Monday, August 12, 2019

နောင်တရားဒေသ၏ ဝါတွင်းကာလအကြောင်းတစေ့တစောင်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်


မိမိမွေးဖွားရာဇာတိဖြစ်သည့်နောင်တရားဒေသေ၏ ဝါတွင်းကာလအလေ့အထများအကြောင်းများကို “နောင်တရားဒေသ၏ ဝါတွင်းကာလအကြောင်းတစေ့တစောင်း”ခေါင်းစဉ်ဖြင့် မျိုးဆက်သစ်လူငယ်များ မိမိတို့၏ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို ပိုမိုတန်ဖိုးထားစေလိုသည့် ဆန္ဒဖြင့်သော်လည်းကောင်း၊ ပျောက်ကွယ်မသွားသင့်သော ဆက်လက်ထိန်းသိမ်းစေလိုပါသည်။

ဝါတွင်းကာလအနေဖြင့် “ဝါဆို၊ ဝါခေါင်၊ တော်တလင်း” စသည့်လများအဖြစ်သတ်မှတ်ပါသည်။ ထိုဝါတွင်းလများအတွင်း မိမိတို့နောင်တရားဒေသ၏ ရိုးရာဓလေ့ထုံးတမ်းများကို ဦးစွာတင်ပြလိုပါသည်။ ဝါဆိုလဆန်း(၁၄)ရက်နေ့ညတွင်သော်လည်းကောင်း၊ ဝါဆိုလပြည့်နေ့မနက်တွင်သော်လည်းကောင်း မိမိတို့၏မိဘများ၊ ဘိုးဘွားများကိုလိုက်လံကန်တော့သည့်ဓလေ့ရှိသည်။ ဝါဆိုလပြည့်နေ့တွင် မိမိတို့ နောင်တရားဒေသရှိဒေသခံများသည် ဆွမ်းတော်များကပ်လှူခြင်း၊ ဆွမ်းချိုက်များပို့ခြင်းနှင့် ဘုန်းကြီးကျောင်းတက်ကုသိုလ်ယူသည့်ဓလေ့များရှိပါသည်။

ဝါဆိုလပြည့်နေ့မှစတင်၍ ဝါစဝင်သည့်ရက်အဖြစ်လူကြီးများထံမှသိရပါသည်။ ထိုဝါစဝင်သည် ကိုပအိုဝ်းစကားအဖြစ် “ဝါနွို့စလဲဉ်း”ဟုခေါ်ပါသည်။ ဝါတွင်းကာလတွင် မိမိတို့နောင်တရားဒေသရှိ လူပျို၊ အပျိုများ ကုသိုလ်ယူသည့်ဓလေ့များကိုလည်းမျှဝေလိုပါသည်။ ‘‘ဝါဆိုလပြည့်၊ ဝါဆိုလကွယ်၊ ဝါခေါင်လပြည့်၊ ဝါခေါင်လကွယ်၊ တော်တလင်းလပြည့်၊ တော်တလင်းလကွယ်၊ သီတင်းကျွတ်လပြည့်” စသည့် နေ့ရက်များတွင် နောင်တရားဒေသရှိဒေသခံများသည်ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူခြင်း၊ တရားထိုင် ခြင်းစသည့်ဓလေ့ရှိပါသည်။ ထိုနေ့ရက်ထူး၊ နေ့ရက်မြတ်တွင် နောင်တရားဒေသရှိ လူပျို၊ အပျိုများ အလှည့်ကျစနစ်ဖြင့် ဝေယျာဝစ္စများပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ဓမ္မစက္ကျာများရွတ်ဖတ်ပူဇော်ခြင်းဖြင့်လည်းကောင်း ကုသိုလ်ယူပါသည်။

