Tuesday, May 21, 2019

၂၀၁၉-ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောအားကစားပြိုင်ပွဲကို တောင်ကြီးမြို့တွင်ပြုလုပ်


တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်








၂၀၁၉-ခုနှစ်၊ မေလ(၂၂) ရက်၊ နံနက် (၈း၃၀)အချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကိန္နရီ ကိန္နရာ၊ တိုးနယား၊ ရှမ်းကြီးသိုင်းအက နှင့် “ထာဝရသစ္စာ”တေးသီချင်းဖြင့် တိုင်းရင်းသား/သူများက ကပြဖျော်ဖြေခဲ့ပြီးနောက် ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းဝင်ရောက် နေရာယူခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလီပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ မိမိနိုင်ငံတော်ကို ကိုယ်စားပြုနိုင်မယ့် ထူးချွန်ထက်မြက်တဲ့ ဘော်လီဘောမျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ဘော်လီဘောအားကစားသမားများ အချင်းချင်း စုစည်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးမှုရရှိကြပြီး ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးကို အထောက်အကူပြုစေရေးတို့အတွက်ပဲ ဖြစ်ပါကြောင်း၊ ဘော်လီဘောအားကစားနည်းဟာ နည်းစနစ်ကို အခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ သက်လုံးနှင့် ကြံချင်မှုတို့ပြည့်ဝဖို့လိုတဲ့အပြင် တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိရှိ အပေးအယူမျှမျှနဲ့ ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်းဖြစ်တာမို့ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝဖို့ အထူးလိုအပ်တဲ့ အားကစားနည်း ဖြစ်ပါကြောင်း၊ အထူးသဖြင့် အသင်းလိုက် အားကစားဆိုတာဟာ တစ်ဦးချင်း ထိုးဖောက်တတ်တဲ့ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ရသလို မိမိအသင်း အောင်နိုင်ရေးအတွက်လည်း အသင်းအဖော်များ၏ အရည်အသွေးပေါ်အောင် ဖန်တီးပေးတတ်သူဖြစ်ရန် လိုအပ်တဲ့အတွက် အားကစားသမားများအနေနဲ့ ဘက်စုံပြည်စုံအောင် ကြိုးစားလေ့ကျင့်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း စသောအမှာစကား အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဘော်လီဘောအားကစားပြိုင်ပွဲတွင် အမျိုးသားအားကစားသမား အသင်းပေါင်း (၁၅)သင်းနှင့် အမျိုးသမီးအားကစားသမား အသင်းပေါင်း (၁၃) သင်းရှိပြီး အားကစားသမား အင်းအားစုစုပေါင်း (၄၀၇) ဦးရှိကြောင်း သိရပြီး တစ်ရက်လျှင် (၆) ပွဲ ကစားသွားမည်ဖြစ်ကြောင်း၊ ဘော်လီဘော အားကစားပြိုင်ပွဲသည် အမျိုးသား/ အမျိုးသမီး အသင်းလိုက် ပထမဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆု ကျပ်(၇)သိန်း၊ တတိယဆုကျပ်(၅)သိန်းတို့ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဘော်လီဘောအားကစားဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခမ်းရတနာခွန်၊ ခွန်ယံသေ


Powered by Blogger.