Thursday, July 4, 2013

ဝတ်စားဆင်ယင်မှု


တိုင်းရင်းသားလူမျိုးများဖြစ်ကြသည့် ရှမ်း၊ ကချင်၊ အင်းသား၊ တောင်ရိုး၊ ကယား၊ ၀နှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ၀တ်စုံမှာ နည်းနည်း စီဆင်းလာသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာကဲ့သို့ ၀တ်ဆင်ကြလေသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင်ဝတ်စုံကို အများဆုံးဝတ်ဆင်ကြသည်။ အနက်ရောင်ကို ၀တ်ဆင် ကြခြင်းမှ အနက်ရောင်သည် အပူကိုစုတ်ယူနိုင်ခြင်း၊ အေးမြသောရာသီဥတုဒဏ် ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှု သက်သာခြင်း စသည်တို့ကြောင့်ဖြစ်မည်ဟု ယူဆရပေသည်။

ရာသီဥတုဒဏ်ကို ခံနိုင်သည်ဟုဆိုသဖြင့် ပအိုဝ်းတိုင်းရင်းသားတို့သာမက အခြားတိုင်းရင်းသားများပါ အရောင်ကို မ၀တ်ဆင် ကြသလောဟု မေးစရာ ရှိပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည်

ပိုမိုမြင့်မားသော တောင်ထိပ်များတွင် နေထိုင်ကြသောကြောင့် တောင်ပေါ်ဒေသသည် မြေနိမ့်အရပ်ထက် အနွေးဓာတ် နည်းပါး၏။ ထို့ကြောင့်အနက်ရောင်ရှိသော အ၀တ်အစားများကိုဝတ်ဆင်ကြခြင်းဖြစ်မည်ဟုယူဆရပေ သည်။ ရှမ်းပြည်နယ် တွင် အနက်ရောင်အ၀တ်အစားကို ၀တ်ဆင်ကြသူများမှာ ပအိုဝ်း၊ တောင်ရိုး၊ လီရှောစသည့် တိုင်းရင်းသားများပင်ဖြစ်သည်။ အရောင်တူသော်လည်း ၀တ်စားဆင်ယင်ပုံချင်းကွာလေသည်။

ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြသဖြင့် အေးမြသော တောင်ပေါ်ဒေသတွင် နေ့စဉ်ရွှံ့များ၊ မြေများပေကျံမှုကိုတွေ့ကြုံကြရ၏။

အနက်ရောင်ကို ၀တ်ဆင်ထားခြင်းဖြင့် ပေရေမှုကိုသက်သာစေသည်။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင် အရောင်သဖွယ်ဖြစ်နေပေသည်။

ပွဲနေပွဲထိုင် ၀တ်စုံများကိုလည်းအနက်ရောင်ဖြင့်သာ ချုပ်လုပ်ဝတ်ဆင်ကြ၏။ ၀တ်ဆင်ရာတွင်လည်း အဖိုးထိုက်တန်သော အမျိုးအစားများကိုသာ ၀တ်ဆင်ကြသည်။ အထူးသဖြင့် သက္ကလပ်အနက်များကို ၀တ်ဆင်ကြ၏။ ရှေးက အနက်ရောင်ရှိသော ပိုး၊ ဖဲများကိုပင်ဝတ်ဆင်ခဲ့ ကြ၏။ အမျိုးသားဝတ်စုံသည် ကာလတန်ဖိုးအားဖြင့် ကျပ် ၅၀၀၊ အမျိုးသမီးဝတ်စုံသည် ကျပ် ၇၀၀
လောက်ရှိ၏။ ဤမျှတန်ဖိုးရှိသော ပွဲနေပွဲ ထိုင်ဝတ်စုံမျိုးကို ဆင်ရဲနွမ်းပါးသူများပင် တစ်စုံစီရှိအောင် ၀ယ်ထားကြ၏။

