Wednesday, March 13, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်(၇ဝ)ပြည့် ပအိုဝ်းအမျိုးသားနေ့ (အကြို)အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၄)ရက်






နှစ်(၇ဝ)ပြည့် ပအိုဝ်းအမျိုးသားနေ့(အကြို)အခမ်းအနားကို မတ်လ(၁၃)ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ်ဦးဆောင်နာယက၊ နေပြည်တော်ပအိုဝ်းအမျိုးသားနေ့ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို) ဥက္ကဋ္ဌ၊ ဒေသအသီးသီးမှ ပအိုဝ်းကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများတက်ရောက်ကြသည်။

အခမ်းအနား မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပအိုဝ်းတိုင်းရင်းသားများ၏ မှတ်တမ်းဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် ပင်လောင်းမြို့နယ်ယဉ်ကျေးမှုအဖွဲ့၏ “ခမ်းရင်သား” တေးသီချင်း ကပြဖျော်ဖြေမှုဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် ပအိုဝ်းအမျိုးသားနေ့(အကြို)အခမ်းအနားကို တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ တက်ရောက်နိုင်သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ပအိုဝ်းမင်းကြီးသူရိယစန္ဒာ၏မွေးနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ကချင်ပြည်နယ်နေ့အခမ်းအနားတွင် အုပ်ချုပ်သူများ၊ ခေါင်းဆောင်လုပ်သူများကို နေလိုလလို ကျင့်ကြံရမည်ဟု ပြောကြားခဲ့ပါကြောင်း၊ သူရိယစန္ဒာဆိုသည်မှာ နေ လ ဖြစ်ပါကြောင်း၊ နေနှင့်လနှင့်တူသည့် မင်းကြီးဆိုသည်မှာ အင်မတန်မှကောင်းသည့် စိတ်ထား၊ အမြင်ဖြစ်ပါကြောင်း၊ နေလို လလို ဆိုသည်မှာ သူ့အချိန်နှင့် သူ့အခါနှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုသည်ဟု ပြောခြင်းဖြစ်ပါကြောင်း၊ နေသည် ညတွင်ထွက်၍ မသင့်တော်ပါကြောင်း၊ လ သည် နေ့တွင်ထွက်ပါက သူ၏အလင်းရောင်သည် ထင်ရှားမည် မဟုတ်ပါကြောင်း၊ နေသည် နေ့ရောညပါ သာနေမည်ဆိုပါက ကမ္ဘာကြီးက ခံနိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် သူ့အချိန် သူ့အခါနှင့်လိုက်အောင် နေရမည်ဖြစ်ပါကြောင်း၊ သူရသတ္တိနှင့်ပြည်စုံသင့်သည့်အခါတွင် ပြည့်စုံရမည်၊ လမင်းကြီးကဲ့သို့ ယဉ်ကျေးသိမ်မွေ့ပြီး ဂရုဏာထားရမည့် အချိန်တွင် ဂရုဏာထားရမည် ဖြစ်ပါကြောင်း၊ ယင်းမှာ ခေါင်းဆောင်လုပ်သူများ၊ အုပ်ချုပ်သူများအားလုံး နှလုံးသွင်းရမည့် ထုံးဖြစ်ပါကြောင်း၊ မိမိတို့၏ ပအိုဝ်းညီအစ်ကို မောင်နှမများသည် သူရိယစန္ဒာမင်းကြီးကို စံနမူနာထားရမည့် မင်းတစ်ပါးအနေဖြင့် မြင်ခြင်းသည် မိမိတို့ပြည်ထောင်စုအတွက် အင်မတန်မှကောင်းသည့် အစဉ်အလာဖြစ်ပါကြောင်း။
သီချင်းထဲတွင်လည်း တို့ စည်းလုံးမှ အင်အားဖြစ်မည်ဟု သီဆိုသွားသည်ကို ကြားလိုက်ပါကြောင်း၊ စည်းလုံးမှ အင်အားဖြစ်မည်ဆိုသည်မှာ အမှန်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုဖြစ်ပါကြောင်း၊ ပြည်ထောင်စုဆိုသည့် ဝေါဟာရသည် အင်မတန်မှလှပသည့် ဝေါဟာရဖြစ်ပါကြောင်း၊ စုပေါင်းပြီးထူထောင်ထားသည့် တိုင်းပြည်ကြီးဟု အဓိပ္ပါယ်ရပါကြောင်း၊ စုပေါင်းပြီး ထူထောင်ထားသည့် တိုင်းပြည်သည် ညီညွတ်မှုကို အခြေခံပါကြောင်း၊ ညီညွတ်မှု၏ အရင်းခံမှာ မေတ္တာနှင့် သစ္စာဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး မေတ္တာထားနိုင်မှ တစ်ဦးအပေါ်တစ်ဦး သစ္စာစောင့်နိုင်မှသာ မိမိတို့ ညီညွတ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပြည်ထောင်စုကို သစ္စာတရားနှင့် မေတ္တာတရားကို အခြေခံပြီး ထူထောင်ရမည့် နိုင်ငံကြီးဟု အဓိပ္ပါယ်ပေါက်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများနှင့် အားလုံးအတူတူ စုပေါင်းပြီး တွေ့ဆုံရသည့် အခါတွင် ထိုစိတ်မျိုးရှင်သန်နေသည်ကို သိရသည့်အတွက် ဝမ်းသာမိပါကြောင်း။

