၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့
အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) “သုဝဏ္ဏ” သောက်ရေသန့်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ၁၃၇၅ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ (၂၁.၈.၂၀၁၃)၊ ဗုဒ္ဓဟူးနေ့ နံနက် (၇း၀၀) နာရီ အချိန်တွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA) စစ်ဌာနချုပ်ရုံး၊ အမှတ် - ဂနရ ၂/၁၀ ကျောက်တလုံးလမ်း၊ ကန်ကြီးရပ်ကွက်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပအိုဝ်းအမျိုးသားတပ်မတော်မှ တာဝန်ရှိသူများ၊ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှလူကြီးမင်းများ၊ ပအိုဝ်းဓမ္မကထိက “မော်” အဖွဲ့မှ လူကြီးမင်းများ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
အခမ်းအနားကို ပအိုဝ်းအမျိုးသားတပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ပီတာထွန်းနိုင်နှင့် ဒုတိယ ဗိုလ်မှူးကြီး ခွန်လာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဗိုလ်မှူးကြီး ခွန်လာမှ တပ်ဖွဲ့ဝင်များ သက်သာချောင်ချိရေးအတွက် တဖက်တလမ်းမှ ထောက်ပံ့ပေးနိုင်ရန် ယခု သောက်ရေသန့် စက်ရုံကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သုဝဏ္ဏ သောက်ရေသန့်စက်ရုံအား အပြည်ပြည်ဆိုင် စံသတ်မှတ်ရေးအဖွဲ့ (ISO) လက်မှတ် တရားဝင်ရရှိထားသော ကုမ္ပဏီထံ စက်ပစ္စည်းများ မှာယူထားသည့်အပြင် ၄င်းကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်များ ကိုယ်တိုင် လာရောက်ထပ်ဆင်ပေးထား၍ အရည်အသွေး ပြည့်မှီပြီး ယုံကြည်စွာ သောက်သုံးနိုင်ကြောင်း အကျယ်တ၀င့် ပြောကြားသွားပါသည်။
ထို့နောက် စက်ရုံဖွင့်ပွဲသို့ ကြွရောက်လာကြသော ဧည့်သည်တော်များအား သုဝဏ္ဏ သောက်ရေသန့်မှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး၊ ဧည့်သည်တော်များမှ သောက်ရေသန့် ထုတ်လုပ်မှု အဆင့်ဆင့် တို့ကို လေ့လာကြပါသည်။
ထို့နောက် ကြွရောက်လာကြသော ဧည့်သည်တော်များအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ခွန်ခမ်းမြတ် (တောင်ကြီး)
Like On Facebook
Follow On Twitter
Subscribe On RSS