Monday, July 22, 2019

စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း စတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်








၂၀၁၉-ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်၊ နံနက် (၉း၃၀)အချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KIOCA)နှင့် ရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Korea Climate Change Center) တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းစတင်ခြင်းအလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ (၂၅.၃.၂၀၁၉) ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့မှုအရ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း စတင်နိုင်ဖို့အတွက် Local Stakeholder များအား စီမံကိန်းနှင့် စပ်လျဉ်းပြီး ရည်ရွယ်ချက်၊ ဆောင်ရွက်မည့်လုပ်ငန်းများ၊ မျှော်မှန်းရရှိလာမည့် အကျိုးကျေးဇူးများကို စီမံကိန်းနှင့် ဆက်စပ်လျက်ရှိတဲ့ ခရိုင်/ မြို့နယ်များမှ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ခရိုင်/ မြို့နယ်အလိုက် တာဝန်ရှိသူများအား အသိပေးရှင်းလင်းတင်ပြရန် အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြမည့် အခမ်းအနားဖြစ်ပါကြောင်း၊ စွမ်းအားမြှင့်မီးဖိုးများ ဖြန့်ဖြူးခြင်း စီမံကိန်းကို ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၆)ခုမှာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေပြည်သူများဖြစ်သည့်အတွက် ကျေးလက်နေပြည်သူအများစုမှာ လျှပ်စစ်မီး မရရှိပဲ ချက်ပြုတ်စားသောက်ဖို့အတွက် ဖိုခနောက်(၃)ခုဆိုင်ထားတဲ့ မီးဖိုကို ထင်းမီးနဲ့ပဲ အသုံးပြုပြီး ချက်ပြုတ်စားသောက်နေကြရပါကြောင်း၊ ဤလိုမျိုးအသုံးပြုသည့်အတွက် သစ်တောပြုန်းတီးမှု ဖြစ်စေပြီး ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုမိုဖြစ်ပွားလာပါကြောင်း၊ ဒီစီမံကိန်းမှာ ထင်းစားသက်သာပြီး မီးစူးအားကောင်းတဲ့ စွမ်းအားမြှင့်မီးဖိုတွေကို  လျှပ်စစ်မီးမရှိတဲ့ ကျေးလက်နေပြည်သူတွေကို  ဖြန့်ဖြူးပေးမှာဖြစ်တဲ့အတွက် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကို အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ ဒါ့အပြင် ရှမ်းပြည်နယ်မှာ စီမံကိန်း ဆောင်ရွက်မည့်  အိမ်ထောင်စုပေါင်း (၂၁၆၀၀၀)ကို Batch A, Batch  B ခွဲပြီး တစ်နှစ်ခြားစီ မီးဖိုများ (၅)နှစ်ဆက်တိုက် ဖြန့်ဖြူးသွားမှာဖြစ်တယ်လို့ သိရှိရပြီး ၄င်းမီးဖိုများထုတ်လုပ်ရန် လုပ်သားများ လိုအပ်လာမှာ ဖြစ်တဲ့အတွက် ဒေသဆိုင်ရာ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများ ပိုမိုရရှိလာမှာဖြစ်ပါကြောင်း စသည့်အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စီမံကိန်းဒါရိုက်တာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေး ဦးစီးဌာန ဦးအေးကိုကိုက စီမံကိန်းနှင့် ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ကိုရီုးယား ရာသီဥတုပြောင်းလဲမှုဗဟိုဌာနမှ Team Manager Ms. Seohee Jun က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံစဥ့်အသင်း(MCS) ဦးမြင့်အောင်က စွမ်းအားမြှင့်မီးဖို၏ အသုံးဝင်အကျိုးပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး စွမ်းအားမြှင့်မီးဖို အသုံးပြုမှုအခြေအနေများကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က မီးဖိုများဖြန့်ဖြူးရေးနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည်  ကာဗွန်ထုတ်လုပ်မှုလျှော့ချသည့်လုပ်ငန်းစဉ်ယန္တရား ( Clean Development Mechanism- CDM) အတွက် လှုပ်ရှားမှုအစီအစဉ်များ၊ Side Agreement under SMU Project ဖြစ်ပြီး နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် စသောဒေသတို့တွင် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယား ရာသီဥတုပြောင်းလဲမှုဗဟိုဌာနမှ Team Manager Ms. Seohee Junနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းဆောင်ရွက်မည့် မြို့နယ်များမှ  မြို့နယ်ဦးစီးမှူးများ၊ ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ
Powered by Blogger.