မျိုးစပ်ပြောင်းစိုက်ပျိုးမှုအကြောင်းကို ၂၀၁၈၊ နိုဝင်ဘာ(၄)ရက်နေ့၊ မနက်(၁၁)နာရီအချိန်တွင် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း နန်းဟောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဖြားခွန်ပေါက်စီနှင့် ပြောင်းစိုက်ပျိုးသည့် တခြားတောင်သူများ (၃၀)ဦးခန့်နှင့်အတူ မန္တလေးတိုင်း၊ ကျောက်ဆည်တောင်ဘက်ရှိ Asia Agriculture ကုမ္ပဏီနှင့်နန္ဒကျော်စွာကုမ္ပဏီတို့ ဒေသခံပြည်သူနှင့်ပူးပေါင်းစိုက်ပျိုးထားသော မျိုးစပ်ပြောင်းစိုက်ပျိုးသည့် ခြံများသို့ သွားရောက်လေ့လာခဲ့ရာ ၎င်းခရီးစဉ်တွင် ရရှိသည့် မျိုးစပ်ပြောင်းစိုက်ပျိုးမှု အခြေနေများကို ယနေ့တွင် ဘန့်ကွဲကျေးရွာရှိ ဒေသခံပြည်သူများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးစပ်ပြောင်းမှာ တစ်ဧကလျှင် ပိဿာချိန်(၂၀၀၀)ခန့် ထွက်နိုင်ပြီး ခြွေစရာ လှန်းစရာမလိုပဲ အခွံခွါပြီးပါက ရှိသည့်အတိုင်း(အစို)ကို ချက်ချင်းရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တပိဿာလျှင် အနည်းဆုံး (၆၅၀)ကျပ် ရရှိကြောင်း၊  ဈေးနှုန်းနှင့်ပတ်သက်၍ ဒေါ်လာဈေးအတက်အကျရှိသည့်အတွက် သင့်လျော်သည့်ဈေးနှုန်း အတိုင်း ၀ယ်ယူမည်ဖြစ်ကြောင်း၊  တစ်ဧကလျှင် မြေသြဇာ(၅)အိတ်၊ မျိုးစေ့၊ ငွေ (၅၀၀၀၀)ကျပ်တို့ကို ကုမ္ပဏီမှ အတိုးမဲ့ အရင်းနှီးမတည်ပေးမည်ဖြစ်ကြောင်း၊ ကုမ္ပဏီနှင့်ပူးပေါင်း၍ မျိုးစပ်ပြောင်းစိုက်ပျိုးသည့်  တစ်ချို့ မိသားစုများမှ ငွေရေးကြေးရေး အခက်အခဲရှိလျှင်လည်း ဘဏ်အတိုးနှုန်းအတိုင်း ချေးခွင့်ရရှိမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စုပေါင်းစိုက်ပျိုးပါက ကုမ္ပဏီအနေဖြင့် ဒေသအခြေစိုက် လုပ်ငန်းရုံးများ ဖွင့်လှစ်ကာ နည်းပညာနှင့်လိုအပ်သည့် အထောက်အပံ့များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီနှင့် စိုက်ပျိုးသည့်ဒေသခံပြည်သူ နှစ်ဦးနှစ်ဖက် စာချုပ်များ ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ရရှိသည့်အခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်း၊ နားယောင်ပြီး လုပ်ဆောင်နေခြင်းမဟုတ်၊ အသေအချာသွားရောက်လေ့လာခဲ့ပြီးမှ ယခုလို ဒေသခံမိဘပြည်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း စသည့် အကြောင်းအရာကို နန်းဟောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဖြားခွန်ပေါက်စီမှ ပြောကြားခဲ့သည်။

တောင်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးမျိုးဇင်ထက်နှင့် ဦးစိုင်းသန်းမောင်တို့မှ စိုက်ပျိုးရေးနှင့်ပတ်သက်သောအကြောင်းအရာများ၊ စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်း ပြောကြားပြီး အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)(PNA) တပ်ရင်း(၉)မှ ဒုတပ်ရင်းမှူး(၁) ဗိုလ်မှူးခွန်အောင်ကိုး၊ ဒုတပ်ရင်းမှူး(၂) ဗိုလ်မှူးခွန်အောင်သိန်းတို့က ၎င်းတို့ သွားရောက်လေ့လာသည့် ကျောက်ဆည်မြို့ တောင်ဘက်ရှိ မျိုးစပ်ပြောင်းစိုက်ခင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မိမိသိချင်သည့်အကြောင်းအရာများကို မေးမြန်းမှုများ ပြုလုပ်ပြီး တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ ခွန်အောင်သိန်းက ဒေသခံပြည်သူများအား နိဂုံးချုပ်အားပေးအမှာစကားပြောကြားကာ နေ့လည် (၁း၃၀)အချိန်တွင် ဟောပြောပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တက်ရောက်သူများမှ စာရင်းအရ  ဧကပေါင်း (၂၀၄)ဧက ကုမ္ပဏီနှင့်ပူးပေါင်းကာ မျိုးစပ်ပြောင်းမျိုးကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပြီး ကျန်ရှိသည့် စိုက်ပျိုးချင်သူများလည်း စာရင်းလာရောက် ပေးနေဆဲဖြစ်ကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.