Monday, July 22, 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်






နှစ်စဉ်မိမိတို့မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ပအိုဝ်းကျောင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပေးခြင်းဖြင့် ပညာတတ်လူငယ်မောင်မယ်များ များစွာပေါ်ထွက်လာစေရန်နှင့် လက်ရှိအတန်းပညာသင် ယူနေသော ကျောင်းသား/သူများလည်း ပညာသင်ယူလိုစိတ်ပြင်းပြလာစေရန်၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များ ရှေ့ဆက်တက်ရောက်သင်ယူမည့် တက္ကသိုလ်၊ ကောလိပ်နှင့် အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သည့် သင်တန်း ကျောင်းများတက်ရောက်လျှောက်ထားရာတွင် သိသင့်သိထိုက်သည့် ပညာရေးဆိုင်ရာသတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်၊ နှစ်စဉ်အလိုက် တက္ကသိုလ်ဝင်တန်းအောင် ပအိုဝ်းကျောင်းသား/သူများစာရင်းကို သိရှိပြုစုထားနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင်လ (၂၁)ရက် နံနက် (၉)နာရီခွဲက ဟိုပုံးမြို့၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀မှ ဂုဏ်ပြုအဖွင့်အမှာစကား ချီးမြှင့် မြွက်ကြားပြီး၊ ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဟိုပုံးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးဆရာမကြီးများတို့က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ဟိုပုံးမြို့နယ်အတွင်းရှိ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသား/သူများ(၃၄၁)ဦးကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး) 
Powered by Blogger.