Friday, December 28, 2018

ပြည်ထောင်စုနှင့် ပအိုဝ်းအမျိုးသားအရေး

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်


ယနေ့အချိန်အခါတွင် ထူးခြားဆန်းကြယ်သော နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ကမ္ဘာကြီးသည်ရွာလေးတစ်ရွာအဖြစ် အားလုံးလိုလိုကအသိအမှတ်ပြုလက်ခံလာကြပါသည်။ ထို့အတူလူသား အားလုံးတို့သည် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏နိုင်ငံသားများ အစရှိသည်တို့လည်း သီးခြားရပ်တည်၍မရတော့ဘဲ အပြန်အလှန်ကူးလူးဆက်ဆံလာရပါသည်။ အပြန်အလှန် ကူးလူးဆက်ဆံမှုများအဆင်ပြေစေရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သောအရာများထဲတွင် တစ်မျိုးအပါအ၀င်ဖြစ်လာရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးများ(၁၃၅)မျိုး ရှိသည်ကို ပြည်ထောင်စု အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးက သော်လည်းကောင် အသိအမှတ်ပြုလက်ခံပြီးဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ကြိုးစားအားထုတ်မှုကြောင့် ၁၉၄၇-၁၉၄၈ခုနှစ်တွင် နယ်ချဲ့စနစ်၊ ဖက်စစ်စနစ်တို့လက်အောက်မှ သီးခြားလွတ်လပ်သောနိုင်ငံတစ်ခုအဖြစ်သို့ စုပေါင်းစွမ်းအားဖြစ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ပြည်ထောင်စုကြီးကိုတည်ဆောက်ရာတွင် အုပ်ချုပ်သူနိုင်ငံ ခေါင်းဆောင်တို့အားနည်းမှုနှင့် နယ်ချဲ့စနစ်၊ ဖက်စစ်စနစ်တို့၏ သွေးကွဲအုပ်ချုပ်မှု အကြွင်းအကျန်များကြောင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားညီအကိုမောင်နှမများသည် စိတ်ဝမ်းကွဲမှုများ၊ သံသယစိတ်များဖြစ်ပေါ်ကာ အချင်းချင်းယုံကြည်မှုများ ပျက်ပြားလာခဲ့ရပါသည်။

ထို့ကြောင့် တိုင်းရင်းသားညီအကိုမောင်နှမအသီးသီးတို့သည် လက်နက်စွဲကိုင်တော်လှန်မှု ဖြစ်ပေါ် လာပြီး ပြည်ထောင်စုကြီးလည်း လွတ်လပ်ရေးနှင့်အတူယခုအချိန်အထိ နှစ်ပေါင်း(၇၀)၀န်းကျင်ခန့် ပြည်တွင်းစစ်ကြီးဖြစ်ပေါ်ခဲ့ရပါသည်။ ယခုအချိန်ထိပြည်တွင်းစစ်များဖြစ်ပေါ်ဆဲဖြစ်နေပါသည်။ ပြည်တွင်းစစ်များကြောင့် ငြိမ်းချမ်းမှုများမရှိသဖြင့် တိုင်းပြည်ကြီးလည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရပါသည်။ ထို့သို့ လက်နက်စွဲကိုင်တော်လှန်မှုများ ပြုလုပ်ကြသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများတွင် ပအိုဝ်းတိုင်းရင်းသားသည်လည်းအပါအ၀င်ဖြစ်ပါသည်။ ပအိုဝ်းအမျိုးသားတော်လှန်ရေးသည် ပအိုဝ်းဒေသအုပ်ချုပ်မှု စနစ်ဆိုးများကိုသာတော်လှန်ခြင်းဖြစ်ပြီး လူမျိုးစုတစ်ခုခုကိုတော်လှန်ခြင်းများမဟုတ်သည်ကို သတိပြုရမည် ဖြစ်ပါသည်။
ဥပမာအနေဖြင့် ပထမပအိုဝ်းတော်လှန်ရေးဖြစ်သော ပဒေသရာဇ်စနစ်စနစ်တော်လှန်ရေးသည် ပအိုဝ်းဒေသအတွင်းရှိတိုင်းရင်းသားအားလုံးတို့ ပညာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် ပေးခြင်းမရှိသည့်အပြင် မတရားသောအခွန်များကောက်ခံခြင်းတို့ကြောင့် တော်လှန်ခဲ့ခြင်းဖြစ်သည်။ ဒုတိယတော်ရေးသည်လည်း ပြည်ထောင်စု၏နိုင်ငံတော်အစိုးရသည် ပအိုဝ်းဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်နေသော ပအိုဝ်းအမျိုးသားခေါင်းဆောင်များအားလုံးကို ဖမ်းစီးခေါ်ဆောင်သွားခြင်း ကြောင့် တော်လှန်ခဲ့ရခြင်းဖြစ်သည်ကို သတိထားရမည်ဖြစ်သည်။ ပအိုဝ်းအမျိုးသားတို့သည် မိမိတို့ဒေသများကိုနိုင်ငံတော်အစိုးရ၏ပေါ်လစီများအတိုင်း ပြန်လည်စီမံခန့်ခွဲလိုခြင်းနှင့် မိမိတို့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများထိန်းသိမ်းနိုင်သော လုပ်ပိုင်ခွင့်များအတွက်သာ တော်လှန်ရေးများကို ဆင်နွဲ ခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့်နိုင်ငံတော်အစိုးရက ပအိုဝ်းအမျိုးသားတို့တော်လှန်ရေးသည် နိုင်ငံတော်မှခွဲထွက် လိုခြင်း၊ နိုင်ငံတော်၏အချုပ်အခြာအာဏာများကိုထိခိုက်လိုခြင်း၊ အခြားတိုင်းရင်းသားများအား ထိခိုက် လိုခြင်းမျိုးမဟုတ်ဘဲ မိမိဒေသနှင့်လူမျိုးကိုချစ်မြတ်နိုင်ပြီး စီမံခန့်ခွဲလိုခြင်းသာဖြစ်သည်ကို သဘောပေါက် လက်ခံလာသောကြောင့် ၁၉၉၁-ခုနှစ်တွင် ပအိုဝ်းအမျိုးသားတော်လှန်ရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါငြိမ်းချမ်းရေးသဘောတူညီချက်များတွင် ပအိုဝ်းဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်နှင့် ပူးတွဲဆောင်ရွက် မှုများ၊ ပအိုဝ်းဒေသလုံခြုံရေးကိစ္စများလည်းပါဝင်ပါသည်။

