Sunday, December 2, 2018

ကျောက်တလုံးကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စုတွင် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်







ကျောက်တလုံးကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားစံပြကျေးရွာ၊ နောင်ကားတောင်ကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာန က ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်ကျင်းပကြောင်းသိရသည်။

အဆိုပါတွေ့ဆုံရာတွင် ကျောက်တလုံးကြီးမြို့နယ် ဥက္ကဋ္ဌ ဖြားခွန်ယွန်း က အမှာစကားပြောကြားရာ ယခုလိုတွေ့ဆုံပွဲမှ ရရှိလာသော အသိပညာ၊ ဗဟုသုတ၊ နည်းပညာများကို ကျေးရွာရောက်လျှင် လူတိုင်းပြန်လည်မျှဝေကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာသည့်လူထုများသည်လည်း မိမိအကျိုး၊ ဒေသအကျိုး၊ ရပ်ရွာအကျိုး၊ မြို့နယ်အကျိုး၊ လူမျိုးအကျိုးများအတွက် ရည်ရွယ်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူး ခွန်စောလွင် က ပြည်သူလူထုတွေ့ဆုံရခြင်း နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အမျိုးသားနိုင်ငံရေး မူဝါဒလမ်းစဉ်များအကြောင်းအရာများကို သော်လည်းကောင်း၊ လွတ်တော်ဖွဲ့စည်းပုံနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များအား ဌာနဆိုင်ရာသို့ တင်ပြခြင်းနည်းလမ်း ရှင်းလင်းပြောကြားခြင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ဆောင်ရွက်နေသော အမျိုးသားရေးလုပ်ငန်းစဉ်များအကြောင်းအရာများကို လွတ်တော်ရေးရာဌာန၊ ဌာနမှူး ခွန်အောင်နိုင်မှသော်လည်းကောင်း၊  လယ်ယာမြေဥပဒေနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အကြောင်းအရာများကို ဥပဒေရေးရာဌာန ဌာနမှူး နန်းစိန် မှသော်လည်းကောင်း အသီးသီးပြောကြားပေးခဲ့ပါသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ခွန်ကျော်ဌေး က  စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေရည်ရွယ်ချက်၊ ၀န်ဆောင်မှု စသည်များကို အကျယ်တ၀င့်ပြောကြားပေးခဲ့ပါသည်။ စားသုံးသူအခွင့်အရေးများသည် မွေးရာပါအခွင့်အရေးများဖြစ်ပြီး ပြည်သူများ နေ့စဉ်စားသောက် အသုံးပြုနေသည့် အစား၊ အသောက်၊ ဆေးဝါး၊ အသုံးအဆောင်နှင့် ၀န်ဆောင်မှုအမျိုးမျိုးတို့ကိုသက်ဆိုင်သည့် ဗဟုသုတအချက်အလက်များရရှိခွင့်၊ သိရှိခွင့် များဖြစ်သည်။ ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် မတရားအနိုင်ကျင့်မှု၊ နစ်နာဆုံးရှုံးမှုများကို ဖော်ထုတ်တိုင်ကြားပြီး ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ဘေးအန္တရာယ်ကင်ရှင်းစွာ အသုံးပြုနိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် (စိတ်ကြိုက်ဝယ်ယူနိုင်ခွင့်)၊ အရေးယူတိုင်တန်းနိုင်မှုနှင့် မှန်ကန်သောဖြေရှင်းမှုရရှိနိုင်ခွင့် ၊ မျှတသောဆက်ဆံမှု၊ ကုန်စည်ပါအချက်အလက်/ အညွှန်းများအတိုင်းလိုက်နာဆောင်ရွက်ရန် စသည့်အခွင့်အရေးများရှိကြောင်း ပြောကြားခဲ့ပါသည်။

နောင်ကားကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ခွန်အောင်ဘ သည်လည်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူလူထုများအတွက် သိသင့်သိထိုက်သည်များကို မှာကြားပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူလူထုများမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အပေါ် သိရှိလိုသည်များနှင့် မရှင်းမလင်းသိလိုသည်များကို ဆွေးနွေးမေးမြန်းအကြံဥာဏ်များပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကျပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါလူထုတွေ့ဆုံပွဲကို နောင်ကားကျေးရွာအုပ်စုမှ လူထုကိုယ်စားလှယ် (၁၀၀)ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.