Friday, January 11, 2019

ဟိုပုံးမြို့နယ်၊ ဟိုဟွေး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ပေးအပ်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်










 ၂၀၁၉ခုနှစ်၊ ဇန်န၀ါရီလ(၁၁)ရက်၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ဟိုဟွေးကျေးရွာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း၏ ရံပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်သော အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဖြားခွန်စံလွင်၊ မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်လှသိန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ ဆရာမဒေါ်အေးသန်း၊ ဟိုပုံးမြို့၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံး ဒု-ညွန်ကြားရေးမှူး ဆရာကြီးဦးစိန်လှိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အမှတ်တရသစ်ပင်များစိုက်ပျိုးခြင်း၊ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခြင်းနှင့် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

“ ဒီနေ့ဟာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ)့နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး “ဟိုဟွေး” အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်းအရ ဆောက်လုပ်ခဲ့တဲ့(၉၀/၃၀)ပေ တစ်ထပ်ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ် ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဟိုဟွေးကျေးရွာအပြင် ဒီပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားများနဲ့ ကျောင်းသား/သူများအတွက် ကျက်သရေ မင်္ဂလာအပေါင်းပြည့်စုံတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ တိုင်းရင်းသားဒေသတွေမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲ့ပြင်လမ်းညွှန်ပေးမယ့်သူများဟာ ဆရာ/မတို့သာဖြစ်တယ်၊ အသိဥာဏ်ပညာ မြင့်မားလာမှသာ မှန်ကန်တဲ့ အတွေးအခေါ်ဖြစ်ထွန်းလာမယ်ဖြစ်တယ်၊ သို့မှသာ မူးယစ်ဆေးဝါးရဲ့ သားကောင်များ၊ ဒုစရိုက်ကျူးလွန်မှုများ မဖြစ်ပေါ်အောင် အသိဥာဏ်နဲ့ယှဉ်ပြီး စဉ်းစားတွေးခေါ်တတ်လာမှာ ဖြစ်ပါတယ်၊ ဒီလိုဖြစ်လာအောင် ဆရာ/မတို့က တိုင်းရင်းသားကလေးငယ်များကို ကြိုးစားပြီး ပဲ့ပြင်ထိန်းကျောင်း သင်ကြားပေးဖို့ တိုက်တွန်းလိုပါတယ်၊ ပညာရေးကဏ္ဍတိုးတက်အောင် နိုင်ငံတော်နဲ့ စေတနာရှင်၊ အလှူရှင်များမှ အဆောက်အဦးများ တိုးချဲ့ဆောက်လုပ်ပေးနေသလို ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဒေသခံရပ်မိရပ်ဖများ၊ ကျောင်းသား/သူများကလည်း ကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင်ဝိုင်းဝန်းထိန်းသိမ်းကြဖို့ တိုက်တွန်းလိုပါတယ်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများမှလည်း အလယ်တန်းကျောင်း(ခွဲ)အဆင့်နဲ့ လျော်ညီအောင် ကျောင်းသား/သူအရေအတွက်အား ဂရုစိုက်ရမှာဖြစ်သလို အလက(ခွဲ)မှ အလကကျောင်းအဆင့် ရရှိအောင်လည်း ပညာရေးဌာနအနေဖြင့် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ ပြောကြားလိုပါတယ်၊ ဆရာ/မများအနေဖြင့်လည်း ကျောင်းသား/သူကလေးငယ်များ ကျောင်းနေပျော်ရန်အတွက် ၀ိုင်းဝန်းစောင့်ရှောက်ပေးကြပါ၊ ‘မိဘဆရာပူးပေါင်း ကလေးပညာကောင်း” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ပေးကြပါ “ ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဖြားခွန်စံလွင်မှ အမှာစကားပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး ဟိုပုံးမြို့နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်၊ တောင်ကြီးမြို့၊ ပြည်နယ်ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီးဦးစိန်လှိုင်နှင့် နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ ဆရာမကြီး ဒေါ်အေးသန်းတို့က ၎င်းတို့၏ ဌာနလုပ်ငန်းဆောင်ရွက်မှုများနှင့် ဆောင်ရွက်လျက်ရှိနေသော လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်သည်များကို အကျယ်တ၀င့် အသီးသီး ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရပါသည်။

ထို့နောက် စေတနာအဖွဲ့နှင့် ကျောင်းဆောက်လုပ်ရေးကော်မတီအဖွဲ့တို့မှ ပညာရေးဌာနသို့ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း၊ ကျောင်းဆောက်လုပ်ရေးကော်မတီအဖွဲ့တို့မှ စေတနာအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်း၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်အလံပေးအပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးကော်မတီသို့ စေတနာအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရံပုံငွေ(၆၂)သိန်းအား ပြန်လည်ပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအားလုံးကိုယ်စား ကျောင်းဆောက်လုပ်ရေးကော်မတီတစ်ဦးမှ ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဒေသဦးစီးဥက္ကဌဖြားခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ရပ်မိရပ်များ၊ ကျောင်သား/သူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

နန်းခမ်းဗွေ
Powered by Blogger.