Wednesday, September 11, 2019

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်




"လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်" ဆောင်ပုဒ်နှင့်အညီ လာမည့်စက်တင်ဘာ (၁၃) ရက်နေ့တွင် တစ်နိုင်ငံလုံးကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာ (၁၁) ရက် နံနက် (၉) နာရီက သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ဟိုပုံးမြို့နယ်တွင် လူကုန်ကူး ခံရမှုနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်အတွင်း၊ ဘော်ကုန်းကျေးရွာအုပ်စု၊ ယုတ်ကျေးရွာမှ (၁)ဦးရှိခဲ့ကြောင်း၊ ဟိုပုံးမြို့နယ်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ ဟောပြောပွဲများ လစဉ်ပြုလုပ် လျက်ရှိကြောင်း ပြည်သူများသိကြသည့် လူကုန်ကူးခံရခြင်း၊ လူမှောင်ခိုပြုလုပ်ခြင်းဆိုသည်မှာ တစ်ခုနှင့်တစ်ခု မတူညီပါကြောင်း၊ လူကုန်ကူးဆိုသည်မှာ လူတစ်ဦးဟာမိမိရဲ့ ကိုယ်ကျိုးစီးပွားတစ်ခုထဲအတွက် တစ်ခြားသူတစ်ဦးရဲ့ ကိုယ်ခန္ဓာ (သို့မဟုတ်) လုပ်အားကို ခေါင်းပုံဖြတ်ပြီး အကျိုးအမြတ်ရယူခြင်းပဲ ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပွား နေသော လူကုန်ကူးမှုအမျိုးအစားများတွင် တရုတ်နိုင်ငံနှင့် အများဆုံးပတ်သက်နေပြီး တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် မြန်မာအမျိုးသမီးများအား ရောင်းစားခြင်း၊ တရုတ်နိုင်ငံ သို့ မွေးစားရန်ကလေးများအားရောင်းစားခြင်း၊ ထိုင်းငါးဖမ်းလှေများတွင် အဓမ္မခိုင်းစေရန် ရောင်းစားခြင်း၊ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအလွဲသုံးစား ပြုခြင်းနှင့် ကလေးများကို ကြမ်းတမ်းပြီး အန္တရာယ်ရှိသောအလုပ်များ ခိုင်းစေခြင်းတို့ ဖြစ်ပွားလျက်ရှိပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုခံရနိုင်မည့် မသင်္ကာဖွယ်ရာ၊ သံသယရှိဖွယ်တစ်စုံတစ်ရာရှိပါက နီးစပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရဲစခန်းများတွင် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ဟိုပုံးမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ ဒုရဲမှူးကိုဦးက လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ ဒုမြို့နယ်ဉပဒေအရာရှိ ဒေါ်အေးအေးငြိမ်းက လူကုန်ကူးဉပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာကျောင်းများမှ ၂၀၁၉ ခုနှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် ဒေသဖွံ့ဖြိုးရေး လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများ၊ လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများကို တက်ရောက်လာသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)
Powered by Blogger.