ပအိုဝ်းဒေသငြိမ်းချမ်းရေးနှင့်အတူပူးတွဲပါဝင်လာသော နိုင်ငံတော်အစိုးရယန္တရားများဖြစ်သော အစိုးရရုံး များ၊ တရားရုံးများ၊ တပ်မတော်တပ်များလည်း ပအိုဝ်းဒေသအတွင်းသို့ရောက်ရှိလာသည်ကို အချို့သောပုဂ္ဂိုလ်များသည် ဗမာလူမျိုးများမိမိတို့ပအိုဝ်းဒေသကို လွမ်းမိုးလားခြင်းဟု သဘောထားမှု များရှိလာပါသည်။ မိမိတို့ပအိုဝ်းအမျိုးသားများသည် အဆိုပါအစိုးရယန္တရားများရောက်ရှိလာမှုကို ဗမာလူမျိုး များလွမ်းမိုးမှုဟုသဘောမထားသင့်ပါ။ ပအိုဝ်းအမျိုးသားပညာတတ်များအနေဖြင့် အစိုးရယန္တရား၏ ၀န်ထမ်းများအဖြင့် ၀င်ရောက်တာဝန်ယူပြီး ဒေသအကျိုးကို ဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုယန္တရားများကို  မိမိတို့ယန္တရားအဖြစ်မှတ်ယူရမည်ဖြစ်သည်။ မိမိတို့ပအိုဝ်း အမျိုးသားများသည် နိုင်ငံတော်၏ယန္တရားများအတွင်း များစွာဝင်ရောက်နိုင်မှသာ ပြည်ထောင်စု အကျိုးအပြင် မိမိအမျိုးသား လုပ်ငန်းများကို ဥပဒေဘောင်အတွင်း ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။

ကမ္ဘာကြီးသည်ရွာလေးတစ်ရွာဖြစ်သလို ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ပြည်ထောင်စု နိုင်ငံဖြစ်သည်ကိုသတိမူပြီး ပအိုဝ်းအမျိုးသားများသည် မိမိတို့အမျိုးသားအရေးများကို ဆောင်ရွက်ရာတွင် မိမိအမျိုးသားအတွက်သာထည့်စဉ်းစားခြင်းကိုရှောင်ရှားပြီး မိမိအမျိုးသားအရေး၊ ပြည်ထောင်စုအရေးနှင့် အခြားသောတိုင်းရင်းသားလူမျိုးများ၏အရေးကို ဘက်ပေါင်းစုံစဉ်းစားပြီး ဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။ မိမိတို့ပအိုဝ်းဒေသတစ်ခုလုံးကိုလည်း ကမ္ဘာတည်တရွေ့ ပအိုဝ်းဒေသအဖြစ်ဆက်လက်ရပ်တည်နိုင်ရန် စည်းလုံး ညီညွတ်မှုများရှိရန်လိုအပ်သကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးများနှင့် အခြားသောအရေးများအတွက် ပအိုဝ်းအမျိုးသားများ၏ တစ်ဦးချင်းအရည်အသွေးနှင့် စွမ်းရည်များလည်အထူးလိုအပ်ပါသည်။

ထို့ကြောင်းပအိုဝ်းအမျိုးသားတို့သည် မိမိတို့၏အမျိုးသားအရေးကိစ္စများကို လုပ်ဆောင်ရာတွင် မိမိတို့ပြည်ထောင်စုနိုင်ငံတော်ကြီးသည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သည်ကို သတိမူပြီး ပြည်ထောင်စုအရေး၊ မိမိအမျိုးသားအရေးကို မျှမျှတတစဉ်းစားရန်လိုအပ်သည့်အပြင် မိမိတို့အမျိုးသားအရေးများကိုလည်း ဥပဒေဘောင်များအတွင်း မည်ကဲ့သို့ရယူပြီး လုပ်ဆောင်ရမည်ကိုသိရှိရနှ်နှင့် စည်းလုံးညီညွှတ်မှုများရှိရန် လိုအပ်ပါကြောင်းတင်ပြလိုက်ရပါသည်။

ခွန်လာထို(ကောင်ရွဉ်)
Powered by Blogger.