Sunday, May 26, 2019

ချစ်ခြင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်


လူ့လောကတွင် အချစ်ကြောင့် လူတို့၏ လောဘ၊ ဒေါသ၊ မောဟ စသည်တို့ ပေါ်ပေါက်လျှက်ရှိကြလေသည်။ ချစ်ခြင်းဟူသော အရာသည် အလွန်ပင်နက်နဲလှပေသည်။ ချစ်ခြင်းသည် မိမိကိုယ်မိမိချစ်ခြင်းမှအစ မိဘမှ သားသမီး၊ တစ်ဦးကိုတစ်ဦးချစ်ခြင်းအဆုံး အစရှိသည်တို့မှ  မတူကွဲပြားအရောင်အသွေး စုံလင်လှ ပေသည်။  ချစ်ခြင်းမှအစပြု၍ ချစ်ခင်ကြင်နာခြင်း၊ မုန်းခြင်း၊ မနာလိုဝန်တိုခြင်း၊ လိုချင်တပ်မက်ခြင်း၊ စွဲလမ်းခြင်း များ အစရှိ သည်တို့ ဖြစ်ပေါ်လျှက်ရှိကြကုန်၏။ ချစ်ခြင်းအများစုသည် လိုချင်တပ်မက်ပြီး အကျိုးကျေးဇူး တစ်စုံတစ်ရာ အတွက်ချစ်ခြင်းများသာ ရှိတတ်ကြပေသည်။ နှောင်ကြိုးမဲ့ချစ်ခြင်းဟူ၍ အနည်းငယ်မျှသာ ရှိသည်ဟု စာရေးသူအနေဖြင့် လက်ခံပေသည်။

နှောင်ကြိုးမဲ့ချစ်ခြင်း၊ မည်သည့်အကျိုးကျေးဇူးတစ်စုံတစ်ရာမျှ မထားသည့် ချစ်ခြင်းမျိုးသည် မိဘမှသားသမီးများအပေါ်ထားရှိသည့် ချစ်ခြင်းတစ်ခုသည်သာရှိလေသည်ဟု ထင်မြင်မိပါသည်။ လူတို့သည် မိဘနှစ်ပါးပေါင်းဖက်မှသာ ပေါက်ဖွားလာသည့် သတ္တ၀ါတစ်မျိုးပင်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ မိဘနှင့်မကင်းပေ။ မိဘကိုယ်စီရှိကြကုန်၏။ မိဘတိုင်းသည် ၄င်းတို့၏သားသမီးများကို မိခင်မှကိုးလလွယ် ဆယ်လဖွားဆိုသည့်အတိုင်း လူ့လောကသို့ဝင်ရောက်လာခြင်းမရှိသေးသည့်တိုင် နည်းမျိုးစုံစာဖွဲ့၍ ချစ်နည်းမျိုးစုံဖြင့် ချစ်တတ်ကြပေသည်။

လူတို့သည် နေ့စဉ်နှင့်အမျှတိုးတက်ပြောင်းလဲနေသည်ကို မြတ်နိုးသကဲ့သို့ တစ်ဖက်တွင် တိုးတက်ပြောင်းလဲရန် နေ့စဉ်နှင့်အမျှ တွေးတောကြံဆကြလေသည်။ နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် လူ့လောကတွင် လူရယ်ဟုဖြစ်လာသည်နှင့် အတတ်ပညာ၊ အသိပညာမျိုးစုံကို အခြေခံလူ့ယဉ်ကျေးမှုတစ်ခုအဖြစ် လက်ခံယုံကြည်လာကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပေသည်။ ဤသို့ဖြင့် မိဘတို့သည်လည်း သားသမီးများကို ၄င်းတို့ကိုယ်တိုင် သင်ကြားခဲ့ရခြင်းမရှိသည့် အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးနိုင်ရန်မှာ တာဝန်တစ်ခုအဖြစ် လက်ခံလာကြသည်။ ထို့သို့လက်ခံသည်နှင့်အညီ မိမိတို့ကလေးများကိုအသိပညာ၊ အတတ်ပညာနှင့် ခေတ်နှင့်လျော်ညီသော ခေတ်ပညာတတ်ကြီးများ ဖြစ်စေရန်ဟူသော ရည်မှန်းချက်တစ်ခုတည်းသာ မူလတန်းပညာ၊ အလယ်တန်းပညာနှင့် အထက်တန်းပညာသာမက တက္ကသိုလ် ပညာရပ်အထိ ခန်းဆုံးတိုင်အောင် ပညာများလေ့လာဆည်းပူးစေလေ့ရှိကြသည်။ ဤကဲ့သို့ သားသမီးများကို တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးခဲ့ကြသည်မှာ ၄င်းတို့အဖို့ မည်သည့်အကျိုးကျေးဇူး တစ်စုံတစ်ရာမျှ မျှော်ကိုးခြင်း မရှိတတ်ကြပေ။ ၄င်းတို့သားသမီးများ လူ့ဘုံလောက လူ့ဘ၀မှာ ရှိသင့်ရှိထိုက်သည့် ပညာရပ်များ၊ ဗဟုသုတများနှင့် ၄င်းတို့၏ ရှေ့ရေးဘ၀လမ်းခရီး အဆင်ပြေချောမွေ့စွာ နေထိုင်ရပ်တည်နေနိုင်ရန်ဟူသည့် သားသမီးတို့ အတွက် မျှော်ကိုးခြင်းသာရှိတတ်ကြပေသည်။

