Tuesday, July 16, 2019

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၏ ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီး၏ ပြန်လည်ဖြေကြားချက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်


ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေမှ တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ နမ်းဗေးကျေးရွာမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် မြေသားလမ်းမကြီးပေါ်ရှိ နမ့်ဗေးကျေးရွာအထွက် နမ့်တဘက်ချောင်းကူးတံတား(ဒေသအခေါ် တွူးစန်းသစ်သားတံတားကြီး)အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရဘဏ္ဍာရန်ပုံငွေဖြင့် အဆင့်မြင့် သံကူကွန်ကရစ်တံတားအဖြစ်ထည့်သွင်းလျာထားပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများကိုယ်စား သိရှိလိုပါသဖြင့် ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးမှ ပြန်လည်ဖြေကြားရာတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ နမ့်ဗေးကျေးရွာမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်မြေသားလမ်းပေါ်ရှိ နမ့်တဘက်ချောင်းကူးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်း/တံတား စာရင်းတွင် ပါဝင်ခြင်းမရှိသေးပါ။

သို့ဖြစ်ပါ၍ တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ နမ့်ဗေးကျေးရွာမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာသို့ ဆက်သွယ်သည့် လမ်းပေါ်ရှိ နမ့်တဘက်ချောင်းကူးတံတားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျေးလက်လမ်းအဖြစ် သိမ်းသွင်းဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်ကို အဆိုပါဒေသနေပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ သိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။


လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.