မိမိတို့ နိုင်ငံသည် စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်နေရပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများစာရင်းထဲတွင် မပါသေးပါကြောင်း၊ သို့သော်လည်း မလျှော့သော ဇွဲလုံ့လဖြင့် မိမိတို့၏ နိုင်ငံသူနိုင်ငံသားများအားလုံး စိတ်၏လုံခြုံခြင်း၊ ကိုယ်၏လုံခြုံခြင်း ရှိနိုင်မည့် ပြည်ထောင်စုကြီးကို ထူထောင်ရန် ကြိုးပမ်းနေပါကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မိမိတို့၏တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ပါဝင်လာကြမည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့၏ ပြည်ထောင်စုကြီး အခက်အခဲတွေ့ကြုံချိန်တွင် ဝိုင်းဝန်းကူညီပေးခဲ့သည့် အစဉ်အလာရှိပါကြောင်း၊ ယင်းအစဉ်အလာကို မိမိတို့ ဘယ်တော့မှ မေ့မည်မဟုတ်ပါကြောင်း၊ အခက်အခဲတွေ့ဆုံချိန်တွင် မိမိတို့ဘက်က ရပ်တည်ပေးသည့် မိတ်ဆွေများ၊ ဆွေမျိုးသားချင်း များသည် အမှန်တကယ်စစ်မှန်သည့် သွေးရင်းသားရင်းများဟု ပြောနိုင်ပါကြောင်း၊ သွေးရင်းသားရင်းဆိုသည်မှာ သွေးတော်မှ သွေးရင်းသားရင်း မဟုတ်ပါကြောင်း၊ စိတ်တူသဘောတူဖြင့် သစ္စာမေတ္တာကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ထားသူများသည် မိမိတို့၏ သွေးရင်းသားရင်း များပင်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအခက်အခဲဖြစ်နေချိန် မိမိတို့၏ လွတ်လပ်ရေးရခါစကာလတွင် အမျိုးမျိုးသော စိန်ခေါ်မှုများ၊ အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရပါကြောင်း၊ ထိုအချိန်မျိုးတွင် ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့နှင့်အတူလက်တွဲပြီး နိုင်ငံတော်ကို ကာကွယ်ပေးခဲ့ပါကြောင်း၊ နောက်ပိုင်းတွင်လည်း အကြောင်းကြောင်းကြောင့် စိတ်ဝမ်းကွဲမှုရှိသော်လည်း ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့နှင့်အတူတူ ငြိမ်းချမ်းရေးလမ်းကို အတူလျှောက်နေသည်ကိုတွေ့ရပါကြောင်း၊ အင်မတန်ဝမ်းသာပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အင်မတန်ကောင်းသည့် နိမိတ်၊ မျှော်လင့်ချက်ဖြစ်ပါကြောင်း၊ ခိုင်မာသည့်စိတ်ဓာတ်များကိုလည်း ဖြစ်စေပါကြောင်း၊ မိမိတို့ နိုင်ငံကိုထူထောင်ရန် အားလုံးလိုအပ်ပါကြောင်း။

