Wednesday, December 19, 2018

ပအိုဝ်းကျောင်းဆရာ/မများထံသို့ ပေးစာ……

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်


Photo - Credit

အမှတ်မထင် တောင်ကြီးမြို့နယ်၊ ဖက်ကွန်ရွာတွင် ပြုလုပ်သော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီနှင့် ဒေသခံများတွေ့ဆုံပွဲ (Recording)အသံဖိုင်ကို ဖွင့်ကြည့်မိ၏။ ထိုအသံဖိုင်တွင် ဖြားတန်စင်ဖါအောင်ခမ်းထီက ဖက်ကွန်ကျေးရွာမှ တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ/မများကို တိုက်တွန်းအမှာစကားပြောကြားသည့် အသံဖိုင် ပါနေသည်။ ထိုကျောင်းဆရာမ/များထဲတွင် ပအိုဝ်းကျောင်းဆရာမ လည်းပါဝင်နေသည်ဟု သိရ၏။ ထို့ကြောင့် စာရေးသူအနေနှင့် ဤဆောင်းပါးကို ချဲ့ထွင်ရေးသားရန် တွန်းအား ပေးခဲ့သည်မှာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက ကျောင်းဆရာ/မများကို တိုက်တွန်းသော အမှာစကားကြောင့်ပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

စာရေးသူအနေနှင့် ဖြားတန်စင်ဖါအောင်ခမ်းထီက ကျောင်းဆရာ/မများကို မှာကြားသော  အမှာစကားများကို ပြန်လည်မျှဝေရလျှင် “ဂျပန်နိုင်ငံသည် ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံ၏ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့ကို အမေရိကန်က အဏုမြူဗုံးကျဲ၍ လူနှင့် အရာဝတ္ထုများ သေကြေပျက်စီးခဲ့ရကြောင်း၊ စစ်ရှုံးပြီးနောက် ထိုအချိန်တွင် ဂျပန်ဝန်ကြီးချုပ်က ပူဆွေးသောက ရောက်နေသော မိဘပြည်သူများကို အားပေးစကားပြောကြားခဲ့သည်မှာ အလွန်ပင် မှတ်သားသင့်ပါကြောင်း၊ ဂျပန်ဝန်ကြီးချုပ်က ယခုအချိန်တွင် မိမိတို့ဂျပန်နိုင်ငံသည် အင်အားကြီးဂျာမနီနိုင်ငံနှင့်အတူ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂျပန်နိုင်ငံသေကြေပျက်စီးခဲ့ရခြင်းမှာ စစ်၏အနိဌာရုံများသာ ဖြစ်ကြောင်း၊ မိမိတို့ဂျပန်နိုင်ငံကလည်း အခြားသောဒေသများကို သိမ်းပိုက်ပျက်စီးခဲ့ဖူးကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ဝမ်းနည်းပူဆွေးမနေဘဲ ဝမ်းနည်းမှုကို အားသာချက်ဖြစ်အောင် လုပ်ယူရမည် ဖြစ်ကြောင်း၊ မိမိတို့တွင် အားသာချက် အခြေခံအရင်းအမြစ်များရှိ နေသေးကြောင်း၊ ၄င်းမှာ အခြားမဟုတ် မိမိတို့ဂျပန်နိုင်ငံကို ပညာသင်ကြားပေးနေသော ဆရာ/မများပင် ဖြစ်ကြောင်းဟု ဂျပန်ဝန်ကြီးချုပ်က အားပေးခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်ဝန်ကြီးချုပ်ပြောသကဲ့သို့ ဆရာ/မများသည် မည်သည့်နိုင်ငံမှာမဆို နိုင်ငံဖွံ့ဖြိုးမှု၏ အခရာပင် ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ရန်နှင့် ပြည်သူလူထုများ၏ သားသမီးများပါမကျန် လူသားကမ္ဘာဖွံ့ဖြိုးတိုးတက်ရန် လမ်းညွန်၊ သင်ကြားပေးမှုသည် ဆရာ/မများ၏ တာဝန်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ/မများအနေဖြင့် မိမိတာဝန်ကျရာဒေသတွင် စေတနာကို အရင်းခံ၍ တိုင်းပြည်ဖွံ့ဖြိုးရန် လူငယ်များအတွက် လိုအပ်နေသော ပညာရပ်များကို လမ်းညွန်၊ သင်ကြားပေးကြရန် မေတ္တာရပ်ခံပါကြောင်း” စသည်တို့ပင် ဖြစ်ပါသည်။

