Monday, May 20, 2019

ငြိမ်းချမ်းရေးဟူသည်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ(၂၁)ရက်


ငြိမ်းချမ်းရေးသည် တိတ်ဆိတ်ခြင်းဖြစ်သည်။ မီးစွဲလောင်ခြင်း၊ ဒုက္ခဖြစ်ခြင်း၊ နှောက်ယှက်ခြင်း၊ စသည့် ကင်းရှင်းရပ်စဲခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးသည် ဆူပူလှုပ်ရှားထကြွခြင်း၊ နှောက်ယှက်ခြင်းစသည်တို့ ကင်းသည်။ ငြိမ်းချမ်းရေးသည် ဆူပူထကြွခြင်းနှင့် စစ်မက်ရေးရာတို့ကင်းသောအဖြစ်ဟု မြန်မာအဘိဓာန်ကျမ်းတွင် ဖွင့်ဆိုထားပါသည်။ လူမျိုးစုချင်း မတင့်ကြရခြင်းသည် မိမိတို့ပျော့ကွက်ဟာကွက်ဖြစ်သလို ပြည်ပတိုင်းပြည်များက မလေးစားစရာလည်း ရောက်စေပါသည်။ မိမိတို့သမိုင်းကို မိမိတို့သွေးမျှဖြင့် ရေးခဲ့ကြခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် မလွှတ်လပ်သေးသမျှ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်သေးသမျှ မည်သည့်အခါမျှ ပြီးပြည့်စုံမည်မဟုတ်ပါ လွတ်လပ်တဲ့နိုင်ငံသားများဟူသည် မိမိတိုင်းပြည် မိမိလူမျိုး၏ ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်သည့်လူသားများဖြစ်ကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းကို စစ်မြေပြင်မှာ အဖြေရှာခြင်းထက် စားပွဲပေါ်တွင် အဖြေရရန်ပို၍ သင့်တော်ပါသည်။ အမှန်တကယ် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းသည် အလွန်ရှုပ်ထွေးကွေးကောက်ပြီး ခက်ခဲနက်နဲသောလုပ်ငန်းတစ်ခုဖြစ်သည်။ အချိန်/အခြေအနေ ခေါင်းဆောင်မှု၊ ကုသိုလ်ကံ၊ ဝိုင်းဝန်းကူညီမှု၊ အပြန်အလှန်နားလည်ယုံကြည်မှု၊ ငွေကြေးသုံးစွဲမှုနှင့် သည်းခံစိတ်ရှည်မှု စသည့်အချက်အလက်များ ရောပြွန်းသောလုပ်ငန်းဖြစ်သည်။ လူ့သမိုင်း ဖြစ်စဉ်တစ်လျှောက်၌ ပဋိပက္ခ ရန်ပွဲများ လက်နက်ကိုင်တိုက်ပွဲများ၊ စစ်များ၏နိဂုံးသည် ထိခိုက်နစ်နာဆုံးရှုံး မှု၏ အနိထာရုံများသာ ဖြစ်ပေါ်လာသည်။ ပဋိပက္ခများမှ ကင်းလွတ်သော ချမ်းမြေ့သာယာမှုဆိုသည်မှာ နှစ်ဦးနှစ်ဖက် ပြိုင်ဘက်တို့က စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူကြခြင်းသာဖြစ်သည်။ လက်ဝယ်ပိုင်ဆိုင် ရရှိပြီးသော ငြိမ်းချမ်းရေး အနှစ်သာရကို ပြည်သူအားလုံး ဆက်လက်ထိန်းသိမ်းသွားရန် အထူးလိုအပ်ပါသည်။

ယနေ့နိုင်ငံတကာတွင် တိုးတက်သောနိုင်ငံများကိုကြည့်လျှင် ပြည်တွင်းဆူပူသောင်းကျန်းမှု ကင်းရှင်းနေကြသည်ကို တွေ့ရှိရပေမည်။ ငြိမ်းချမ်းရေးအကြောင်းကို ဆွေးနွေးပြောဆိုလျှင် မြန်မာနိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာများကို မေ့ထား၍မရပါ။ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးသည် ထူးခြားသောအခြေအနေနှင့် ဝိသေသလက္ခဏာများရှိကြပြီး