Monday, February 11, 2019

မှင်ရည်စွန်းခဲ့သော ပအိုဝ်းလူမျိုးတို့၏ လက်သန်းတန်ဖိုး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်


မြန်မာနိုင်ငံသည် ၁၉၄၇-ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီစနစ်၊ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကိုကျင်းပရာ ပအိုဝ်းတိုင်းရင်းသားလူမျိုးသည်လည်း ဦးဖိုးခင်နှင့် ဦးဖြူတို့နှစ်ဦး ဆီဆိုင်စော်ဘွားကိုယ်စားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါသည်။ သို့သော် ၁၉၆၂-ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ နိုင်ငံတော်အာဏာသိမ်းယူမှုကြောင့် ၁၉၄၇ ပါတီစုံဒီမိုကရေစီစနစ်သည် ၁၅-နှစ်ခန့်မျှသာ အသက်ဝင်ခဲ့သည်။

၁၉၉၀-ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့တွင်ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ၌လည်း ပအိုဝ်းတိုင်းရင်းသားလူမျိုးမှ ဟိုပုံးမြို့နယ်တွင် ဦးစံလှ၊ ဆီဆိုင်မြို့နယ်တွင် ဦးခွန်စိန်ဝင်းနှင့် ပင်လောင်းမြို့နယ်တွင် ဦးခွန်မောင်ကြီးတို့က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ သို့သော် ၁၉၉၀-ခုနှစ်၊ ရွေးကောက်ပွဲသည် ရလာဒ်သာထွက်ရှိလာပြီး အနိုင်ရသည့်ပါတီအား တည်ဆဲအစိုးရက အာဏာလွှဲပြောင်းပေးအပ်မှုမရှိသောကြောင့် ၁၉၉၀-ခုနှစ်၊ ပါတီစုံဒီမိုကရေစီသည်လည်း အသက်မဝင်ခဲ့ပေ။ ၁၉၈၈-ခုနှစ်တွင် အထွေထွေသပိတ်နှင့် ပြည်လုံးကျွတ်လူထုအုံကြွမှုကြောင့် ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် အမျိုးသားညီလာခံ ကြီးတစ်ရပ်ကျင်းပပြုလုပ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၃-ခုနှစ်အထိ (၁၀)နှစ်ကြာရေးဆွဲပြီး ၂၀၀၈-ခုနှစ်တွင် အတည်ပြုပြဌန်းခဲ့ပါသည်။ အမျိုးသားညီလာခံတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယကကြီး ဖြားတန်အောင်ခမ်းထီမှ အဆိုပြုမှုကို အခြားညီလာခံကိုယ်စားလှယ်များကလည်း ထောက်ခံအားပေးမှုကြောင့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးမရှိသည့် တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်းဟူသည့် အခွင့်အလမ်းတစ်ရပ် ရေးဆွဲအတည်ပြုပါရှိခဲ့ပါသည်။

ထို့နောက် ၂၀၁၀-ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်(၁၀)ဦး အနိုင်ရရှိခဲ့ပြီး ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး စသည့်(၃)မြို့နယ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အပြတ်အသတ် အနိုင်ရရှိခဲ့သည်မှာ မှင်ရည်စွန်းခဲ့သော ပအိုဝ်းတိုင်းရင်းသားလူမျိုးများတို့၏ လက်သန်းတန်ဖိုးတို့သည် အားရဖွယ်ရာကောင်းသည့် အောင်မြင်မှုရလာဒ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအချိန်ကာလတွင် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့က ပအိုဝ်းလူမျိုးလွှတ်တော်ကိုယ်စားလှယ်အမတ်လောင်းများကိုသာ တစ်ခဲနက်ထောက်ခံအားပေးသော မှင်ရည်စွန်းခဲ့သည့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ လက်သန်းတန်ဖိုးများကြောင့်သာဖြစ်ပါသည်။ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟူသည့် အောင်မြင်မှုရလာဒ်အနေဖြင့်ရရှိလာသော နောက်ဆက်တွဲ အကျိုးရလာဒ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးပေးခန်း၊ ရေ၊ မီး(လျှပ်စစ်)စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ခဲ့ပြီး ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့်ဒေသများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာရသည်မှာလည်း မှင်ရည်စွန်းခဲ့သည့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ လက်သန်းတန်ဖိုးများကြောင့်ပင်ဖြစ်သည်။ ၎င်းသည် မှင်ရည်စွန်းခဲ့သည့် ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ လက်သန်းတန်ဖိုးအကျိုးရလာဒ်ကို မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုး အကျိုးခံစားခွင့်ရရှိသည်သာမက ပအိုဝ်းတိုင်းရင်းသားဒေသတွင်နေထိုင်သည့် ညီနောင်တိုင်းရင်းသားတို့သည်လည်း ထပ်တူထပ်မျှခံစားရသည်မှာ စာရေးသူအနေဖြင့် ကြည်နူးအားရပီတိဖြစ်ရပါသည်။