အားလုံးတစ်ညီတညွတ်တည်း ညီညီညာညာ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် ရပ်တည်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုအင်အားဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်နေ့များ၊ နေ့ကြီးရက်ကြီးများတွင် အတူတူစုရုံးနိုင်ခြင်းသည် အရေးကြီးရင် သွေးစည်းမည်ဆိုသည့် အဓိပ္ပါယ်ပေါက်ပါကြောင်း၊ မည်သူ့အတွက်ဖြစ်ဖြစ် အရေးကြီးရင် အားလုံးအတွက် အရေးကြီးရမည်ဖြစ်ပါကြောင်း၊ တစ်ယောက်အတွက် အရေးကြီးပြီး အခြားတစ်ယောက်အတွက် အရေးမပါဘူးဆိုသည့် စိတ်ဓာတ်မျိုး မထားရန် လိုအပ်ပါကြောင်း၊ အားလုံးအတူတူ ရုန်းမှ အတူတူအောင်မြင်မည်၊ အတူတူအောင်မြင်မှ အတူတူဖွံ့ဖြိုးမည်၊ အတူတူဖွံ့ဖြိုးမှ အတူတူတိုးတက်နိုင်မည်ဆိုသည့် စိတ်ဓာတ်မျိုးမွေးမြူကြရန် အင်မတန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ထောင်ရန် ကြိုးစားနေပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသည် ပြည်သူလူထုကို အခြေခံသည့်နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ စွမ်းအားများ၊ စိတ်နေစိတ်ထားများသည် အဓိကဖြစ်ပါကြောင်း၊ ဒီမိုကရေစီ မဟုတ်သည့်နိုင်ငံများတွင် အစိုးရက အဓိကဆိုသော်လည်း ဒီမိုကရေစီနိုင်ငံများတွင် အစိုးရကို တင်မြှောက်ထားသည့် ပြည်သူများကသာ အဓိကဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အစွမ်းအစ၊ သတ္တိနှင့် မှန်ကန်မှုသည် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အဓိကလိုအပ်ချက်ဖြစ်ပါ ကြောင်း၊ ယင်းအဓိကလိုအပ်ချက်ကို ရယူနိုင်ရန်အတွက်၊ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အားလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲဆောင်ရွက်ပါက မုချမသွေ အောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ်ထူထောင်ရန်ကြိုးစားသည့်အခါတွင် ပြည်ထောင်စုသားများအားလုံး ပြည့်ပြည့်ဝဝ အခွင့်အရေးများရရန် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ အခွင့်အရေးနှင့်အတူ တာဝန်၊ ဝတ္တရားများ ပါလာသည်ကို မမေ့သင့်ပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စုအပေါ်တွင် တာဝန်သိပါကြောင်း၊ ပြည်ထောင်စုကြီးခိုင်မာ ရန်အတွက် ပါဝင်လုပ်ဆောင်ပေးကြမည်ကို မိမိ တစ်ထစ်ချယုံကြပါကြောင်း။

မိမိတို့နိုင်ငံသည် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနေပါကြောင်း၊ ငြိမ်းချမ်းရေးလမ်းသည် အမြဲတမ်း ဖြောင့်ဖြူးနေခြင်းမဟုတ်ပါကြောင်း၊ အကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေးပျက်ပြားခဲ့ရပါကြောင်း၊ ပျက်ပြားသွားသည့် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရန် မိမိတို့အားလုံး ကံ၊ ဉာဏ်၊ ဝီရိယနှင့် အတူတူလျှောက်လှမ်းသွားမည်ဆိုပါက ငြိမ်းချမ်းရေးလမ်းကြီး မည်မျှပင် ရှည်ပါစေ၊ မည်မျှပင် ခက်ခဲပါစေ မိမိတို့လိုချင်သည့် ပန်းတိုင်ကို မုချမသွေ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရန် အတွက်၊ ပြည်ထောင်စုသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိနိုင်ရန်အတွက်၊ နောင်လာမည့် မျိုးဆက်များအားလုံး ငါတို့သည် ပြည်ထောင်စု၏ သားသမီးများဖြစ်သည်ဆိုသည့်အချက်ကို ဂုဏ်ယူနိုင်ရန် ဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းပါကြောင်း။

မိမိတို့၏ ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စုအတွက် စံနမူနာဖြစ်သည့် ပြည်ထောင်စုသားများဖြစ်ပါစေ၊ ပအိုဝ်းတိုင်းရင်းသားများသည် ပြည်ထောင်စုကြီးခိုင်မာရန်အတွက်၊ တိုးတက်ရန်အတွက်၊ အေးချမ်းရန်အတွက် ရှေ့တန်းကနေ ဦးဆောင်ပေးသည့် တိုင်းရင်းသားများဖြစ်ပါစေ၊ ပအိုဝ်းတိုင်းရင်းသားများသည် နှစ်ပေါင်းများစွာ တစ်နှစ်ပြီးတစ်နှစ် မိမိတို့၏ ပအိုဝ်းတိုင်းရင်းသားနေ့ကို ဂုဏ်ယူစွာ၊ ရွှန်လန်းစွာ၊ အင်မတန်မှ ပြည့်ဝသည့် နှလုံးသားများဖြင့် ဆင်နွှဲနိုင်ကြပါစေကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပအိုဝ်းအကြီးအကဲများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယခုနှစ် ပအိုဝ်းအမျိုးသားနေ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ နေရာဒေသအသီးသီးတွင် ပျံ့နှံ့စွာနေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားများ ဆုံဆည်းခွင့်ရရှိစေရန်၊ မိမိတို့တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ စာပေနှင့်သမိုင်း အမွေအနှစ်များကို ဖော်ထုတ်မြှင့်တင်ပြီး တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်မှု ရရှိစေရန်၊ ပအိုဝ်းတိုင်းရင်းသားများသည် အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ စည်းလုံးညီညွတ်မှုဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ဦးတည်စေရန်စသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Credit-Myanmar State Counsellor Office
Powered by Blogger.