အလှည့်ကျသည့် လူပျို၊ အပျိုများ၏ လုပ်ဆောင်မှုအကျဉ်းကိုလည်းထပ်စောင်း၍တင်ပြချင်ပါသည်။ အလှည့်ကျသည့် လူပျို၊ အပျိုများ၏တာဝန်မှာ မိမိတို့တာဝန်မရောက်မီတစ်ရက်အလိုတွင် အပျိုများအနေ ဖြင့် မနက်ပိုင်းတွင်ဘုန်းတော်ကြီးကျောင်းအတွက် ဘုရားပန်းများကပ်လှူခြင်း၊ သစ်သီးဝလံများကပ်လှူခြင်း များပြုလုပ်ပြီး ညနေပိုင်းတွင် လူပျိုများသည် အိုးစည်ဗုံမောင်းများတီး၍ အပျိုများသည် ဆွမ်းတော်ပြင်ဆင် ကြခြင်းဖြစ်လည်း ကုသိုလ်ယူပါသည်။ မိမိတို့အလှည့်ကျသည့်မနက်တွင် တူညီသည့်ပအိုဝ်းဝတ်စုံများ ဝတ်ဆင်ကာ လူပျိုများသည် အိုးစည်ဗုံမောင်းများတီး၍လည်းကောင်း၊ အပျိုများသည်လည်းဆွမ်းတော်များကိုယ်စီပင့်ဆောင်လာကြပါသည်။ ဆွမ်းတော်ကပ်လှူပြီးသည်နှင့် အလှည့်ကျအပျိုများ၏ ဓမ္မစက္ကျာများ ပြိုင်တူရွက်ဖတ်ပူဇော်မှုကြောင့် နောင်တရားဒေသတစ်ဝှမ်းလုံးနီးပါး ကြားသိရပါသည်။

လူပျို၊ အပျိုများအနေဖြင့် ရဟန်းသံဃာများ၏ဝေယျာဝစ္စ တာဝန်ကိုလည်းကောင်း၊ တရားထိုင်သည့်ပုဂ္ဂိုလ်များအတွက် ဧည့်ခံကျွေးမွေးရေးတာဝန်ကိုလည်းကောင်း ကျေပွန်စွာလုပ်ဆောင်ခြင်းဖြင့် ကုသိုလ်ယူပါသည်။

ဝါတွင်းကာလသည် အခြားလများထက် ကုသိုလ်ပိုလုပ်ဖြစ်သည့်ကာလဟုခေါ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုန်းတော်ကြီးတက်ကုသိုလ်ယူခြင်း၊ ဆွမ်းကပ်လှူခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဓမ္မစက္ကျာရွတ်ဖတ်ပူဇော်ခြင်း၊ တရားပွဲများကျင်းပခြင်း စသည့်ကောင်းမှုကုသိုလ်ပြုလုပ်ကြပါသည်။ ထို့အပြင်စုပေါင်းကာ မိမိတို့ကျေးရွာကိုယ်စီတွင်လည်းကောင်း၊ နေအိမ်တစ်အိမ်(မိသားစုတစ်စု) အနေဖြင့်လည်းကောင်း ဆွမ်းလောင်းလှူပွဲများ၊ ဓမ္မစက္ကျာရွတ်ဖတ်ပူဇော်မှုများ၊ တရားပွဲများပြုလုပ်လေ့ရှိပါသည်။

အထက်ကြောင်းအရာများသည် မိမိတို့နောင်တရားဒေသ ဝါတွင်းကာလအတွင်းပြုလုပ်လေ့ရှိသည့် ကုသိုလ်ကောင်းမှုများအကြောင်းသာဖြစ်ပါသည်။ မိမိတို့ပအိုဝ်းဒေသတိုင်း ဝါတွင်းကာလရိုးရာဓလေ့မှာ များစွာတူညီမှုရှိပါသည်။

“သီတင်းကျွတ်လပြည့်နေ့ရက်”သည် ဝါတွင်းကာလပြီးဆုံးရက်(သို့) နောက်ဆုံးရက်ဟုခေါ်ပါသည်။ ပအိုဝ်းစကားအဖြစ် “ဝါ,ကျွတ်လဲဉ်း”ဟုခေါ်ပါသည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် ဝါတွင်းကာလတွင် ပြုလုပ်လေ့ရှိသည့် မိမိတို့၏ရိုးရာဓလေ့များကိုသိရှိပြီး တန်ဖိုးထားရန်နှင့် ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မိမိတို့လူမျိုး၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများပျောက်ကွယ်မသွားရန် မျိုးဆက်သစ်လူငယ်များတွင် တာဝန်ရှိကြောင်း၊ “ရှေးထုံးကိုလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့”ဆိုသည့်စကားပုံအတိုင်း ခေတ်စနစ်ပြောင်းလဲမှုအပေါ် မိမိတို့၏ပြောင်းလဲမသွားသင့်သည့် ဂုဏ်အင်္ဂါရပ်များကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းရန်တာဝန်တစ်ရပ်အနေဖြင့် တန်ဖိုးထားရန်လိုအပ်ကြောင်း ဤ“နောင်တရားဒေသ၏ ဝါတွင်းကာလအကြောင်းတစေ့တစောင်း”ဆောင်းပါးဖြင့် နှိုးဆော်တိုက်တွန်းခြင်းဖြင့် အဆုံးသတ်ပါမည်။

ပအိုဝ်;မူ,ပေ,(စန္တာခမ်း)
Powered by Blogger.