ဖွံ့ဖြိုးတိုးတက်လာသည့် လုပ်ငန်းများကို အကျဉ်းချုပ်တင်ပြရမည်ဆိုပါက ၂၀၁၂-ခုနှစ်မှ ၂၀၁၇-ခုနှစ်ကာလအတွင်းတွင် သက်ဆိုင်ဌာနနှင့်ပူးပေါင်း၍ မြေသားလမ်း ၃၄၃/၀ မိုင်၊ ကျောက်ခင်းလမ်း ၂၀၄/၆ မိုင်၊ ကတ္တရာခင်းလမ်း ၅၃/၀ မိုင်၊ ကွန်ကရစ်/တံတား ၅၄၇၀.၈၀ ပေ၊ ကွန်ကရစ်ရေပြွန် ၅၆၆ စင်း၊ အ.ထ.က(၁)ကျောင်း၊ အ.လ.က (၃)ကျောင်း၊ အ.မ.က (၂၁)ကျောင်း၊ ဆေးပေးခန်း(၂)၊ ကျန်းမာရေး ဌာန(၃)၊ ကျန်းမာရေးဌာနခွဲ(၆)၊ ဆေးရုံ(၁)၊ ရေအားလျှပ်စစ်(၉)၊ ဆိုလာ(၈၃၇၉)ခု၊ လျှပ်စစ်(ဓါတ်အာလှိုင်း) (၁၈)၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်(၄၀)လုံး၊ ရုံး(၁)ရုံး၊ ကျေးလက်အိမ်ယာ(၄၆)အိမ် စသည်ဖြင့် အကြမ်းဖျင်းတင်ပြအပ်ပါသည်။ ထို့အပြင် အခြားသောအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့်လည်း အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလည်း များစွာရှိပါသည်။

၂၀၁၀-ခုနှစ် ဒီမိုကရေစီသက်တမ်းကာလ ကုန်ဆုံးသည်နှင့်အမျှ ၂၀၁၅-ခုနှစ် ပါတီစုံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲကို ထပ်မံကျင်းပရာ ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့၏ ရွေးကောက်ပွဲရလာဒ်သည် အနိုင်ရရှိခဲ့ပါသော်လည်း ကျေနပ်အားရလောက်သည့်ရလာဒ်တစ်ခုမဖြစ်ခဲ့ပေ။ ပအိုဝ်းတိုင်းရင်းသားဒေသတွင် အခြားသောပြိုင်ဘက်ပါတီများ ဝင်ရောက်ယှဉ်ပြိုင်မှုများလာခြင်း၊ သွေးထိုးလှုံ့ဆော်မှု ပယောဂများကြောင့် ပအိုဝ်းလူမျိုးအချင်းချင်းစိတ်ဝမ်းကွဲမှုများဖြစ်လာရခြင်း၊ ပအိုဝ်းလူမျိုးဖြစ်ပါလျှက်နှင့် မျိုးချစ်စိတ်ဓါတ် နည်းပါးသည့်သူများ များပြားလာခြင်း၊ မက်လုံးပေး စည်းရုံးဆွဲဆောင်မှုအပေါ် မေ့မျှောသွားသည့်သူများ များပြားလာခြင်းစသည်တို့ကြောင့် အခြားတစ်ဘက်သို့ရောက်ရှိသွားသော မှင်ရည်စွန်းခဲ့သည့် ပအိုဝ်းလူမျိုးတို့၏လက်သန်းများသည် နည်းနည်းနှောနှောမဟုတ်ပါ။ အခြားတစ်ဘက်သို့ ရောက်ရှိသွားသော အဆိုပါ လက်သန်းများ၏တန်ဖိုး အကျိုးရလာဒ်သည် ကာလအတိုင်းအတာတစ်ခုအထိ ကြာမြင့်ခဲ့ပြီးဖြစ်ပါသော်လည်း နောက်ဆက်တွဲ အကျိုးကျေးဇူးများခံစားရရှိမှုသည် အပေါ်ယံခံစားရရှိမှုသာရှိကြောင်း စာရေးသူအနေဖြင့် ထင်မြင်သုံးသပ်မိပါသည်။ စာဖတ်သူပရိတ်သတ်အပေါင်းတို့သည်လည်း သိမြင်ပါလိမ့်မည်ဟု ထင်မြင်မိပါသည်။

ထို့ကြောင့် အခြားတစ်ဘက်သို့ ရောက်ရှိသွားသော မှင်ရည်စွန်းခဲ့သည့် ပအိုဝ်းလူမျိုးတို့၏ လက်သန်းတန်ဖိုးများကို မိမိတို့ကိုယ်တိုင် အကျိုးရှိမရှိပြန်လည်သုံးသပ်စေလိုကြောင်း စာရေးသူအနေဖြင့် အပြုသဘောဆောင် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။ ထို့အပြင် ၂၀၁၅-ခုနှစ် ဒီမိုကရေစီသက်တမ်း(၅)နှစ် တာကာလကုန်ဆုံးတော့မည်ဖြစ်ပြီး လာမည့် ၂၀၂၀-ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက မိမိတို့ပအိုဝ်းတိုင်းရင်းသားလူမျိုးအနေဖြင့် မိမိတို့၏လက်သန်း၌ မင်ရည်စွန်းမည့်တန်ဖိုး အကျိုးကျေးဇူးများ အပြည့်အဝခံစားရရှိရန်အလို့ငှါ အနာဂါတ်အကျိုးမျှော်ကိုးပြီး စာရေးသူအနေဖြင့် အကြံပြုရေးသားလိုက်ရပါသည်။

ခွန်ကတောင်လေ
(ခမ်းစန္တာ;ဟေ့,)
Powered by Blogger.