Tuesday, July 9, 2013

ပအိုဝ်းလူမျိုးတို့ ၏လက်မှုလုပ်ငန်း

ပအိုဝ်းတိုင်းရင်းသားတို့သည် လက်မှုပညာ အနေဖြင့် နေ့စဉ်သုံးပစ္စည်းများကိုသာ ပြုလုပ်ကြသည်။ လယ်ယာခြံမြေသုံး ပစ္စည်းများကို ထုတ်လုပ်ခြင်း ၊ နွားလှည်း ပြုလုပ်ခြင်း ၊ အိမ်ဆောက်လုပ်ခြင်း ၊ အိမ်တွင်းသုံးဖြစ်သော တောင်း၊ပလိုင်း ၊ ထရံများ ၊ မီးဖိုဆောင်သုံး မြေအိုး မြေခွက်များကို ဒေသရပ်ရွာအလိုက် ပြုလုပ်ကြသည်။ ဒေသသုံးအတွက်သာ အများအားဖြင့် ထုတ်လုပ်ကြ၏။ စီးပွားဖြစ် တင်ပို့ရောင်းချရန်အတွက် မလုပ်ကိုင်ကြပေ။

ပအိုဝ်းတိုင်းရင်းသားတို့ လက်မှုပညာဖြစ်သည့် ပန်းထိမ်မှာလည်းအလွန်လက်ရာ မြောက်လှသည်ကို တွေ့ရ၏။ ပန်းထိမ်ပညာကို ရှေးဘိုးဘေးစဉ်ဆက်ကပင် တတ်မြောက်ခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ပန်းတိမ်လက်ရာကို ဆံထိုး ၊ နားတောင်း ၊ လက်စွပ် ၊ လက်ကောက် စသော လက်ဝတ်ရတနာများကို ကြည့်ခြင်းအားဖြင့် အကဲခတ်နိုင်သည်။ ဆံထိုး ၊ လက်ကောက် ၊ လက်စွပ်များပေါ်တွင် ဖော်ထားသည့် ပန်းခက် ပန်းလက်များ ၊ ဘုန်းတော်ကြီးကျောင်း ၊ ဘုရားတန်ဆောင်းတို့တွင် ပြုလုပ်ထားသည့် ပန်းခက် ပန်းလက်များကို အံ့ဘနန်း တွေ့မြင်နိုင်ပေသည်။
Powered by Blogger.