အဆိုပါအခြေအနေနှင့် ဝိသေသလက္ခဏာများသည် နိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် မူဝါဒများကို ဖန်တီးပုံသွင်းပေးလျက်ရှိကြပါသည်။ ပထမအကြောင်းမှာ မြန်မာနိုင်ငံသည် တိုင်းရင်းလူမျိုး ၁၃၅ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံကြီး အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုသည် ပဓာနကျလျက်ရှိနေပါသည်။ တစ်နည်းအားဖြင့် တိုင်းရင်းသား လူမျိုးများ၏အရေး၊ တိုင်းရင်းလူမျိုးများ၏ အကျိုးစီးပွားသည် မြန်မာ့နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိနေပါသည်။ ဒုတိယအရေးကြီးသော အချက်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သည့် လက်နက်ကိုင် ပဋိက္ခများသည် မြန်မာနိုင်ငံ၏ ထူးခြားသော ဒုတိယအခြေနေ တစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေးမတိုင်မီ မြန်မာနိုင်ငံကို လူမျိုးပေါင်းစုံနေထိုင်ကြသည့် နိုင်ငံဖြစ်သည့် အလျောက်မဖြစ်မနေ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟုသာခေါ်တွင်ရန်။ ၁၉၄၇-ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အတိအလင်း ရေးဆွဲပြဌာန်းထားခဲ့ပြီးလည်းဖြစ်ပါသည်။

ပြည်ထောင်စုအမည်ခံထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၁၉၄၈-ခုနှစ်မှ မျက်မှောက်ခေတ် ၂၀၁၆-ခုနှစ်အထိ နှစ်ပေါင်း၆၈နှစ်အကြား ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အဆက်ဆက်က နိုင်ငံတော်ကို ပြည်ထောင်စုအနှစ်သာရရှိရှိ အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုလည်း ဆန်းစစ်ရန် လိုအပ်ပါသည်။ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် လူမျိုးတစ်မျိုးက လူမျိုးဆိုင်ရာ ရပိုင်ခွင့်များကို လက်ဝါးကြီး အုပ်ထားမထား လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးကို တန်းတူရည်တူသဘောထားကာ လေးစားဆက်ဆံခြင်း ရှိ/မရှိ အရည်အချင်းနှင့် အင်္ဂါရပ်များဖြင့် မပြည့်စုံသေးသော နှိမ့်ကျနေသေးသည့် လူမျိုးစုများကို ထက်မြက်ပြည့်စုံလာအောင် အစဉ်တစ်စိုက်ကူညီ ရိုင်းပင်းခြင်း ရှိ/မရှိ အပြန်အလှန်ကူညီမှု ချစ်ကြည်ရင်းနှီးမှု ကျေနပ်ယုံကြည့်ကိုးစားမှုအရ အခွင့်အာဏာ ညီညီမျှမျှ လွတ်လွတ်လပ်လပ်ခွဲဝေ အသုံးချ ခံစားပိုင်ခွင့်ရှိ/မရှိနှင့် လူမျိုးစုတို့၏ အရည်အချင်းများ စုပေါင်းခြင်းအားဖြင့် ပြည်ထောင်စုကြီး၏ အင်အားကြီးထွားနိုင် ခန့်ထည်နိုင်ခြင်း ရှိ/မရှိ စသည့်အချက်များကိုလည်း အထူးဂရု စိုက်ရန်လိုပါသည်။ ယနေ့ကမ္ဘာသည် ပြောင်းလဲနေပြီးဖြစ်သည်။ ငြိမ်းချမ်းရေးဘက်သို့ ရှေးရှု့သော ပြောင်းလဲမှု များဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် ကမ္ဘာ့ရန်ဖြစ်ခဲ့ကြသော ပါလက်စတိုင်းနှင့် အစ္စရေးတို့ ငြိမ်းချမ်းရေးကို အရယူနိုင်ခဲ့ပြီဖြစ်သည် ယနေ့ကမ္ဘာသည် ဖွံ့ဖြိုးတိုးတက်ရန် ရှေ့ရှုသောကမ္ဘာဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားလုံးရည်သန်၍ ငြိမ်းချမ်းစွာ အတူပေါင်းစည်းလျက် သဘောမတူညီမှုများကို စားပွဲပေါ်တွင် ဖြေရှင်းကြရန် လုပ်ဆောင်နေသောကာလဖြစ်သည်။ နှစ်ပေါင်းများစွာ မငြိမ်းချမ်းနိုင်ခဲ့သော တောင်အာဖရိကတိုက်၏ လူဖြူလူမဲ စစ်မီးသည်လည်း ငြိမ်းအေးသွားခဲ့ပြီဖြစ်သည်။

တာဝေးပစ် အဏုမြူ လက်နက်ဒုံးပျံများ လျှော့ချဖျက်စီးရေး ဆွေးနွေးမှုများသည် ကောင်းသောလက္ခဏာများပင်ဖြစ်သည်။ အဏုမြူ လက်နက်ပိုင်ရှင်နိုင်ငံများ၏ လက်နက် လျှော့ပေါ့ရေး ညိုနှိုင်းမှုများသည်လည်း ကောင်သောလက္ခဏာဖြစ်သည် လက်နက်သည် စစ်ပွဲကို ဖြစ်စေသောအကြောင်းရင်းခံများတွေ တစ်ခုဖြစ်သည်။ လက်နက်ကြောင့် လက်နက်ပိုင်ရှင်များ မာနတက်ကြသည် မောဟဖုံးလွမ်းကြသည် အာကာသကြီးမားကြသည် လက်နက်လျှော့နိုင် သမျှလျှော့လျှင်အာကာသများ ကင်းဝေးကြပေလိမ့်မည်။ လက်နက်လျှော့ပေါ့ရေးကို နိုင်ငံကြီးငယ်မဟူ တစ်ကမ္ဘာလုံး အချိုးကျဆောင်ရွက်ရမည်ဆိုလျှင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးကို စိတ်ချလက်ချ ယုံကြည်ကြပေမည်။ အရေးကြီးဆုံးက အဏုမြူလက်နက် ဖြစ်သည်။ အဏုမြူလက်နက် လုံးဝမစမ်းသပ်ရေး လုံးဝပိတ်ပင်ရေး၊ လုံးဝမထုတ်လုပ်ရေးစသော အဏုမြူလက်နက်ပိတ်ပင်ရေးကို ပြုလုပ်နိုင်လျှင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုံခြုံစိတ်ချနိုင်ပေလိမ့်မည်။ ငြိမ်းချမ်းတစ်ခုတည်ဆောက်ရသည်မှာ အလွန်သိမ်မွေ့ခက်ခဲသော ကိစ္စတစ်ရပ်ဖြစ်သည်။ စစ်ပွဲများသည် နိုင်ငံရေးစာပွဲဝိုင်းများ၏ နောက်ဆုံးအဆင့်ဟု ဆိုကြသည်။ တစ်ဖက်နှင့် တစ်ဖက် စေ့စပ်ဆွေးနွေးမှုများ သဘောပေါက်နားလည်မှုများ ညိုနှိုင်းအဖြေရှာမှုများ ကုန်ဆုံးသွားချိန်တွင် စစ်ပွဲသည် ရုတ်တစ်ရက် အသွင် ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ ရလဒ်ကား မည်သူမျှ အကျိုးထူးမဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်စလုံး ဆုံးရှုံးမှုများနှင့် ရင့်ကျက်နေပြီးသားဖြစ်သည်။

