Wednesday, July 17, 2019

မျှော်လင့်ချက်လေးစုဆောင်းပေးစေလို

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်



လူရယ်လို့ဖြစ်လာပြီဆိုကတည်းက မျော်လင့်ချက် ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိစမြဲဖြစ်တယ်။ ဒီအလုပ်လုပ်လျှင်ဘယ်လောက်ရမယ်၊ တစ်နေ့တစ်ချိန် ဘာလုပ်မယ်ဆိုသည့်ရည်ရွယ်ချက်၊ အများတကာနှင့်တန်းတူရည်တူ နေနိုင်ဖို့ဆိုတာ လူတိုင်းကိုယ်စီ ရည်မှန်းချက်ရှိကြမယ်ဖြစ်တယ်။ ရည်ရွယ်ချက် မျော်လင့်ချက်လို့ပြောလျှင် နိုင်ငံခြားတိုင်းတစ်ပါးမှာ အလုပ်လုပ်နေသူတွေကို သွားသတိရတယ်။ တစ်နေ့ နိုင်ငံခြားအလုပ်လုပ်ပြီးပြန်လာတဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖုန်းဆက်လာတယ် ဆောင်းပါးရေးပေးပါပေါ့ဆိုတော့ ဘာအကြောင်းအရာလဲပြန်မေးလိုက်တော့ သူက သူတို့ဒေသမှာ လူငယ်တွေ အိမ်နီးချင်းနိုင်ငံမှာ သွားအလုပ်လုပ်ကြတယ် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး  ရသမျှငွေတွေကို အကျိုးရှိရှိအသုံးပြုစေချင်ကြောင်း စသည့်အကြောင်းလေးတွေကို ပါအောင်ရေးပေးပါလို့ ပြောလာတော့ ကျွန်တော်လဲ စာညီအောင်စီဖို့တောင်အနိုင်နိုင် မရေးတတ်ရေးတတ်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းမို့ မငြင်းသာပဲ  မနိုင်ဝန်ထမ်းဖို့သဘောတူလိုက်တယ်။

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီးပြန်လာတဲ့ အသိတစ်ယောက်နဲ့ မထင်မှတ်ပဲဆုံဖြစ်တယ်။ လောက၀တ်စကားများပြောကြားရင်း အဆင်ပြေလားမေးတဲ့အခါ ထိုသူလည်းညည်းတွားရင်း ထိုင်းမှာအလုပ်လုပ်ရတာအဆင်ပြေပါတယ်။ သို့ပေမယ့် သူပြန်ပို့တဲ့ ပိုက်ဆံကို သူ့အမျိုးသမီးက လောင်းကစားတွေလုပ် သုံးဖြုန်းပြစ်ကြောင်း ခုဆိုသူပြန်ရောက်လာပေမယ့် စုမိဆောင်းမိထားတာ ဘာမှမရှိလို့ သူ့အမျိုးသမီးနဲ့ စကားများနင်ချထားကြောင်းအစရှိသဖြင့် ပြောပြတယ်။ အားပေးစကားပြောပြီး လက်ဘက်ရည်ဆိုင်မှ ပြန်လာတော့ ကျွန်တော့်ခေါင်းထဲတွေးစရာအများကြီးဖြစ်လာတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်ကောင်းတွေ နိုင်ငံ့လူဦးရေရဲ ထက်ဝက်မကရှိပြီးတော်တော်များက နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်နေရတယ်။ တချို့သောသူတွေမှာ ဥာဏလုပ်အား အများစုအဖြင့်ကတော့ ထိုင်းနိုင်ငံတွေမှာ ကာယလုပ်သားဖြင့် သွားရောက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာလဲ နိုင်ငံကဆင်းရဲလို့ အစစအရာရာ အလုပ်အကိုင်အခွင့်အလမ်းတွေ လုံလောက်အောင် မဖန်တီးပေးနိုင် ရှားပါးလို့၊ စိုက်ပျိုးရေး အခြေခံတဲ့ နိုင်ငံဆိုပေမယ့် တောင်သူတွေအတွက် ဈေးကွက်အာမခံမရှိလို့ စသဖြင့် အကြောင်းပေါင်းများစွာကြောင့် လူငယ်လူရွယ်ကောင်းတွေ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေရကြတာပဲ ဖြစ်ပါတယ်။