အမျိုးသားရော အမျိုးသမီး ၀တ်စုံများကိုပါမိမိတို့ကိုယ်တိုင်မချုပ် လုပ်တတ်သဖြင့် ၀ယ်ယူကြလေသည်။ ပအိုဝ်းတိုင်းရင်းသား တို့သည် အနက်ရောင်ကိုညီညာစွာဝတ်ဆင်ကြသဖြင့် ဂုဏ်တုဂုဏ်ပြိုင်များကင်းသည်ကိုတွေ့ရပေသည်။

ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ဝတ်ဆင်သော အ၀တ်အစားအနက်ကို ကိုယ်တိုင်ရက်လုပ် ၀တ်ဆင်ခဲ့ကြ သည်။ ၀ါကို ကိုယ်တိုင်စိုက်၍ ကိုယ်တိုင်ဖန်ကာကိုယ်တိုင်ဗိုင်းငင်ရသည်။

ဝါချည်ဖြင့်ပင် အထည်ရက်လုပ်ကြသည်။ ၀ါချည်ဖြင့်ရက်လုပ်ထားသော အဖြူရောင်ချည်ထည်ကို အနက်ရောင်ဆိုးယူကြ သည်။

အနက်ရောင်ဆိုးပုံမှာ မဲနယ်ပင်၏အရွက်များကိုခူးယူ၍ ပုံးသို့မဟုတ် အိုးထဲတွင်ထည့်ကာ လေးငါးည စိမ်ထားရသည်။ မဲနယ် ရွက်များ ပုပ်လာသောအခါ ထုံးဖြင့်ရော၍ချေရသည်။

ချေပြီးသော မဲနယ်ရွက်ကိုမူပစ်လိုက်သည်။ ထုံးနှင့်မဲနယ်ရွက်တို့ရောနယ်ထားသော အရည်ကို အဖြူရောင် အမြှုပ်ထွက်သည် အထိမွှေပေးရသည်။ ထိုနောက် အနည်ထိုင်အောင်ထားပြီး၊

အပေါ်မှ အရည်ကြည်ကိုသွန်ထုတ်လိုက်သည်။ ကျန်ရှိသောအနယ်မှာ အနက်ရောင်ရှိလေသည်။

တစ်ဖန် ပအိုဝ်းအခေါ်မုံးရွက် (အမွေးရှိသော အရွက်တစ်မျိုး) ကိုပြာဖြင့်ရောပြီး သုံးညခန့် စိမ်ရသည်။ ဤမုံးရွက် ကို ပြာဖြင့် ရောပြီး သုံးညခန့်ရေစိမ်ရသည်။ သုံးညခန့်ရေစိမ်ပြီးနောက်

မုံးရွက်များကို အရည်ရအောင် ညှစ်ယူ၏။ ထိုအရည်ကိုစောစောကပြုလုပ်ထားသော အနည်းဖြင့် သုံးညခန့်ပြန်စိမ်ရသည်။

ထိုအရည်ကို တုတ်ချောင်းဖြင့်မွှေ၍ အ၀ါရောင်အရည်ဖြစ်လာပါက ဆေးဆိုနိုင်လေသည်။ ထိုသို့တုတ်ချောင်းဖြင့်မွှေရာတွင် အရည် မှာအ၀ါရောင်ရှိသော်လည်း အမြှုပ်မှာအပြာရောင်ရှိလေသည်။

တုတ်ချောင်းဖြင့်မွှေရာတွင် အမြှပ်မထွက်ပါက အရောင်းဆိုး၍မရသေးပေ။ ဤအရည်ကို ရသောအခါ ရက်လုပ်ထားသော အဖြူရောင်အထည်ကို ရေဖြင့်လျှော်ပြီး အနက်ရောင် ဆေးဆိုးနိုင်သည်။