ကမ္ဘာကြီးသည် အရှေ့အနောက် တောင်မြောက် ကွဲပြားနေသော်လည်း ကမ္ဘာပေါ်တွင် နေထိုင်ကြသော တစ်ခုတည်းသော အသိဥာဏ်ရှိ သတ္တဝါမှာ လူသားဖြစ်သည်။ လူသည်အခြေခံအားဖြင့် အရောင်ဒေသ ဖိုမစသည်တို့ကို ဘေးဖယ်ထားလိုက်လျှင် အတူတူပင်ဖြစ်သည်။ ခံစားတတ်၊ ရိုသေတတ်၊ နာကြည်းတတ်၊ သစ္စာရှိတတ်၊ ရက်စက် တတ်သည်ခြင်းမှာ အတူတူပင်ဖြစ်သည်။ သို့သော် သမိုင်းနောက်ခံ ရိုးရာဓလေ့ အသားအရောင် ဒေသစသည်များက လူသားများကို အရောင်စိုးကာ အမှောင်တိုက်ဖြစ်စေခဲ့သည်။ မိမိယုံကြည်မှု သူတစ်ပါးယုံ ကြည်မှု၊ မိမိအတွေးအခေါ်၊ သူတစ်ပါးအတွေးအခေါ်၊ မိမိ၏ တန်ဖိုးသူတစ်ပါး၏တန်ဖိုး ကွဲလွဲချက်များကို စေ့စပ်ညိုနှိုင်း နေကြရင်းပင် စစ်ပွဲကြီးများ သက်ဆိုးရှည် နေကြရသည်။ ဘာသာတရားတိုင်းက မေတ္တာကို အခြေခံလေ့ရှိကြသည်။ တစ်ဦးမေတ္တာ တစ်ဦးမှာ မေတ္တာဆိုတာရောင်ပြန်ဟင်တတ်သည်ဆိုသော စကားများမှာ အလွန်သိမ်မွေ့ နက်နဲလွန်းလှသည်နှင့်အမျှ တန်ဖိုးအဓိပ္ပာယ်ကြီးမှားလွန်းလှပါသည်။ ဗုဒ္ဓသည် မေတ္တာကို အခြေခံခဲ့ပြီးသည်းခံခွင့်လွတ်ခြင်းဖြင့် ငြိမ်းချမ်းခြင်းကို ရှာဖွေခဲ့သည်။ ကမ္ဘာပေါ်ရှိပဋိပက္ခများ အမုန်းတရားများ အာဃာတများအားလုံးကို လူသားများက မေတ္တာကိုအခြေခံ၍ ဖြေရှင်းညှိနိုင်းကြပါလျှင် သေနတ်သံ တိတ်ဆိတ်သော ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးအသီးအပွင့်များကို ကျွန်တော်တို့ ဝဝလျင်လျင် စားသုံးနိုင်ကြ မည်ဖြစ်ပါသည်။

ယနေ့ကမ္ဘာတွင် ငြိမ်းချမ်းရေးဦးတည်ချက်ရှိသကဲသို့ အကြမ်းဖက်မှု၊ မငြိမ်သက်သော အဖြစ်များ ဒေသဆိုင်ရာစစ်ပွဲများ၊ စစ်ပွဲကလေးများ မငြိမ်းနိုင်သေးဘဲရှိနေသေးသည်။ အကြမ်းဖက်ခြင်းနှင့် စစ်ပွဲ သဘာဝခြင်းမတူကြပါ။ စစ်ပွဲသည် လက်နက်ကိုင်အဖွဲ့အချင်းချင်းတိုက်ကြချင်းဖြစ်သည်။ အကြမ်းဖက်မှုများသည် အေးချမ်းစွာလုပ်ကိုင်စားသောက်နေကြသော ပြည်သူများအဖွဲ့အစည်းများကို ဗုံး၊ သေနတ်သုံး၍ ပြဿနာကို အကြမ်းဖက်ဖြေရှင်းကြသည်။ သွေးချောင်းစီးရသည်။ မျက်ရည်အိုင်သွန်းရသည်ကို အကြမ်း ဖက် နည်းဟုသုံးသတ်သည်။ မပြေလည်သောပြဿနာတစ်ခုကို ထိုနည်း(၂)နည်းသည် အကြမ်းဖက်သော နည်းနှင့် ငြိမ်းချမ်းရေးနည်းတို့ဖြစ်သည်။ ငြိမ်းချမ်းရေးသည် မေတ္တာတရားဖြစ်သည် ငြိမ်းချမ်းရေးသည် သေဆုံးမှုမရှိသော ဝမ်းနည်းကြေကွဲမှုမရှိသော အနာဂတ်၏ ဘွဲ့လင်္ကာ များပင်ဖြစ်သည်။ ငြိမ်းချမ်းမှသာ တိုးတက်မှုရနိုင်သည်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ လက်နက်ကိုင်တိုက်ပွဲဝင်ရသည်ထက်ပို၍ ခက်ခဲ ပင်ပန်းသည် နှစ်ဦးနှစ်ဖက်သိက္ခာရှိသည့် ငြိမ်းချမ်းရေးသည် ကျက်သရေ ရှိသည့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ကုလသမ္မဂအဖွဲ့ကြီး၏ အဓိကရည်မှန်းချက်မှာ လူသားမျိုးနွယ်ဆက်များကို စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးစေရန်နှင့် ပိုမိုပြည့်စုံသော လွတ်လပ်မှုဖြင့် လူမှုဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုအဆင့်အတန်း တိုးမြင့်ရရှိစေရန်ဖြစ်သည်။ ကုလသမ္မဂအဖွဲ့ကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရာတွေလည်းကောင်း နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်ပေးရာ တွင်လည်းကောင်း တရားမျှတမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေကို အခြေခံလျှက် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် လည်းကောင်း၊ တိုင်းတစ်ပါးသားလက်အောက်ခံနှင့် ကိုလိုနီလက်အောက်ခံဘဝမှ ပြည်သူများ မိမိကြမ္မာကို မိမိဖန်တီးနိုင်ခွင့်ရရှိစေရန် လည်းကောင်း၊ ထူးကဲသည့် အရေးပါသောအခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ ကမ္ဘာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန် နိုင်ငံအသီးသီး တန်းတူရည်တူအခွင့်အရေးရရန်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိရန်ဟူသော လိုအပ်ချက်များကို ဖြည့်စည်းနိုင်ရေး အတွက် ကုလသမဂ္ဂကအဖွဲ့ကြီးကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးပုဒ်ထီး၊ တရားမျှတရေး၊ တန်းတူရည်တူရှိရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရေး နိုင်ငံရေးစီးပွားရေးနှင့် ပတ်ဝန်းကျင်ရေးရာကိစ္စအဖြာဖြာကို ကိုင်တွယ်ဖြေရှင်းရေးကိစ္စတို့သည် ကုလသမဂ္ဂစတင်တည်ထောင်စဉ်က ထုတ်ပြန်ခဲ့သည့် ပဋိဥာဏ်စာတမ်းတွင် အသိအလင်းဖော်ပြထားသည်။ ယခုစစ်အေးတိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်၍ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အခွင့်အလမ်းများပို၍ ပီပြင်လာပြီးဖြစ်သည်။ နိုင်ငံတကာအနေနှင့် ရေရှည်ထိန်းသိမ်းနိုင်မည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အခြေအနေကောင်းများ ဖန်တီးနိုင်ရန် ကြိုပမ်းကြရန်မည်။ ကမ္ဘာ့လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ရှာဖွေရာတွင် စစ်လက်နက်တိုးချဲတပ်ဆင်မှုဖြင့် မရနိုင်ဘဲ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမှသာ ရနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောက်ရွက်ရာတွင် ငွေအင်အား၊ လူအင်အား၊ သယံဇာတများကိုလည်း အညီအမျှသုံးစွဲရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးမရှိဘဲ ဘယ်အရာမျှမဖြစ်နိုင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး၊ လုံခြံရေး၊ ဖွံ့ဖြိုးရေးတို့သည် ဆက်နွယ်လျက်ရှိနေကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် တည်မြဲသည့်ဖွံ့ဖြိုးမှုအတွက် အခိုင်မာဆုံး အခြေခံပင်ဖြစ်ပါသည်။

နန်းစိန်ကျင်း (အွံအား)
ကိုးကား။ ။ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏နိုင်ငံရေးခရီး
Powered by Blogger.