Monday, July 22, 2019

ဆီဆိုင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးနှင့်ပတ်သက်၍ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခြင်းနှင့် သက်ဆိုင်ရာမှ ပြန်လည်ဖြေကြားချက်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၊ ဖြားခွန်သန်းထူးမှ ဆီဆိုင်မြို့နယ်၊ ၂၀၀၁-ခုနှစ်တွင် ဆောက်လုပ်ခဲ့သော မြို့နယ်ပညာရေးမှူးရုံး (၈၁×၂၈)ပေ သွပ်မိုး၊ အုတ်ညှပ်အဆောက်အဦးသည် နှစ်ကာလကြာလာသည်နှင့်အမျှ ယိုယွင်းပျက်စီးလျက်ရှိပြီး ဥပဓိရုပ်ကောင်းမွန်ခြင်း မရှိတော့သောကြောင့်  လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦးအသစ် ဆောင်လုပ်ပေးနိုင်ရန်နှင့် ဆောက်လုပ်ပေးမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ သိရှိလိုပါသဖြင့် ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားသည်မှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ပညာရေးမှူးရုံးတွင် ရုံးဝန်ထမ်းအင်အားအနေဖြင့် အရာထမ်း(၃)ဦးနှင့် အမှုထမ်း(၁၈)ဦး၊ စုစုပေါင်း(၂၁)ဦးရှိပါသည်။ အဆောက်အဦးအနေဖြင့် (၈၁×၂၈)ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင် (၁)ဆောင်သာရှိပါသည်။ အဆိုပါ မြို့နယ်ပညာရေးမှူးရုံးအဆောက်အဦးမှာ ၂၀၀၁-ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အဦးဖြစ်ပြီး ဥပဓိရုပ်ကောင်းမွန်ခြင်း မရှိတော့သည်ကို စိစစ်တွေ့ရှိရပါသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ လျာထားချက်များ ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ဆီဆိုင်မြို့နယ်ပညာရေးမှူးရုံးတွင် အဆောက်အဦးသစ် ဆောက်လုပ်ရန်လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) စာရင်းတွင် ထပ်မံထည့်သွင်းလျာထားနိုင်ခြင်းမရှိတော့ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေစာရင်းတွင် (၁၀၀×၃၀)ပေ RC (၂)ထပ် ဆောက်လုပ်နိုင်ရန်အတွက် မြို့နယ်ဦးစားပေးအစီအစဉ်ဖြင့် ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်ကို သက်ဆိုင်ရာဌာနနှင့် အဆိုပါဒေသနေပြည်သူများ သိရှိနိုင်စေရန် အသိပေးရေးသား တင်ပြအပ်ပါသည်။

လွှတ်တော်ရေးရာဌာန
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး
Powered by Blogger.