တစ်ကြိမ်ဆိုးပြီးတိုင်းရေဖြင့်လျှော်ရ၏။ ထိုနောက် နေလှန်းရ၏။ ခြောက်လာသောအခါ ညနေတွင် တစ်ခါပြန်ဆိုး ပြီး၊ ရေဖြင့်လျှော်ကာ နေတစ်ဖန်ပြန်လှန်းရသည်။ ဤသို့ဖြင့်တစ်နေ့လျှင် နှစ်ကြိမ်ဖြင့် လေးရက်ရှစ်ကြိမ် ဆိုးရပေသည်။

အနက်ရောင်အထည်ကိုရပြီးဖြစ်သော်လည်းဆေးဆိုးသည့်လုပ်ငန်းမပြီးသေးချေ။ ပအိုဝ်းအခေါ် “ စွံ ” ပင်၏အခေါက်ကိုယူ၍၊ သုံးရေ တစ်ရေရအောင် ကျိုရသည်။ ထိုအရည်ကိုအအေးခံပြီး အနက်ရောင်ဆိုးပြီးသောအထည်ကို ဆိုးရသည်။ အခြောက် လှန်းပြီးနောက် ကျွဲသားရေ ကိုအရည်ကျိုပြီး၊ ထိုကျွဲသားရေရည်ဖြင့်ဆိုးရပြန်သည်။ ကျွဲသားရေရည်ဖြင့်မစိမ်ခင်၊ သဲမပါသော အရောင်မွဲသည့် ရွှံ့ထဲတွင်နစ်ပြီးမှ ကျွဲသားရေ ရည်ဖြင့် ဆိုးပါကပို၍နက်သောအရောင်ကိုရရှိသည်။

အနက်ရောင်အထည်ကိုရပြီးသည့်နောက်        ထိုအထည်ကိုရေနွေးငွေဖြင့်ပေါင်းခံရသည်။   ရေနွေးငွေ့ဖြင့်ပေါင်းခံပြီး အခြောက် လှန်းရ၏။ ခြောက်လာသောအခါ ပထမဆုံးအနက်ရောင်စဆိုးသည့်

အရည်ဖြင့် သုံးကြိမ်ဆိုးရသေးသည်။ တစ်ခါဆိုးပြီးတိုင်း အခြောက်လှန်းကာ သုံးကြိမ် ဆိုးရသည်။ ဤအကြိမ်မှာ နောက်ဆုံး အကြိမ် ဖြစ်၏။ ဤအကြိမ်ဆိုးပြီးသောအခါ ပိတုန်းရောင်ကဲ့သို့သော အနက်ရောင်အထည်ကို ရရှိလေသည်။

ရှေးအခါက မိမိတို့ဝတ်ဆင်ရန် အထည်များကို လက်ဖြင့် ချုပ်လုပ်ဝတ်ဆင်ကြ၏။ အထည်ချုပ်ရန် ချည်များကိုလည်း ကိုယ်တိုင် ငင်ယူ ကြသည်။ ပအိုဝ်းအမျိုးသမီးတို့ ဗိုင်းငင်ထားသောချည်များကို ယခုခေတ်အပ်ချုပ်စက်ဖြင့်ပင် ချုပ်နိုင်သည်။ ထို့ကြောင့်ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့ အနက်ရောင်အထည်များကိုဝတ်ဆင်နိုင်ရေးအတွက်ပင်ပန်းစွာ  အဆင့်ဆင့်ဆေးဆိုး ယူရပေသည်။ ယခုအခါတွင်မူ ရှေးကကဲ့သို့ ပင်ပန်းစွာ ဆေးဆိုးမယူရတော့ဘဲ အနက်ရောင် အထည်များကို အလွယ်တကူဝယ်ယူရရှိနိုင်သည်။

ရှမ်းပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် ၀တ်စားဆင်ယင်မှု၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊            စာပေနှင့် ဘာသာစကားမှာ တစ်နေ့တခြားမှုန် ၀ါးပျောက်ကွယ်နေသည်။                    မြေပြန့်နေပအိုဝ်းတိုင်းရင်းသားတို့တွင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ လွှမ်းမိုးလျက် ရှိနေပေသည်။
Powered by Blogger.