ဤအသံဖိုင်ကို စာရေးသူအနေနှင့် နားထောင်လိုက်ရသောအခါ မတိုးတက်သေးသော မြန်မာနိုင်ငံအပေါ် မေးခွန်းပေါင်းများစွာနှင့် မေးနေခဲ့မိသည်။ ဂျပန်နိုင်ငံသည် ၁၉၄၄-၁၉၄၅ ခုနှစ်တို့တွင် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် မြို့၏တစ်ဝက်ပျက်စီးခဲ့ပြီး လူဦးရေ ၇၅,ဝဝဝ မှ ၂ဝဝ,ဝဝဝအထိ သေဆုံးခဲ့သည်။ အဏုမြူဗုံးကြောင့် သေဆုံးမှု ပမာဏမှာ ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့နှစ်မြို့ပေါင်း လူဦးရေ နီးပါးရှိသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်တို့သည် တိုကျိုမြို့ကို အပြည့်အဝ ပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၆၄-ခုနှစ်တွင် နွေရာသီ အိုလံပစ်ပွဲကို ကျင်းပနိုင်ခဲ့သည်။ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် ဖွံ့ဖြိုးတိုးတက်မူ မြင့်မားခဲ့ပြီး ၁၉၇၈-ခုနှစ်တွင် နာရီတာလေဆိပ်ကို တည်ဆောက်နိုင်ခဲ့ကာ လူဦးရေမှာလည်း (၁၁)သန်းအထိ ရှိလာခဲ့သည်ဟု လေ့လာသိရှိရပါသည်။ ဤသည်ကို ကြည့်လျှင် ဂျပန်နိုင်ငံသည် အဏုမြူဒဏ်ခံလည်းခံရ၊ သဘာဝယံဇာတမရှိသောနိုင်ငံဖြစ်သော်လည်း ပညာရေးကို အခြေခံကာ နှစ်(၂၀)ကျော်အတွင်း ကြိုးစားအားထုတ်ခဲ့မှုကြောင့် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မှုရှိလာသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

စာရေးသူတို့ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေးရခဲ့၏။ အဏုမြူဒဏ်လည်းမခံရ၊ သဘာဝ  သံဇာတလည်းပေါများ၊ ပညာသင်ကြားလာမှုချင်းအတူတူ အဘယ်ကြောင့် ယနေ့ နှစ်(၇၀)ကြာလာသော အချိန်တွင် မတိုးတက်သေးသနည်း၊ အဘယ်ကြောင့်နည်း။ အကြောင်းပြချက်များစွာရှိသည့်အနက် ပညာရေး၏အခန်းကဏ္ဍကိုသာ အပြစ်တင်ချင်ပါတော့သည်။ စာရေးသူတို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ သူငါငါ ပြောနေကြသည့်အတိုင်း အလွတ်ကျက်ရေးဖြေစနစ်သာဖြစ်ခဲ့ပြီး စဉ်းစားတွေးခေါ်မှုအပိုင်း အားနည်းခဲ့ပုံရပါသည်။ စာရေးသူအနေနှင့် ဤအချက်ကို ပြန်တွေးကြည့်သောအခါ တော်တော်များများ မှန်နေသည်ကို တွေ့မြင်ရပါသည်။ စာရေးသူငယ်ရွယ်စဉ် ကျောင်းတက်ချိန်တွင် ကျောင်း၌ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဟု ဆောင်ပုဒ် ကြီးကြီးကပ်ထားသော်လည်း ဘယ်ဆရာ/မတစ်ဦးမျှ အဓိပ္ပာယ် သေသေချာချာ ရှင်းပြခဲ့သည်ကို မကြားခဲ့ဖူးချေ။ စာရေးသူတို့အနေဖြင့်လည်း မေးရကောင်းမှန်းမသိခဲ့။

