Tuesday, September 10, 2019

အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် သားသတ်နှင့် အသားထုတ်လုပ်ခွင့်လက်မှတ် စိစစ်ချထားခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်





ထိုက်သင့်တဲ့စည်ပင်သာယာရေးအခွန်အခများရရှိစေရန်၊ သားသတ်လုပ်ငန်းအနေနှင့် စားသုံးသူများကျန်းမာရေးနှင့်ညီညွှတ်သည့် အသားများလွယ်ကူစွာစားသုံးနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဟိုပုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် သားသတ်နှင့်အသားထုတ်လုပ်ခွင့်လက်မှတ် စိစစ်ချထားခြင်းအခမ်းအနားကို စက်တင်ဘာ (၉) ရက် နံနက် (၁၀) နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်တို့က အမှာစကား ပြောကြားကြပြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦမောင်မောင်မြင့်က အရပ်ရပ်အခွင့်အရေးလိုင်စင်ဆိုင်ရာ စည်းကမ်းများနှင့် သားသတ်နှင့်အသားထုတ်လုပ်ခွင့် လက်မှတ်စိစစ်ခြင်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလိုင်စင်များဖြစ်ကြသော မြို့မ ပျံကျဈေးကောက်လိုင်စင်၊ နမ့်ခုတ်ပျံကျဈေးကောက်လိုင်စင်၊ ဟိုပုံးကျွဲနွားဈေးကောက်လိုင်စင်၊ နမ့်ခုတ်ကျွဲနွားဈေးကောက်လိုင်စင်၊ မြို့မဈေးစက်ဘီး/ဆိုင်ကယ်အပ်လုပ်ငန်းလိုင်စင်နှင့် မြို့မဈေး အိမ်သာလုပ်ငန်းလိုင်စင်တို့အား လေလံတင်ရောင်းချပြီး လေလံရောင်းချရငွေ စုစုပေါင်း ကျပ်သိန်း(၂၁၃၇၀၀၀၀)ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် သားသတ်နှင့် အသားထုတ်လုပ်ခွင့်လက်မှတ်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)
Powered by Blogger.