Wednesday, April 17, 2019

မြတ်ဆရာ၏တန်ဖိုး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၈)ရက်

အနန္တော အနန္တဟူသည် ရေတွက်မရနိုင်အောင် အတိုင်းအဆမရှိ များပြားခြင်းဖြစ်ရာ အနန္တငါးပါးဂိုဏ်းဝင် ဆရာသခင်၏ ဂုဏ်ကျေးဇူးတန်ဖိုးသည်လည်း အတိုင်းအဆမရှိ တုနှိုင်းမရအောင် ကြီးမားမြင့်မြတ်လှပေသည်။ မိဘကျေးဇူးမြင့်မိုရ်ဦးဟူသကဲ့သို့ ဆရာ့တန်ဖိုးကျေးဇူးသည်လည်း မြင့်မိုရ်တောင်ပမာ ကြီးမားများပြားလှပါသည်။ ဆရာကောင်းတပည့်ကောင်းဖြစ်ရန်မှာ တပည့်များက တပည့်ဝတ်ငါးပါးနှင့်ညီရမည်ဖြစ်သကဲ့သို့ ဆရာများကလည်း ဆရာ့တန်ဖိုးမြင့်မား များပြားစေရန် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” ဟူသည့် ဆရာဝတ်ငါးပါးနှင့် ပြည့်စုံကြရပါမည်။ “ဆရာများ သားသေ၊ တပည့်မကောင်း ဆရာခေါင်း၊ တပည့်လိမ္မာ၊ ဆရာအာပတ်လွတ်” စသည်တို့သည် ဆရာနှင့် တပည့်တို့၏ အပြန်အလှန်အကြောင်း အကျိုးကို ဖော်ပြသည့် စကားပုံများဖြစ်ပါသည်။ ပုံထုကောင်းသော လက်ရာမြောက်သည့် ပန်းပုဆရာကဲ့သို့လည်းကောင်း၊ ပုံဆွဲကောင်းသော ပန်းချီဆရာကဲ့သို့လည်းကောင်း ဆရာများသည် မိမိတို့၏ အစွမ်းထက်သည့် ဉာဏ်ရည်ဖြင့် ပညာဗဟုသုတများကို တပည့်များအား တိုင်းပြည်၏ အနာဂတ်သားကောင်းရတနာလေးများဖြစ်လာအောင် ပြုစုပျိုးထောင်စွမ်းဆောင်ပေးကြပါသည်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းမက ခိုနားရာဖြစ်သကဲ့သို့ ဆရာကောင်းတစ်ဦးသည်လည်း သိန်းသောင်းမကများပြားလှသည့် တပည့်ကောင်းများကို မွေးထုတ်ပေးနိုင်ပါသည်။

ဆရာများသည် တပည့်များအပေါ်ဆင်းရဲချမ်းသာမရွေးဘဲ မေတ္တာကရုဏာဖြင့် ဝါသနာ၊ အနစ်နာ၊ စေတနာ စသည်တို့ကို အခြေခံပြီး စာပေပညာဗဟုသုတအဖြာဖြာတို့ကို တတ်မြောက်အောင်သင်ကြား ညွှန်ပြပို့ချပေးနေပါသောကြောင့် မြတ်ဆရာတို့၏ ကျေးဇူးတန်ဖိုးကား တုနှိုင်းမရ ကြီးမားမြင့်မြတ်လှပါသည်။ မိမိတို့တပည့်များကို စာပေပညာများအပြင် ကျန်းမာရေး၊ ဘာသာရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အားကစားထူးချွန်ရေးတို့ကို ဘက်စုံဖွံ့ဖြိုးသူများဖြစ်အောင် ညွှန်ပြစွမ်းဆောင်ပေးနိုင်ကြပါသည်။ ဆရာများသည် ခေတ်စနစ်နှင့်အညီ အဖက်ဖက်မှတိုးတက်လာအောင် အစဉ်နိုးကြားတက်ကြွနေရန် လိုအပ်ပါသည်။ နိုင်ငံတော်တွင် ကျင့်သုံးလျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့် လိုက်လျောညီထွေဖြစ်သည့် ပညာရေးစနစ်ဖြစ်ထွန်းအောင်မြင်ရေးတို့ကို ဆောင်ရွက်ရန်မှာ ဆရာများ၏ အဓိကတာဝန်ဖြစ်ပါသည်။ စာရိတ္တပညာရေးကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အထောက်အကူဖြစ်အောင် ဆရာများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါမည်။ သို့မှသာ ဆရာ့တန်ဖိုးနှင့် ဂုဏ်သိက္ခာမြင့်တက်လာမည်ဖြစ်ပါသည်။