စာသင်ကြားရာတွင်လည်း ကလေးများ နားလည်သဘောပေါက်လွယ်သောနည်းလမ်းကို မရှာဘဲ “ရှေ့ကဆိုပြမယ်၊ နောက်လိုက်ဆို၊ အလွတ်ကျက်၊ ပြီးရင် ဆိုပြ၊ မရရင် ရိုက်မယ်” စသော နည်းလမ်းဖြင့်သာ ကြုံခဲ့ရ၏။ ဤသို့ဖြင့် စာရေးသူတို့အနေနှင့် အလွတ်ကျက် နည်းလမ်းကို ဦးတည်သွားတော့သည်။ တစ်ဖက်တွင်လည်း စာတော်သည့်ကလေးများကို ချီးကျူးကြပြီး စာညံ့သည့်ကလေးများကို အပြစ်တင်သည်ကို ကြုံခဲ့ဖူး ၏။ ထို့ပြင် ကျောင်းစာအပြင် ပြင်ပလောကက ဗဟုသုတတစ်စုံတစ်ရာမျှ မမျှဝေခဲ့မှုကြောင့် တစ်ချို့သောသူ သည် (၁၀)တန်းအောင်မြင်ခဲ့သော်လည်း အင်္ဂလိပ်လတွက်နည်းကိုသာသိပြီး မြန်မာလတွက်နည်းကို မသိသောသူလည်း ကြားသိရ၏။ ဤပညာရေးစနစ်ကို ဖြတ်သန်းလာရသော မိမိတို့သည် အတန်းအောင်သည်၊ ပညာမတတ်။ ဘွဲ့ရသည် ပညာမတတ်ဘဝသို့ အပို့ခံလိုက်ရ၏။ ၄င်း၏အကျိုးဆက်ကြောင့် နိုင်ငံနှင့် ချီသောအခါ နိုင်ငံပိုင်သဘာဝသယံဇာတပစ္စည်း၊ ထွက်ကုန်များကို မတူးဖော်တတ်၊ မစီမံတတ်၊ ကုန်ချောမဖန်တီးတတ်သောကြောင့် နိုင်ငံသည်လည်း “မျောက် အုန်းသီးရ” အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဆင်းရဲတွင်းထဲသို့ ရောက်ရှိကာ ဘေးပတ်ဝန်းကျင်နိုင်ငံများ၏ ပညာပြမှုများကို ခံခဲ့ရသည်။ ၄င်း၏ အဓိကတရားခံမှာ စာရေးသူတို့ ကျင့်သုံးသော ပညာရေးစနစ်အားနည်းခဲ့ခြင်းကြောင့်ပင်ဟု ထင်မြင်မိပါသည်။

ဤသို့ဆိုလျှင် ဂျပန်နိုင်ငံသည် နှစ်(၂၀)ကျော်အတွင်း အဘယ်ကြောင့် မြန်မာနိုင်ငံနှင့်မတူဘဲ တိုးတက်မှုမြန်ဆန်လာရသနည်း။ အကြောင်းမှာ ဂျပန်တို့သည် အဏုမြူဗုံးဒဏ်ရခဲ့ရသော်လည်း မခံချင်စိတ်ဖြင့် အလုပ်ကြိုးစားမှု၊ စည်းလုံးညီညွတ်မှုအပြင် ဂျပန်နိုင်ငံ၏ ချမှတ်ထားသော ပညာရေးစနစ်သည်လည်း ကောင်းမွန်နေသည်ကို တွေ့မြင်ရ၏။ ဂျပန်နိုင်ငံတွင် အသက်(၆)နှစ်ပြည့်လျှင် စတင်ကျောင်းအပ်နှံနိုင်ပြီး ကျောင်းတက်သော (၃) နှစ်တာ ကာလ(အသက် ၉နှစ်ရွယ်အထိ)တွင် ကျောင်းတက်ရ၊ စာလုပ်ရသော်လည်း စာမေးပွဲမဖြေဆိုရပေ။ ဂျပန်လူမျိုးသည် ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ ယဉ်ကျေးမှုကို တန်ဖိုးထားသော လူမျိုးဖြစ် သည်။ ထို့ကြောင့် ကျောင်းတက်ခါစ (၃)နှစ်တာကာလ၏ ရည်မှန်းချက်မှာ ပညာမဟုတ်ဘဲ အကျင့်စာရိတ္တ ကောင်းမွန်ရန်သာ သင်ကြားပေးသည်။ ဂျပန်လူမျိုးတို့၏ ခံယူချက်မှာ ပညာနှင့် အကျင့်စာရိတ္တယှဉ်လျှင် အကျင့်စာရိတ္တသည်သာ ပထမဦးစားပေးဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ၄င်း (၃)နှစ်တာကာလတွင် ကိုယ် အမှုအရာ၊ နှုတ်အမှုအရာ၊ လူမှုဆက်ဆံရေး အစရှိသည့် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည့် အပိုင်းများ ကိုသာသင်ကြားပေးသည်။ ထို့ပြင် မူလတန်းနှင့် အလယ်တန်းတွင် အတန်းတင်စာမေးပွဲ မရှိဟု လေ့လာ သိရှိရသည်။ ဂျပန်ပညာရေးစနစ်၏ အနှစ်သာရမှာ ကျောင်းသားများ စာမေးပွဲအောင်ဖို့ထက် ကျောင်းသားများ အနေဖြင့် ကျောင်းပညာများကို မည်သို့မည်ပုံ လက်တွေ့ပြုမှု ဆောင်ရွက်နေထိုင်ရမည်ကို အကဲဖြတ်ပေးသော စနစ်ဖြစ်သည်။ တစ်နည်းပြောရလျှင် စာတွေ့ထက် လက်တွေ့ကို ဦးစားပေးသည်။ ဤကြောင့်ပင် ဂျပန်နိုင်ငံက စက်ပစ္စည်းတီထွင်ထုတ်လုပ်မှု အားကောင်းခဲ့ဟု ခန့်မှန်းနိုင်ပါသည်။ အစားအသောက်နှင့် ပတ်သက်လျှင် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေရန် အရဟာဓာတ်မျှတစွာ စားသုံးရန် ငယ်စဉ်ကတည်းက သင်ပေး၏။ ထို့ကြောင့် ငယ်စဉ်ကတည်းက ဘယ်အစားအစာတွင် ဘယ်အဟာရဓာတ်(ဘယ်လို ဗီတာမင်ဓာတ်)ရှိသည်ကို သင်ကြားပေးသည်။ ၄င်းအချက်ကြောင့်ပင် ဂျပန်လူမျိုးများ အသက်ရှည်ကျန်းမာနေသည်မှာ မဆန်းလှပေ။ ဤသည်မှာ စာရေးသူအနေနှင့် လေ့လာဖတ်ရှု သိရှိရသော ဂျပန်နိုင်ငံပညာရေးစနစ်များပင် ဖြစ်သည်။

