Monday, November 5, 2018

ပအိုဝ်းအနုပညာဖခင် ဂန္ထ၀င်ဂီတစာဆို ခွန်သာဒွန်း ကျဆုံးခြင်းအနှစ်(၄၀)ပြည့် အောက်မေ့သတိရပွဲ အခမ်းအနား ပြုလုပ်နိုင်ရန် အကြိုဆွေးနွေးပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်



ယနေ့ မနက်(၁၀)နာရီတွင် ဟိုပုံးမြို့နယ်၊ ရန်ကင်းကျေးရွာရှိ ဟိုပုံးအနုပညာခန်းမ၌ ပအိုဝ်းအနုပညာရှင်များက ပအိုဝ်းအနုပညာဖခင် ဂန္ထ၀င်ဂီတစာဆို ခွန်သာဒွန်း ကျဆုံးခြင်းအနှစ်(၄၀)ပြည့် အောက်မေ့သတိရ ဂုဏ်ပြုအခမ်းအနား ပြုလုပ်နိုင်ရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပအိုဝ်းအမျိုးသားများရဲ့ အကျိုးစီးပွားကို စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲက ကျွန်တော်တို့ ပအိုဝ်းအနုပညာနှင့်ပတ်သက်လို့ ဦးစီးဦးဆောင် ဖေါ်ဆောင်ပေးခဲ့တဲ့သူက ပအိုဝ်းအနုပညာဖခင် ဂန္ထ၀င်ဂီတစာဆို ခွန်သာဒွန်းပေါ့၊ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်ပုဂ္ဂိုလ်ကို ဂုဏ်ပြုဖို့အတွက် ဒီနေ့ အစည်းအဝေးပြုလုပ်ရတာပါ၊ ခွန်သာဒွန်းကျဆုံးခဲ့တာ နှစ်ပေါင်း(၄၀)ရှိပါပြီ၊ အရင်က ပအိုဝ်းအနုပညာသမားတွေအနေနဲ့ ဒီလိုဂုဏ်ပြုပွဲပြုလုပ်ဖို့ စဉ်းစားတာမျိုး မရှိခဲ့ဘူး၊ ခုဒီနှစ်ကျမှ ငါတို့ပအိုဝ်းအနုပညာခေါင်းဆောင် ခွန်သာဒွန်း အောက်မေ့ဂုဏ်ပြုပွဲကို လုပ်သင့်တယ်လို့ တွေးကြ ပြောကြလာတဲ့အခါကျတော့ အခု ပွဲဖြစ်မြောက်ရေးအကြိုအစည်းအဝေးကို ပြုလုပ်ရတာဖြစ်တယ်" ဟု ပအိုဝ်းအနုပညာရှင် ခွန်နောင်းဝေးက ပြောကြားခဲ့ပါသည်။

“သူရေးစပ် သူသီဆိုတဲ့ ဂန္ထ၀င်တေးတွေက ပအိုဝ်းအမျိုးသားများကို ဇာတိသွေး ဇာတိမာန် မျိုးချစ်စိတ်ဓာတ်အားအင်တွေ ရှင်သန်ထက်မြက်လာအောင် နိုးဆော်ပေးတယ်၊ ခုထိ ပအိုဝ်းတိုင်းရဲ့ နုတ်ဖျားမှာ သူ့တေးသီချင်းက ခေတ်စားတုန်းပဲ၊ -  ခွန်သာဒွန်းရဲ့ ဂီတအနုပညာစွမ်းအားကို အောက်မေ့သတိရစေဖို့နဲ့ ဂုဏ်ပြုဖို့၊ ခွန်သာဒွန်းကျဆုံးခြင်းနှစ်(၄၀)ပြည့် အောက်မေ့သတိရပွဲကျင်းပနိုင်ဖို့အတွက် ဒီနေ့အကြိုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်တယ်” ဟု ယနေ့အကြိုဆွေးနွေးပွဲ အကျိုးတော်ဆောင် ခွန်သောမတ်က ပြောကြားပါတယ်။
ပအိုဝ်းအနုပညာဖခင် ဂန္ထ၀င်ဂီတစာဆို ခွန်သာဒွန်းသည် ကောဇာသက္ကရာဇ်(၁၃၀၆)ခုနှစ်၊ သီတင်းကျွစ်လဆန်း(၈)ရက်နေ့၊ တောင်ကြီးမြို့နယ်၊ ဖါမွန်ကျေးရွာတွင် မွေးဖွားပြီး (ပအမဖဥက္ကဌ) ဗိုလ်ဟိန်မောင်+နန်းလွဉ်းတို့၏ ဒုတိယမြောက်သားဖြစ်ကြောင်းသိရသည်။

ခွန်သာဒွန်းသည် ပအိုဝ်းဂီတနှင့်ပတ်သက်၍ စွမ်းစွမ်းတမံ စွမ်းဆောင်ပေးနေဆဲ အသက်(၃၄)အရွယ်အတွင်ပင် (၁၃၃၉)ခုနှစ်၊ (၁၄-၁၁-၇၈)၊ တန်ဆောင်မုန်းလပြည့်ညတွင် (ရလလဖ) အဖွဲ့မှ မသမာသူလူတစ်စု၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကာ ပအိုဝ်းအမျိုးသားများအတွက် ယူကျုံးမရ ဆုံးရှုံးမှုတစ်ခုအဖြစ် ယနေ့တိုင် အမှတ်ရနေဆဲဖြစ်သည်။

ယနေ့တွင်  ပအိုဝ်းအနုပညာဖခင် ဂန္ထ၀င်ဂီတစာဆို ခွန်သာဒွန်း ကျဆုံးခြင်းအနှစ်(၄၀)ပြည့် အောက်မေ့သတိရပွဲ အခမ်းအနား ပြုလုပ်နိုင်ရန်အတွက် ပွဲဖြစ်မြောက်ရေးကော်မတီများဖွဲ့စည်းပြီး မည်သည့်အချိန် မည်သည့်နေရာ မည်သည့်ပုံစံမျိုးပြုလုပ်မည်ကို ပွဲဖြစ်မြောက်ရေးကော်မတီ၏ နောက်စည်းဝေးတွင် အတည်ပြုဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ပွဲဖြစ်မြောက်ရေးအကြိုဆွေးနွေးပွဲသို့ (ရလလဖ)ဥက္ကဋ္ဌ ဖြားခွန်ချစ်မောင်၊ ဖြားခွန်ကျော်ဇေယျ၊ ပအိုဝ်းအနုပညာအဖွဲ့ ဥက္ကဋ္ဌ ခွန်မောင်မောင်ထွန်းနှင့် တောင်ကြီး၊ ပင်လောင်း၊ ညောင်ရွှေ၊ စသည့် မြို့နယ်အသီးသီးမှ ပအိုဝ်းအနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခွန်ဓဇ
Powered by Blogger.