Thursday, August 8, 2019

မိမိတို့နေထိုင်ရာဒေသ ဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၉)ရက်


စီးပွားရေးသည် နိုင်ငံရေးနှင့်ယှဉ်တွဲလက်ရှိပြီး နိုင်ငံရေးပေါ်လစီများ၊ နိုင်ငံရေးမူဝါဒများ ကောင်းမှသာလျှင် စီးပွားရေးလည်းတိုးတက်လာမည်ဖြစ်သည်။ စီးပွားရေးလောကတွင် အဖက်ဖက်တိုးတက်မှသာ တိုင်းသူပြည်သားများ၏ လူနေမှုဘ၀သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

နိုင်ငံရေးသည် အမြဲပြောင်းလဲနေသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီမိုကရေစီနည်းလမ်းဖြင့် နိုင်ငံကို အုပ်ချုပ်မည်ဆိုပါက အုပ်ချုပ်သူလူတန်းစားများသည် (၅)နှစ်တစ်ကြိမ် ပြောင်းလဲနေမည်ဖြစ်သည်။ မိဘပြည်သူများ၏ နေ့စဉ်လူနေမှုဘ၀သည် မပြောင်းလဲပဲ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ၊ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲလှုပ်ရှား ရုန်းကန်နေကြရသည်ကို သတိထားစဉ်းစားရမည်ဖြစ်သည်။

သက်ဆိုင်ရာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အချို့ဒေသများတွင် ကိုယ်အား၊ဥာဏ်အား၊ဓနအား တို့ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လက်တွဲပြီး လုပ်ဆောင်ပါ သော်လည်း အချို့သောဒေသများသည် မိမိတို့အခက်အခဲများကို သက်ဆိုင်ရာ အစိုးရဌာနများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြရမည့် အခြေခံနည်းလမ်းများအား မသိရှိပဲမိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးနေကြသော ဒေသများလည်းရှိသည်။

ပြောင်းလဲလာသော နိုင်ငံရေးနှင့်အညီ မိမိတို့ဒေသ ဖွံ့ဖြိုးရေးကိုလည်း တစ်ပြိုင်နက် ပြောင်းလဲလာ နိုင်အောင်  မိမိတို့လိုအပ်နေသော မီးရရှိရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ရေရရှိရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာနသို့ တင်ပြရမည့် အခြေခံအချက်အလက်များကို မိဘပြည်သူများ သိရှိနိုင်ရန် ရည်ရွယ်၍ စာရေးသူအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တင်ပြရမည့်အခြေခံနည်းလမ်း အကျဉ်းချုပ်ကို တင်ပြပေးမည်ဖြစ်သည်။

မိဘပြည်သူများ၏ ဒေသဆိုင်ရာ လိုအပ်ချက်များ အခက်အခဲများကို သက်ဆိုင်ရာ အစိုးရဌာနသို့ တင်ပြပုံနည်းလမ်း အဆင့်အဆင့်မှာ-
(၁) ကျေးရွာ/ ရပ်ကွက် ရပ်မိရပ်ဖများရှိရမည်။

(၂) မိမိတို့လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုခုကို အချင်းချင်းညီညွတ်စွာဖြင့် ဦးစွာတိုင်ပင်ဆွေးနွေးရမည်။

(၃) ထိုဆွေးနွေးမှုမှ ရရှိလာသည့် ဖွံ့ဖြိုးရေးစီမံချက်ကို ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ထပ်မံဆွေးနွေးရမည်။

(၄) လိုအပ်သည့်အရာ၊ လိုအပ်သည့်အကြောင်းရင်းနှင့် အကျိုးရလာဒ်များကို သေချာစနစ်တကျ တွက်ချက်ပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးရမည်။

(၅) ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့် တိုင်ပင်ဆွေးနွေးပြီး ရရှိလာသည့် ဆွေးနွေးမှုမှတ်တမ်းကို သေချာစိစစ်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် အစိုးရဌာသို့ဖြစ်စေ၊ မိမိတို့မဲပေးခဲ့သည့်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း ပေးပို့တင်ပြရမည်ဖြစ်သည်။

ထိုသို့အဆင့်ဆင့် တင်ပြတောင်းဆို ပေးပို့နိုင်မှသာလျှင် မိမိတို့လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးကအစ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အစိုးရတို့က သိရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် သက်ဆိုင်ရာအစိုးရဌာနတို့က ဖြည့်စွက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

တနည်းဆိုရသော် မိမိတို့ဒေသလိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုလွှတ်တော်၏ ဖိုင်တွဲသို့ရောက်ရှိမှသာလျှင် မိမိတို့ဒေသလိုအပ်ချက်များကို တာဝန်ရှိပုဂ္ဂိုလ်အဆင့်ဆင့်တို့က ရေတိုရေရှည် ရေလတ် စီမံချက်တို့ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည့်လုပ်ကိုင်ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြရင်း မိဘပြည်သူများ၏အခက်အခဲများကို သက်ဆိုင်ရာအစိုးရဌာနသို့တင်ပြခြင်း ဆောင်းပါးကိုအဆုံးသတ်လိုက်ရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.