စာရေးသူအနေနှင့် ယခုကဲ့သို့ ရေးသားရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းဆရာ/မများကို အပြစ်တင်ကဲ့ရဲ့ချင်သော စိတ်ဆန္ဒလုံးဝမပါဝင်ပေ။ ခေတ်စနစ်တစ်ခုကြောင့်သာ စာရေးသူတို့အားလုံး ယခုကဲ့သို့အခြေအနေကို ရောက်ရှိလာခဲ့ရသည်ဟု လက်ခံထားပါသည်။  မည်သို့ပင်ဆိုစေကာမှု မိမိတို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့အားလုံးတွင် တာဝန်ရှိသည်။ ထို့ကြောင့် နိုင်ငံတိုးတက်ရန်အတွက် ကဏ္ဍအလိုက် နည်းလမ်းကောင်းများ ရှာဖွေပြီး အတုယူသင့်သည်များရှိလျှင် အတုယူရမည်။ ပြုပြင်သင့်သည်များ ရှိလျှင်လည်း ရဲရဲဝံ့ဝံ့ပြုပြင် ရလိမ့်မည် ဖြစ်သည်။ သို့မှသာလျှင် မိမိတို့လိုချင်သော စစ်မှန်သည့် ပညာရေးကို ရရှိနိုင်မည် ဖြစ်သည်။

