Wednesday, January 16, 2019

အခါကြီးရက်ကြီးကာလပအိုဝ်းဒေသယဉ်ကျေးမှုပွဲတော် မကွယ်ပျောက်စေချင်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၆)ရက်

photo credit

ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသတော်တော်များများသည် သီတင်းကျွတ်ကာလသီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှစပြီးသတ်မှတ်ထားသည့် ရက်အလိုက် မိမိတို့ရွာအနီးအနားရှိ ဘုန်းတော်ကြီးကျောင်းများနှင့် မိဘဆွေမျိုးများကိုလိုက်လံကန်တော့ပွဲ ပြုလုပ်ကြသည်မှာ ကြည်နူးစရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံဖြစ်ပါသည်။

ငွေရေးကြေးရေးစီးပွားရေးအဆင်ပြေကြသည့် ကျေးရွာများတွင် ကျောင်းတက်ပွဲအလှူပဒေသာပင်လှည့်ပွဲလူငယ်အနေဖြင့် ဝါတွင်းသုံးလဥပုသ်သီလစောင့် အဘိုးအဘွားများကိုဧည့်ခံကျွေးမွေး လှူဒါန်းထားသည့် ဆွမ်းကွမ်းအတွက် အလှူဒါနအောင်ပွဲနှင့် ဥပုသ်သီလစောင့် အဘိုးအဘွားများကသီလအောင်ပွဲ ပြုလုပ်ပြီးရောက်လာသမျှ ဧည့်သည်တော်များကိုဧည့်ဝတ်ကျေပွန်အောင် ဧည့်ခံကျွေးမွေးသောယဉ်ကျေးမှုရှိရသည်။

နှောင်းတန်ခူးလ နှစ်သစ်ကူးကာလများတွင်လည်းသီတင်းကျွတ်လနှင့်နည်းတူ နှစ်ဆန်းတစ်ရက်နေ့တွင် ဘယ်ကျောင်းတက်ရမည် နှစ်ဆန်းနှစ်ရက်နေ့တွင် ဘယ်ကျောင်းကိုသွားရမည် စသည့်ဖြင့် ပျော်ရွှင်စွာအလှူပွဲ ပြုလုပ်ကြသကဲ့သို့ ရွာခံများလည်းဖော်ရွေစွာဧည့်ခံကြလေသည်။

ကျေးရွာတစ်ရွာတွင် ညီညွှတ်ရေးရှိမရှိကိုကျောင်းတက်ပွဲဗုံမောင်းလှည့်သည့်အခါတွင် ရွာခံများကအကဲခတ်ကြည့်ရှု့ပြီးတစ်ရွာနှင့်တစ်ရွာညီညွှတ်ရေးကိုခန်းမှန်း၍ သိရလေသည်။ တစ်ရွာနှင့်တစ်ရွာဆုံကြသည့်အခါ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးစသည့် အကြောင်းအရာများကိုဆွေးနွေးတိုင်ပင်ကာအချင်းချင်းအားပေးအကြံပြုကြလေသည်။

အရင်ခေတ်တွင် နွားလှည်းခေတ် ဖြစ်သော်လည်း ရိုးရာယဉ်ကျေးမှုအရ နွားလှည်းဖြင့်တလှည့် ခြေကျင်ဖြင့်တစ်မျိုးကျောင်းတက်လာခဲ့ကြသော်လည်း ယနေ့ခေတ်တွင် မအားသည့် အကြောင်းပြချက်ဖြင့် ပွဲသွားကျောင်းတက်ပွဲတဖြည်းဖြည်းမှေးမြိန်လာရသည်မှာလူတိုင်းစဉ်းစားရမည့်အရေးကြီးယဉ်ကျေးမှုအချက်တစ်ချက်ဖြစ်ပါသည်။

သီတင်းကျွတ်ကာလဖြစ်စေ နှောင်းတန်ခူးကာလဖြစ်စေရွာတိုင်းလိုလို ပြုလုပ်ကြသည့်ပွဲတော်များသည် မိမိတို့ ညီညွှတ်ရေးအရဖြစ်စေယဉ်ကျေးမှုအရဖြစ်စေ ရိုးရာယဉ်ကျေးမှုအရဖြစ်စေဘာသာရေးအရဖြစ်စေအဖိုးတန်သောပွဲတော်များဖြစ်ပေသည်။

ဤမျှအရေးကြီးသည့် ရိုးရာယဉ်ကျေးမှုပွဲတော်ကိုယနေ့ခေတ်တွင် လူငယ်ရောလူကြီးပါ တန်ဖိုးထားမှုနည်းပါးလာပြီး အရေးမကြီးသော အခြားပွဲများကို မိသားစုအရေးထက် ငွေရေးကြေးရေးအကုန်အကျခံပြီးအားပေးနေသည်မှာ ဝမ်းနည်းဖွယ် တွေ့မြင်နေရပါသည်။

ယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုအသိကိုလူမျိုးတိုင်းကခံယူနားလည်ထားကြရမည်။ လူမျိုးတိုင်းမိမိယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ တိုးတက်စေရန် ကြိုးပမ်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။ ယဉ်ကျေးမှုသည့် လူမျိုးတစ်မျိုး၏ ဘဝတည်ဆောက် ပြုပြင်ပုံ၊ ဘဝပုံစံပင်ဖြစ်သည်။ လူတိုင်း၏ အသိဉာဏ်  ဗဟုသုတလုပ်ကိုင်ဆောင်ရွက်နည်းများအပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ တွေးခေါ်ကြံဆဖန်တီးချက်များအဆင့်ဆင့်သို့ သိုမှီးစုဆောင်းထားခြင်းပင်ဖြစ်သည်။

ယဉ်ကျေးမှုတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဆိုပြီး နှစ်မျိုးရှိသည်။ ရုပ်ပိုင်းတွင် ဝတ်စားဆင်ယင်မှု အသုံးအဆောင် ပစ္စည်းကိရိယာတန်ဆာပလာများနှင့် အဆောက်အဦးများပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွင် အမှုအရာယဉ်ကျေးမှု အပြောအဆိုယဉ်းကျေးမှု စိတ်နေစိတ်ထားယဉ်ကျေးမှုနှင့် ယုံကြည်ကိုးကွယ်မှုများဖြစ်သည်။

သို့ဖြစ်ပါ၍ အရေးကြီးအဖိုးတန်သောမိမိတို့ ဘာသာရေးယဉ်ကျေးမှု ပွဲတော်များကို လူတိုင်းအစဉ်ထိန်းသိမ်းပြီးအခါကြီးရက်ကြီးကာလ ပအိုဝ်းဒေသယဉ်ကျေးမှုပွဲတော် မကွယ်ပျောက်စေရန် အားလုံးကြိုးစားသွားကြရမည် ဖြစ်ကြောင်းတင်ပြရင်း အဆုံးသတ်လိုက်ရလေသည်။

ခွန်အောင်ထွိုက်ဗွေ

ကျမ်းကိုး= ပအိုဝ်းအမျိုးသား၏ ဂုဏ်အင်္ဂါရပ်များ
Powered by Blogger.