အထက်က အသိတစ်ယောက်ရဲ့အကြောင်းအရာလို ဒီကနေ မွေးရပ်မြေကိုစွန့်ပြီး ပြည်ပနိုင်ငံမှာ ပင်ပန်းဆင်းရဲစွာ သွားရောက်လုပ်ကိုင်ကြတဲ့ ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကို မောင်နှမများအတွက် ပြောချင်တာက မိမိတို့ယခုလိုပင်ပန်းဆင်းရဲစွာ မိသားစုနှင့် အဝေးမှာ အလုပ်လုပ်နေကြရတာက လက်ရှိအခြေနေထက် ပိုတိုးတက်ချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပေမယ့် တချို့ကအကြောင်းကြောင့် ထိုရည်ရွယ်ချက်ကို အကောင်ထည်မဖော်နိင်သေးပေမယ့် တချို့ကမျှော်လင့်ချက်တွေ ပြည့်လာတော့မယ်ဆိုတဲ့ အတွေးလေးတွေနဲ့ ပျော်နေကြသော်လည်း နောက်မှာကျန်ခဲ့တဲ့မိသားစုက ရိုက်ချိုးပစ်ကြတာတွေလည်း ရှိကြပါတယ်။

ရည်ရွယ်ချက် ရည်မှန်းချက်ဖြင့် တိုင်းတစ်ပါးတွင် အလုပ်လုပ်နေသော တိုင်းရင်းသားညီအစ်ကိုများဖြစ်စေ၊ အိုးအိမ်နှင့် မိသားစုကို စွန့်ခွာပြီးအလုပ်လုပ်သည်ဖြစ်စေ၊ ချွေတာစုဆောင်း သူဌေးလောင်းဆိုသလို တစ်နေ့ တစ်ထောင်ရလျှင် နှစ်ထောင်တန်လောက်သွားမဖြုန်းဖို့ရန်အလွန်အရေးကြီးပါတယ်။

တစ်နည်းအားဖြင့် စုဆောင်းရေးချွေတာရေးသည် အိမ်ရှင်မိန်းမမှာ ပို၍တာဝန်ရှိသည်ဟု ယူဆမိပါတယ်။ စီမံခန့်ခွဲရေးမှာပင် အိမ်ရှင်ဖြစ်သူက စီမံတတ်ဖို့လွန်စွာအရေးကြီးလှပါတယ်။ သားသမီးပညာရေး၊ အိမ်မှုကိစ္စအ၀၀မှာဖြစ်စေ စီမံခန့်ခွဲရမည်ဖြစ်၍ တိုင်းတစ်ပါးမှ ကြိုးစားပမ်းစား အလုပ်ကြိုးစားနေရှာသော အိမ်ဦးနတ် လင်ယောင်္ကျားဖြစ်သူရဲ့ လုပ်အားခငွေဖြင့် ပတ်ဝန်းကျင်နှင့်တန်းတူနေထိုင်နိုင်ရန်အလို့ငှာ စကားပုံဆိုသလို ၀က်သားအစားမစောဖို့ လိုပါတယ်။ ဆင်းရဲခြင်းဒဏ်ကို မခံလိုလျှင် ချွေတာရေးသည် အဓိကအကျဆုံးအရာဖြစ်၍ မိသားစုအတွင်းဖြစ်စေ လူမှုအသိုင်းအ၀ိုင်းဖြစ်စေ ငွေရေးကြေးရေးသည် ဒုတိယဘုရားသခင်ဆိုလျှင်မမှားပေ။

ထို့ကြောင့် မျော်လင့်ချက်ဖြင့် အလုပ်လုပ်နေသူကို အကောင်အထည်ဖေါ်ဖို့၊ မျော်မှန်းထားသည့်ပန်းတိုင်ကို အလဟဿ    မဖြစ်စေရန် ငွေကိုင်သူအိမ်ရှင်မိန်းမဖြစ်စေ၊ ငွေစုဆောင်းပေးသူဖြစ်စေ၊ သုံးစွဲမှုမှန်ကန်စေလိုပါကြောင်း အကြံပြုလိုက်ပါတယ်။


K L2 (နွေ;ဒီ;ခံ,)  
Powered by Blogger.