မိဘတို့သည် မည်သည့်သားသမီးကိုမဆို ချစ်တတ်ကြသည်။ ခွဲခြား၍ မည်သည့်သားကိုမှ သမီးကိုမှ ချစ်သည်ဟူ၍ မရှိပေ။ သားသမီးတို့၏ စရိုက်အပေါ်အမှီပြု၍ သွန်သင်ဆုံးမရာတွင် ကွဲပြားခြားနားမှုသာ ရှိတတ်သည်ဟု ထင်မြင်မိပါသည်။ သားသမီးများ မည်သို့ပင်ဆိုးစေကာမှု ပစ်ပယ်ခြင်းမျိုး၊ မုန်းတီးခြင်းမျိုးကို မည်သည့်မိဘမျှ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ဆိုးသွမ်းသော၊ ကျေးဇူးမသိတတ်သော သားသမီးများကို သွန်သင်ဆုံးမရာတွင် ယဉ်ကျေးလိမ္မာသော သားသမီးများနှင့် တူညီနိုင်မည်မဟုတ်ပေ။ ဤကဲ့သို့ သွန်သင်ဆုံးမခြင်းကြောင့် အချို့သော သားသမီးများအဖို့ မိဘတို့အပေါ် အထင်အမြင်မှားတတ်ကြပေသည်။ ၄င်းတို့ကို မချစ်ခင်ကြောင်း၊ မနှစ်သက်ကြောင်း ကြိတ်မှိတ်ခံစားတတ်ကြပေသည်။ ၄င်းတို့သည် မှားယွင်းသောအယူအဆ၊ အထင်အမြင်ပင်ဖြစ်ကြောင်းကို နားလည်သဘောပေါက်ရန်လိုပေသည်။ မိဘတို့သည် သားသမီးကို ချစ်၍သာ သွန်သင်ဆုံးမ ကြပေသည်။ ၎င်းတို့သားသမီးကို အသက်ထက်ပို၍ ချစ်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ မိဘတို့၏ ချစ်ခြင်းသည် မည်သည့်အရာနှင့်မျှ တုနှိုင်းမရနိုင်ပေ။ တန်ဖိုးဖြတ်၍လည်း ရသည့်အရာမဟုတ်ပေ။

ထို့ကြောင့် လိမ္မာသည့်သားသမီးဖြစ်စေ၊ ဆိုးသွမ်းခဲ့ဖူးသည့်သားသမီးများဖြစ်စေ လက်ရှိမိမိတို့တွင် ငယ်ရွယ်သည့်မိဘသော်လည်းကောင်း၊ အသက်အရွယ်ငယ်ရွယ်မှုမရှိသောမိဘများ သော်လည်းကောင်း ရှိမည်ဆိုပါက ချစ်ခင်ပါ။ မြတ်နိုးပါ။ ၎င်းတို့ မိမိတို့အပေါ်ချစ်ခင်ကြင်နာခြင်းမျိုး မဟုတ်သည့်တိုင်အောင် အမြဲဦးစားချစ်ခင်ပေးစေလိုသော စိတ်ဆန္ဒဖြင့် နှောင်ကြိုးမဲ့ချစ်ခြင်းအကြောင်းကို စာရေးသူအမြင်တစ်ခုတည်း အနေဖြင့် ရေးသားအပ်ပါသည်။

ခွန်အောင်;နွောင်,
Powered by Blogger.