စာရေးသူအနေနှင့် အသိပေးလိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာကဏ္ဍကို မြှင့်တင်ရန် အားလုံးအတူတကွ လုပ်ဆောင်ရာတွင် စာရေးသူတို့ ပအိုဝ်းကျောင်းဆရာ/မများလည်း ပါဝင်နေပါသည်။ အမြော်အမြင်ရှိသော ပအိုဝ်းခေါင်းဆောင်များလည်း ပအိုဝ်းဒေသပညာရေးထွန်းတောက်လာစေရန်အတွက် အခက်အခဲပေါင်းစုံကြားက ကြိုးစားလာခဲ့ရာမှ ယခုလက်ရှိတွင် ဘွဲ့ရပအိုဝ်းလူငယ်များလာသကဲ့သို့ ပအိုဝ်း ကျောင်းဆရာ/မများလည်း အသင့်သင့်ရှိလာခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဒဲဉ်သီးဗွေကွင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာအထူး သင် တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ သင်တန်းကျောင်းတွင် (၁)နှစ်လျှင် ကျောင်းဆရာ/မ (၁၁၅)ဦး မွေးထုတ်ပေးနေသည်ဟု သိရသည်။ ထိုဆရာများတွင် (၆၀) ရာခိုင်နှုန်းမှာ ပအိုဝ်းလူမျိုးများဖြစ်ကြ သည်ဟု သိရသည်။ ပင်လောင်းမြို့နယ်တွင် ကျောင်းတစ်ကျောင်းလျှင် ဒေသခံပအိုဝ်းကျောင်းဆရာ/မ (၁)ဦး ရှိနေပြီဟု လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ဒီပလိုမာ အထူးသင်တန်းကျောင်းတာဝန်ခံ ဖြားခွန်မောင်ဘော်က ပြောပါသည်။ ကျန်ရှိသော မြို့နယ်တွင်လည်း ၄င်းအတိုင်းရရှိအောင် ဆက်လက်လုပ်ဆောင် သွားမည်ဟု ၄င်းက ပြောပြပါသည်။ ထို့ကြောင့် ပအိုဝ်းကျောင်း ဆရာ/မများကို တိကျသော ဦးရေမသိရသော်လည်း အသင့် သင့်ရှိနေပြီဟု ခန့်မှန်းရပါသည်။ (တိကျသော ဦးရေ သိရှိနိုင်ရန် သုတေသန ပြုသင့်) ထို့ကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍကို အရည်အသွေးမြှင့်တင်ရာတွင် ပအိုဝ်းကျောင်းဆရာ/မများလည်း ပါဝင်ဆင်နွှဲရမည် ဖြစ်သည်။ “ပညာရေးသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ စွမ်းအားအရှိဆုံး လက်နက် ဖြစ်သည်” ဟု Nelson Mandela ပြောခဲ့၏။ ထို့အတူ “လူမှုအဖွဲ့အစည်း အနေအထားကို ပြောင်းလဲချင်ရင် ပညာရေးကနေ စလုပ်မယ်” ဟု တိန့်ရှောင်ဖိန်က ဆိုခဲ့သည်။ ထို့ပြင် “တိုင်းပြည် မတိုးတက်၊ မကြီးပွားတာက မျိုးချစ်စိတ် မရှိလို့ မဟုတ်ဘူး၊ ပညာမတတ်လို့ပါ” ဟု ဆရာကြီး ဦးအောင်သင်း ကဆိုခဲ့၏။ ထို ပုဂ္ဂိုလ်ကြီးများ၏ အဆိုအမိန့်ကို ကြည့်လျှင် ပညာရေးသည် ကမ္ဘာကြီးအတွက်၊ လူအဖွဲ့အစည်းအတွက်၊ တိုင်းပြည်အတွက် အလွန်အရေးသောအခန်းကဏ္ဍတွင် တည်ရှိနေသည်ကို တွေ့မြင့်ရပါသည်။

မည်သို့ပင်ဆိုစေကာမူ မိမိတို့မြန်မာနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲချိန်တွင် မိမိတို့ ပအိုဝ်းကျောင်းဆရာ/မက ထိုအပြောင်းအလဲထဲ၌ လိုက်ပါပြောင်းလဲခွင့် ရှိနေပြီဖြစ် သောကြောင့် စာရေးသူ အနေနှင့် အထူးပင် ဝမ်းသာပီတိဖြစ်မိပါသည်။ စာရေးသူအနေနှင့် ပအိုဝ်းကျောင်း ဆရာ/မများကို မေတ္တာရပ်ခံ လိုသည်မှာ “ပအိုဝ်းဒေသတွင် ဘွဲ့ရဖို့ထက် ပညာတတ်လူငယ်များ ပေါ်ထွန်းလာ အောင် သွန်သင်ပေးကြပါ၊ အရွယ်ရောက်ပြီး ကလေးတိုင်း ကျောင်းနေနိုင်အောင် စည်းရုံးပေးကြပါ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကိုလည်း မျှဝေပေးပါ၊ နယ်ဝေးပရဟိတကျောင်းပို့ခြင်းကို သိပ်အားမပေးပါနှင့်။ ကလေးများကို တန်းတူရင်းရင်းနှီးနှီးဆက်ဆံပေးပါ၊ ကလေးများကို စာအလွတ်ကျက်သည့် နည်းလမ်းထက် စဉ်းစားတွေးခေါ်တတ်သော နည်းလမ်းများဖြင့် သင်ကြားပေးပါ။” သို့မှသာ ပအိုဝ်းဒေသပညာရေးကို စွမ်းစွမ်းတမံဖော်ဆောင်ပေးခဲ့သော မိမိတို့ပအိုဝ်းခေါင်းဆောင်ကြီးများ၏ လိုအင်ဆန္ဒဖြစ်သော ဒေသအတွက်၊ တိုင်းပြည်အတွက် အရည်အချင်းရှိ လူငယ်များ ပေါ်ထွန်းလာနိုင်မည် ဖြစ်ကြောင်း ယုံကြည်မျှော်လင့် မိပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.