Wednesday, December 5, 2018

ကျောက်တလုံးကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စုတွင် ပြည်သူလူထုတွေ့ဆုံပွဲကျင်းပပြုလုပ်ခြင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်








ကျောက်တလုံးကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာန၊ လွှတ်တော်ရေးရာဌာနနှင့် မြို့နယ်ရုံးတို့ ပူးပေါင်းပြီး ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကျောက်တလုံးကြီးမြို့နယ် ဥက္ကဋ္ဌဖြားခွန်ယွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုတွေ့ဆုံပွဲသည့် ဗဟိုမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အစိုးရဌာနဆိုင်ရာပူးပေါင်းပြီး ပြည်သူများအား အသိပေးစရာရှိသည်များ၊ ပြည်သူများမှ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြည်သူများထံ ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါကြောင်း ပြည်သူများအနေဖြင့်လည်းယနေ့တွင် ရရှိလာမည့်အသိပညာ၊ ဗဟုသုတနှင့် နည်းပညာများကိုမိမိတို့ကျေးရွာပြန်ရောက်လျှင် မတက်ရောက်နိုင်သည့် ပြည်သူများအား လက်ဆင့်ကမ်းပြန်လည်မျှဝေကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာသည့်ပြည်သူများသည်လည်း မိမိအကျိုး၊ ဒေသအကျိုး၊ ရပ်ရွာအကျိုး၊ လူမျိုးအကျိုးအတွက် ရည်ရွယ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး ခွန်စောလွင်က ပြည်သူလူထုတွေ့ဆုံရခြင်းရည်ရွယ်ချက်နှင့် ဌာနမှလုပ်ဆောင်နေသောလုပ်ငန်းဆောင်ရွက်ချက်အကြောင်းအရာများကိုသော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အမျိုးသားနိုင်ငံရေးမူဝါဒလမ်းစဉ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဆောင်ရွက်နေသောအမျိုးသားရေးလုပ်ငန်းစဉ်အကြောင်းအရာများကိုသော်လည်းကောင်း၊ အစိုးရဌာနဆိုင်ရာတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသူံးသူအကာအကွယ်ပေးရေးဌာန ၀န်ထမ်းစောနွေဝင်းက ပိုးသတ်ဆေးသုံးစွဲခြင်း သုံးစွဲပုံ၊ သုံးစွဲနည်း၊ ကောင်းကျိုး/ဆိုးကျိုးနှင့်၊ ဆောင်ရန်၊ ရှောင်ရန်အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ခွန်ကျော်ဌေးက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ဝန်ဆောင်မှုစသည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ စားသုံးသူအခွင့်အရေးများသည် မွေးရာပါအခွင့်အရေးများဖြစ်ပြီး ပြည်သူများနေ့စဉ်စားသောက် အသုံးပြုနေသည့် အစား၊ အသောက်၊ ဆေးဝါး၊ အသုံးအဆောင်နှင့် ဝန်ဆောင်မှုအမျိုးမျိုးတို့ကိုသက်ဆိုင်သည့် ဗဟုသုတအချက်အလက်များရရှိခွင့်၊ သိရှိခွင့်၊ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် မတရားအနိုင်ကျင့်မှု၊ နစ်နာဆုံးရှုံးမှုများကိုဖော်ထုတ်တိုင်ကြားပြီး ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် (စိတ်ကြိုက်ဝယ်ယူနိုင်ခွင့်)၊ အရေးယူတိုင်တန်းနိုင်မှုနှင့် မှန်ကန်သောဖြေရှင်းမှုရရှိနိုင်ခွင့်၊ မျှတသောဆက်ဆံမှု၊ ကုန်စည်ပါ အချက်အလက်/ အညွှန်းများအတိုင်းလိုက်နာဆောင်ရွက်ရန် စသည့်အခွင့်အရေးများကိုလည်းကောင်း၊ လွှတ်တော်ဖွဲ့စည်းပုံနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကိုဌာနဆိုင်ရာသို့ တင်ပြခြင်း နည်းလမ်းများကို လွှတ်တော်ရေးရာဌာန၊ ဌာနမှူး ခွန်အောင်နိုင်မှ သော်လည်းကောင်း၊ လယ်ယာမြေဥပဒေနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအကြောင်းအရာများကို ဥပဒေရေးရာဌာန ခွန်ထွိုင်းမှ သော်လည်းကောင်းအသီးသီးရှင်းလင်းပြောကြားပေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူလူထုများမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အပေါ်သိရှိလိုသည်များနှင့် မရှင်းလင်းသောအချက်များကိုဆွေးနွေးမေးမြန်းခြင်း၊ အကြံဥာဏ်များပေးခြင်းအပေါ်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားပြီးနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ ကိုယ်စား၊ နားဟီးကျေးရွာအုပ်စု(အွိုင်နားရီ) ဥက္ကဋ္ဌ ဖြားခွန်အောင်ထွဉ်က ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်နှင့်အဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကျောက်တလုံးကြီးမြို့နယ်၊ ဥက္ကဋ္ဌ ဖြားခွန်ယွန်းနှင့် အဖွဲ့၊ နားဟီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကိုယ်စားလှယ် (၁၀၀)ကျော်တက်ရောက်ကြောင်းသိရှိရပါသည်။

မွိုးပိုမူး(စန္တာ;ခမ်း)
Powered by Blogger.