Tuesday, November 20, 2018

ကြိုးစားခြင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်


ပညာကိုလိုလျှင် ကြိုးစားရ၏။ ဥစ္စာကိုလိုလျှင် ကြိုးစားရ၏။ ပျော်ရွှင်ခြင်းကိုလိုလျှင် ကြိုးစားရ၏။ လောက၌ ကြီးကျယ်သောအရာဟူသမျှ ကြိုးစားခြင်းကြောင့်ဖြစ်ပေါ်လာရသည်။ အလုပ်ကိုအပျော်နှင့် ကပ်နိုင်သမျှ၊ နီးနိုင်သမျှ၊ တွဲနိုင်သမျှ တွဲရမည်။ ဥာဏ်အဘယ်မျှပင်ကောင်းစေကာမူ ဝီရိယရှိသူ၏ အောက်သို့ ရောက်ရလေသည်။ ဝီရိယရှိသူသည် အများမသိသောအရာများကို အတွေ့အမြင်များခြင်းဖြင့် သိ၏။ ပညာဥာဏ်သေးသော်လည်း အလုပ်ကို တွင်တွင်လုပ်သူတို့မှာ အလုပ်၌ တွေ့ကြုံရသော လက်တွေ့ အသိများခြင်းကြောင့် ပညာဥာဏ်သမားကိုပင် သင်ပြနိုင်လေသည်။ ဝီရိယသည် စိတ်အားတန်ခိုးကို တိုးတက်ကြီးမားစေ၍ အလုပ်လုပ်သူ ဝီရိယရှိသူကိုမြင်သမျှ လူတိုင်းလေးစားကြည်ညိုခန့်ညားရလေသည်။  ဤလောကဓာတ်တစ်ခုလုံးသည် လည်ပတ်လျက် စက်ယန္တရားလိုလုပ်၍ နေရသောအထဲတွင် ပျင်းသောသူမှာ လောကဓာတ်စက်ကြီးကို အသွားထစ်ငေါ့အောင်လုပ်သော အပိုအနှောင့်အယှက် ဖြစ်လေရာ မြက်တစ်ပင်လောက်မှ အဖိုးမတန်၊ အပိုဖြစ်၍ လောကဓာတ်၏ ကြိတ်ချေခြင်းကို ခံရတတ်လေ သည်။ ဝီရိယသည် ကျောက်တောင်ကိုဖြို၍ ကျောက်တိုင်ကိုဖြစ်စေ၏။

လောကဓာတ်၌ အငယ်ဆုံးသော အဏုမြူမှ အကြီးဆုံးသော နေမင်းအထိ ဆိုင်ရာအလုပ်ကို လုပ်ရ၏။ ပျင်းသောသူမှာ အလုပ်မလုပ်သော တိရစ္ဆာန်၏ အဆင့်အတန်းသို့ရောက်သူဖြစ်လေရာ အဘယ်မှာလျှင်ကျက်သရေရှိပါအံ့နည်း။ ပျင်း၍ အလုပ်မလုပ်လိုသော သူများသည် အလုပ်၏ တန်ဖိုးကို မစဉ်းစားသောကြောင့် ဖြစ်လေရာစဉ်းစားတတ်ကြလေသည်။ ရာဇဝင်၌ ထူးချွန်ကျော်ကြားသူများသည် အလုပ်လုပ်သူများ ဖြစ်ကြလေသည်။ စာရေးဆရာ၊ ပန်းချီဆရာ အဘယ်မျှပင်တော်စေကာမူ များစွာရေးမှ တကယ်ကျော်ကြားလေသည်။ စာတစ်ပုဒ်ကောင်းနှင့် ကျော်ကြားသူ နည်းပါးလေသည်။ ထို့အပြင် ၎င်းတို့မှာ အများအပြားရေးလျှင် ကောင်းမည်မကောင်းမည် မသိရသဖြင့် ၎င်းတို့၏ သတ္တိဂုဏ်မှာ ကျော်ကြားခြင်းပင်ဖြစ်စေကာမူ ခိုင်လုံခြင်းမရှိချေ။ ထို့အပြင် အထက်ဖော်ပြခဲ့သည်အရ အပျင်းသည် မလုပ်မီတစ်ခဏမှသာရှိလေရာ “ခဏကလေးအချိန်သာ ပျင်းတာပဲ၊ လုပ်မိလျှင် ပျင်းစိတ်ပြောက် ပျက်မှာပဲ”ဟုတွေးကာ ထိုတစ်ခဏ အပျင်းကလေးတစ်ထစ်ကို ကျော်နိုင်ရုံကြိုးစားအပ်ခြင်းသည် ခက်ခဲသောအလုပ် မဟုတ်ကြောင်း စဉ်းစားအပ်လေသည်။

အလုပ်မှန်က ဂုဏ်ရှိ၏။ သေးနှပ်သောကြောင့် ရှက်ဖို့မလိုချေ။ သေးခြင်းသည် ကြီးခြင်း၏ မိဘဖြစ်လေသည်။ အကြောင်းမူကား အသေးမှအကြီးထွက်ပေါ်ရ၏။ ပျင်းရိသူသည် ရှင်သောလောက ဓာတ်တစ်ခုလုံး၌ အသေနှင့်တူ၏။ သို့ဖြစ်၍ “အလုပ်လုပ်မှ ဖြစ်မည်” ဟူသောစကားကို စွဲစွဲမြဲမြဲ စိတ်၌ဆောင်၍ ထားအပ်ပေသည်။ လောက၌ မလုပ်ဘဲဖြစ်သော အရာမရှိချေ။ ထို့ကြောင့် အောင်မြင်ခြင်းကို မိမိတို့အဝေး၌မထားပါနှင့်။ ယခုလက်ငင်းလုပ်သော အလုပ်များကို တစ်ခုပြီးတစ်ခု အောင်မြင်ရမည်ဟူသော ဇွဲ၊ လုံးလကြီးစွာထားရပေမည်။ အလုပ်တစ်ခုပြီးတစ်ခုအောင်မြင်ခြင်းသည် ခိုင်မြဲသောဦးတည်ချက်သို့ရောက်စေသော လှေကားများဖြစ်ကြလေသည်။ အလုပ်တစ်ခုကိုလုပ်ရာ၌ အစိတ်အပိုင်းများစွာရှိ၏။ ထိုအလုပ်ကြီးတစ်ခုလုံး၏ အောင်မြင်ခြင်းဖြစ်ဖို့ရန် ထိုအစိတ်အပိုင်းကလေးများကို ရှေးဦးပထမတစ်ခုပြီးတစ်ခု အောင်မြင်ဖို့ရန် ကြိုးစားရမည်ဖြစ်ပါသည်။

မွိုးပိုမူ - စန္တာခမ်း (ပင်လောင်း)
ကိုးကားချက် - စိတ်တန်ခိုး
Powered by Blogger.