ဆရာများသည် စာပေဗဟုသုတတိုးပွားစေရန် မဂ္ဂဇင်းစာစောင်များ ဖတ်ရှုခြင်း၊ သတင်းစာဖတ်၍ ရေဒီယိုနားထောင်ခြင်း၊ တီဗွီရုပ်မြင်သံကြားကြည့်ရှုခြင်းတို့အပြင် ပညာတန်ဆောင်စာစောင်မှဆောင်းပါးနှင့် အခြားအကြောင်းအရာများကိုလည်း အမြဲဖတ်ရှုလေ့လာကြရပါမည်။ သို့မှသာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲ လျက်ရှိသော တိုင်းပြည်၏ အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်မြင်တွေ့သိရှိရပြီး ဆရာ့တန်ဖိုး အစဉ်မြင့်မားတိုးတက်နေမည်ဖြစ်ပါသည်။ ဆရာဘဝသည် ဓနဥစ္စာပစ္စည်းရတနာ မကြွယ်ဝ၍ ကိုယ်မချမ်းသာသော်လည်း စိတ်မနောချမ်းမြေ့မှုကို ခံစားရရှိနိုင်ကြပါသည်။ ပညာပါရမီထက်သန်၍ ကုသိုလ်ကံစေတနာတို့ကြောင့် ဆရာများ၏ နောင်ဘဝသည် ကောင်းကျိုးဖြစ်ထွန်းချမ်းသာရမည်မှာ မုချဧကန်ဖြစ်ပါသည်။ ဆရာတို့သည် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ မိမိ၏ တပည့်များအပေါ် ရင်သွေးနှင့်မခြား မေတ္တာကရုဏာထားခြင်း၊ မုဒိတာထား၍ ဥပက္ခာတရားထားရှိခြင်းဖြင့် မြတ်ဆရာ၏ တန်ဖိုးပိုမိုကြီးမြင့်စေနိုင်ပါသည်။ ဆရာသည် မိမိသင်ကြားပို့ချရမည့်သင်ခန်းစာများကို နှုတ်ငုံဆောင်၍ ကြေညက်နိုင်နင်းပြီးလျှင် တပည့်များအား နားလည်သဘောပေါက်စွဲမြဲမှတ်မိအောင် သင်ကြားပို့ချပေးနိုင် ခြင်းဖြင့် ဆရာ့တန်ဖိုးဂုဏ်သိက္ခာမြင့်မားတိုးတက်စေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အနာဂတ်အမိနိုင်ငံကို စိုးမိုးဦးဆောင်မည့် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်သည့် ဆရာ့တန်ဖိုးကား ကြီးမားမြင့်မြတ်လှပါသည်။ ကာယ၊ ဉာဏ၊ စာရိတ္တဆိုင်ရာ ဘက်စုံကျွမ်းကျင်သော စနစ်သစ်ပညာရေး အလျင်အမြန်အောင်မြင်လာစေရန်မှာ ဆရာတို့၏ အဓိကတာဝန်ဖြစ်ပါသည်။ တပည့်နှင့်ဆရာ၊ ရေနှင့်ကြာပမာ လိုက်လျောညီထွေဖြစ်အောင် သင်ကြားနာယူခြင်းဖြင့် ကြာပွင့်လေးများနှင့်တူသည့် တပည့်များ၏ အနာဂတ်သည် ရှင်သန်ပွင့်လန်းပြီး တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပါသည်။

