Monday, November 12, 2018

နောင်တရားမြို့နှင့်ဝေးလံသည့်ကျေးရွာများ လျှပ်စစ်မီးလင်းတော့မည်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်




ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၊ ပေါ့အင်ကျေးရွာအုပ်စုအတွင်းရှိ ဝေးလံခေါင်ဖျားသော ဒေသများတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိုးစီမံချက်အဖြစ် ကျေးရွာနေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး၊ စီးပွားရေးလုပ်ငန်းများကောင်းမွန်စေရေးအတွက် လျှပ်စစ်မီးရရှိရေးကို နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ပက္ကော်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံညှိနှိုင်းသည်။

အဆိုပါတွေ့ဆုံခြင်းတွင် ပင်​​လောင်းမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂) ပြည်​နယ်​လွှတ်​​တော်​ကိုယ်စားလှယ် ဦးခွန်စောအောင်က နိုင်ငံတော်ဘတ်ဂျက်ဖြင့်ဆောင်ရွက်ပေးမည့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများတွင် ဒေသခံပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများအောင်မြင်အောင်ကူညီပေးစေလိုကြောင်း၊ လုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်ခြောက်လုပ်ငန်းတွင် ပိုမိုဝင်ငွေတိုးပွားစေရေးအတွက် ထိုင်းနိုင်ငံသို့လေ့လာရေးသွားရောက်ခဲ့သည့် အတွေ့အကြုံများဖြင့် လက်ဖက်အခြောက်ခံခြင်းနည်းပညာများချပြရှင်းလင်းဆွေးနွေးပါသည်။ ထို့ပြင်(P.N.O) မှ ခွန်တီးမောင်က ပက္ကော်ကြီးကျောင်း၌ အခြေခံအစာအဟာရစားသုံးမှု၊ ခေါင်းဆောင်မှု၊ စွမ်းဆောင်ရည်၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု စသောသင်တန်းများပို့ချပေးမည့်အစီအစဉ်များကို ပြောကြားသည်။

အဆိုပါဒေသများတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီဖြစ်သော်လည်း လျှပ်စစ်မီးမရရှိခြင်း၊ ဖွံ့ဖြိုးမှုနည်းပါးသည့်အတွက် ပေါ့အင်ကျေးရွာအုပ်စုဖြစ်သော ပက္ကော်ကြီး၊ လုံးကြိမ်း၊ ဒုံလီမန်း၊ မဏ္ဍာပ်ခင်၊ သိန်းတင်၊ ကျောက်တင်၊ တခေါက်၊ ဆောင်းနိုင်း၊ ပရှာပူးကျေးရွာများသို့ နိုင်ငံတော်မှ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိုးစီမံချက်လုပ်ငန်းများအဖြစ် ယခုနှစ်ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးသွယ်တန်းပေးမည်ဟု သိရသည်။

ခွန်အောင်(နောင်တရား)
Powered by Blogger.