ကျောင်းသားကျောင်းသူများအား ပြည်ထောင်စုစိတ်ဓာတ်ကြံ့ခိုင်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံရေးစိတ်ဓာတ်မွေးမြူထိန်းသိမ်းရေး၊ မြန်မာ့နည်းမြန်မာ့ဟန်၊ မြန်မာရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆရာ/မများက သွန်သင်ညွှန်ပြပေးလျက်ရှိ ကြပါသည်။ မွန်မြတ်ဂုဏ်ရှိသော အလုပ်တာဝန်ကို ထမ်းဆောင်လျက်ရှိသည့် ဆရာ/မများအား လူမှုရေးနယ်ပယ်တွင် ခရီးဦးကြိုပြုခြင်း၊ နေရာထိုင်ခင်းပေးခြင်း၊ ရိုသေလေးစားစွာပြောဆိုဆက်ဆံခြင်း၊ မေတ္တာရှေ့ထား၍ ကူညီရိုင်းပင်းခြင်း စသည်တို့သည် ဆရာ့တန်ဖိုး ဂုဏ်သိက္ခာကို ပေါ်လွင်ထင်ရှား စေပါသည်။ မာဃဒေဝလင်္ကာတွင် “ရှေးရှုမေတ္တာ ကရုဏာနှင့် နာနာကြင်ကြင် အပြစ်မြင်တိုင်း ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူ၏” ဟူ၍ ဆရာ၏စေတနာ မေတ္တာနှင့် ဂုဏ်သိက္ခာတန်ဖိုးကို ထင်ရှားစွာပြဆိုထားပါသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ ဆရာသုံးမျိုးရှိရာတွင် သင်ဆရာ၏ တန်ဖိုးသည် ကြီးမားမြင့်မြတ်ဆုံးဖြစ်ပါသည်။ စည်းကမ်းရိုသေ၊ အချိန်လေးစား၊ နိုင်ငံသစ္စာစောင့်ထိန်းသူများဖြစ်အောင် ကြိုးစားဆောင်ရွက်ပါမှ ဆရာ့ဂုဏ်ရောင်ထာဝစဉ် ဝင်းပြောင်နိုင်မည်ဖြစ်ပါသည်။

လူ့ဘဝတွင် သမာအာဇီဝကောင်းသော အသက်မွေးဝမ်းကြောင်းဖြင့် လျှောက်လှမ်းနေကြသော စေတနာရှင်ဆရာများ၏ တန်ဖိုးဂုဏ်ကား တုနှိုင်းမရကြီးမားမြင့်မြတ်လှပါသည်။ မြတ်ဆရာများသည် ကျောင်းသားလူငယ်လူရွယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။ သို့မှသာ ကျောင်းသားလူငယ်များသည် နောင်အနာဂတ်တွင် အမိနိုင်ငံ၏ တာဝန်များကို ပခုံးပြောင်းသယ်ပိုး ထမ်းဆောင်သွားနိုင်ကြမည့် သားကောင်းရတနာများ ဖြစ်လာနိုင်ပါမည်။ အနန္တော အနန္တဂိုဏ်းဝင် ဆရာရှင်များ၏ ဂုဏ်ကျေးဇူးသည် ကြီးမားများပြားလှသကဲ့သို့ ဆရာ့တန်ဖိုးမြင့်မြတ်ကြီးမားနေမည်မှာလည်း ကမ္ဘာတည်မြဲသရွေ့ဖြစ်ပါတော့သည်။ ဆရာ့သိက္ခာ၊ ဆရာ့တန်ဖိုး အနန္တသည် နေရောင် လရောင်ပမာ ထာဝစဉ်ထွန်းပြောင်နေမည်ဖြစ်ပါသည်။

မွိုးပိုမူ  - ပင်လောင်း (စန္တာခမ်း)
ကိုးကားချက် - နိုင်ငံတကာပညာရေးနှင့်မြတ်ပညာ
Powered by Blogger.